..............................

Thursday, August 26, 2010

အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို

NEJ / ၂၅ သြဂုတ် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထု အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာ ရှိကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် ပြောကြားလိုက်သည်။

စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည့်အတွက် ပြည်သူလူထု အနေဖြင့် မည်သည့် ပါတီကို မဲပေးရမည် ဆိုသည်ကို မသိရှိတော့ဘဲ လမ်းပျောက် သွားသည်ဟူသည့် မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဖြေကြား လိုက်ခြင်းဖြစ်သည်။

“အန်အယ်လ်ဒီကို မဲပေးလိုတယ်။ အန်အယ်လ်ဒီ မရှိတော့ ဘယ်သူ့ကို မဲပေးရမလဲ ပြည်သူတွေက မေးနေကြတယ် ဆိုတဲ့ အဖြေကို ဒေါ်စုက ဒီမေးခွန်းရဲ့အဖြေကို ပြောပါတယ်။ အန်အယ်လ်ဒီကိုပဲ မဲပေးချင်တယ်။ အန်အယ်လ်ဒီ မရှိရင် မပေးနဲ့ပေါ့လို့ ဒေါ်စုက ဖြေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက အန်အယ်လ်ဒီ ရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ပြောပြခြင်းဖြစ်သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့ တွေ့ဆုံမှုတွင် ပြောဆိုသည့် ရွေးကောက်ပွဲ အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်တို့ကို ယနေ့ နေ့လယ်ပိုင်းတွင် အန်အယ်လ်ဒီ ရုံးချုပ်၌ ပြည်တွင်း ပြည်ပ သတင်းထောက်များနှင့် အန်အယ်လ်ဒီ ပါတီဝင် (၅၀) ခန့်တို့အား ဦးဉာဏ်ဝင်းက ပြန်လည် ရှင်းလင်း ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သည့်အတွက် မဲပေးလိုသော ပြည်သူလူထု လမ်းပျောက် ရသည် ဟူသည့် မေးခွန်းမျိုးမှာ ပြည်သူလူထု၏ မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး လှည့်ဖြားခြင်းသာ ဖြစ်သည့်အတွက် ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည် ဟုလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ရွေးကောက်ပွဲကာလကို အချိန်တိုအတွင်း လုပ်ဆောင်နေမှုမှာ စစ်အစိုးရအနေဖြင့် တရားမျှတမှု လုံးဝ မရှိသည့် အပြင် ပြည်သူလူထု ကိုလည်း မလေးစားရာ ရောက်ကြောင်း၊ သတင်းရယူ ထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့် မရှိသည့် ရွေးကောက်ပွဲသည် တရားမျှတမှု လုံးဝ ရှိမည် မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ပေါ်ထွက်လာမည့် အစိုးရသည် လွှတ်တော်က ထိန်းကျောင်းနိုင်သည့် အစိုးရ မဟုတ်ဘဲ သမ္မတကသာ လွှမ်းမိုးမည့် အစိုးရတရပ်သာ ဖြစ်လာမည်ကိုလည်း ပြည်သူများ လေ့လာသင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “နောက်တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တရားမျှတမှု မရှိတဲ့ အချက်တွေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေမှာ တရားမျှတမှုမရှိတဲ့ အချက်တွေကို ပြည်သူတွေ သိအောင် တတ်နိုင်သမျှ လုပ်ကြဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါတွေကို မသိဘဲ မဲဆန္ဒရှင် တယောက်က မဲပေးလို့ရှိရင် အဲဒီမဲက ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ဒေါ်စုက ပြောပါတယ်” ဟု ရှင်းလင်း ပြောဆိုသွားသည်။

ထို့အပြင် တရားမျှတမှု မရှိသည့် ဖွဲ့စည်းပုံဥပဒေအား မလိုက်နာသူများကို မင်းမဲ့ စရိုက်များဟုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်ကြောင်း ဦးဉာဏ်ဝင်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့