..............................

Sunday, August 22, 2010

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေ

ဇာနည်မာန်
Saturday, August 21, 2010

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ် နှင့် ဓာတ်ပုံများကို တက်ကြွ လှုပ်ရှားသူ လူငယ် တစုက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တချို့တွင် ယမန်နေ့ညက ဖြန့်ဝေကြောင်း သတင်းရ ရှိသည်။

“နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသလို မဲမပေးခွင့်လည်းရှိတယ်” “မဲရုံမသွားနဲ့ မဲမပေးနဲ့” အစရှိသည့် စာသားများ ပါရှိသော ဓာတ်ပုံ၊ ပို့စကတ်များကို လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတ မြို့နယ်၊ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်တိုက်များသို့ အဓိကထား ဖြန့်ဝေခဲ့ပြီး သံဃာတော် များကလည်း ကူညီ ဖြန့်ဝေ ပေးခဲ့သည်ဟု ဖြန့်ဝေသည့် လူငယ်အဖွဲ့က ပြောသည်။

“အဓိကကတော့ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ တွန်းပို့မယ့်၊ စစ်ကျွန်စနစ် ရှည်စေမယ့် ရွေးကောက်ပွဲ ဖြစ်တယ် ဆိုတဲ့ အချက်ကို သံဃာတော်တွေ ကနေတဆင့် သူတို့ ဆွမ်းခံကြွတဲ့ ပြည်သူတွေဆီကို ရောက်သွားဖို့၊ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ရည်ရွယ်ပါတယ်”ဟု လူငယ်တဦးက ပြောဆိုသည်။

အဆိုပါ လူငယ်များအနေဖြင့် တခြားမြို့နယ်များသို့လည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်း၊ ဓာတ်ပုံ၊ ပိုစတာ များ ဆက်လက် ဖြန့်ဝေ သွားမည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်များ ရသည့်ပြည်သူများကမူ မဲပေးရန် ဆန္ဒမရှိကြောင်းနှင့် မဖြစ်မနေ မဲပေးရမည် ဆိုပါကလည်း မည်သူ့ကို ပေးရမည်မှန်း မသိကြောင်း ပြောဆိုကြသည်။

ရန်ကုန်မြို့ခံတဦးက “အစကတော့ မဲသွားပေးရရင် ဘယ်လိုလုပ်ရမလဲပေါ့။ ကျနော်တို့ဆီကို မနက်တိုင်း ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေ ဆီကနေ မဲမပေးဖို့ အခွင့်အရေးလည်း ရှိတယ်ဆိုတာ သိရတော့ သွားမပေးတော့ဘူးဗျာ။ ဒါပေမယ့် သူတို့က သူတို့ နိုင်အောင် လုပ်ထားပြီးသား နေမှာပါပဲ”ဟု ပြောသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု ထုတ်ပြန် ကြေညာထားပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း ကလည်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် တိုက်တွန်းမှုများ ရှိနေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကမူ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန်၊ တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်ရန် တိုက်တွန်းသည့် ရွှေဂုံတိုင် ကြေညာ စာတမ်းကို လက်ကိုင်ထား၍ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းလည်း မပြုသည့် အပြင် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်၍ မဲပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များ အနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့် ရှိကြောင်း ပြီးခဲ့သည့်လ အတွင်း ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။။

မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း ရွေးကောက်ပွဲသည် စစ်အစိုးရ တဖက်သတ် ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲ ဖြစ်သည့်အတွက် တရားမျှတမှု ရှိမည် မဟုတ်ကြောင်း ဝေဖန် ပြောဆိုကြသည်။

ပြည်တွင်းရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများက ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို နိုင်ငံတ၀န်း လုပ်ဆောင်နေကြ ရာ ပြီးခဲ့သည့် အပတ်ကလည်း Generation Wave အဖွဲ့က ရန်ကုန်တိုင်းအတွင်း လူစည်ကားရာ အရပ်များတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး နံရံကပ်စာစောင်များ ဖြန့်ဝေ ခဲ့သေးသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း အမည်မသိသူများ ဖြန့်ဝေထားသည့် လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ နံရံကပ် စာစောင်များကို လူစည်ကားရာ အရပ်များတွင်သာမက ကျောက်ဖြူမြို့ ပတ်ဝန်းကျင်ရှိ ရွာများတွင်ပါ တွေ့ရှိခဲ့ ကြောင်း သိရသည်။

ထို့အတူ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွင်းရေးမှူး၏ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်ကိုလည်း ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဒေသခံများက အလိုမရှိကြောင်း ပိုစတာများ ကပ်၍ ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဆက်လက် တည်ထောင်ခွင့်နှင့် တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေး ပါတီ ၄၇ ပါတီ ရှိသည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၄၂ ပါတီ ရှိပြီး ပါတီ ၄၁ ပါတီ ကို မှတ်ပုံတင် ချပေးပြီး ဖြစ်သည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် USDP ပါတီသည် ယမန်နေ့က နိုင်ငံတ၀န်း ပါတီရုံးများ ဖွင့်လှစ်ခဲ့သည်။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့