..............................

Tuesday, August 24, 2010

ဗကပ က ဘုံလုပ်ငန်းစဉ်အတွက် တိတ်တဆိတ် ညှိနှိုင်းလို

ကိုဝိုင်း
တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီ အစိုးရ ဖွဲ့စည်းရေး ပါဝင်သည့် ဘုံလုပ်ငန်းစဉ် တခုအား အဖွဲ့အစည်းများနှင့် တိုးတိုးတိတ်တိတ် ဆွေးနွေး ညှိနှိုင်းလိုကြောင်း ယခုလ ၁၈ ရက်နေ့က ထုတ်ပြန် တင်ပြခဲ့သည်။

ကြံ့ဖွံ့ပါတီ အနိုင်ရရေးကိုသာ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲကို လက်မခံသည့် ဗကပ က “အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ် Minimum Common Programme” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်ပြီး ပြည်သူ့အင်အား People Power စုဆောင်းရေးကို “ရည်မှန်းချက်” ထားရမည် ဟုလည်း ဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ငွေကြေးအဆင်ပြေပြီး စစ်အစိုးရ ကျောထောက်နောက်ခံ ရထားသော ကြံ့ဖွံ့ပါတီကသာ အမတ် အများစု ရသွားမည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများကလည်း ပြောဆိုနေကြသည်။

ရွေးကောက်ပွဲအပြီး၌ လူထုလှုပ်ရှားမှုကြီးကို ဖော်ဆောင်၍ အရှိန်ရလာပြီး သင့်လျော်သည့် ကာလ တခုတွင် ၁၉၉ဝ အနိုင်ရ NLD နှင့် CRPP တို့က “ယာယီအစိုးရ” ဖွဲ့သင့်ကြောင်း ဗကပက အကြံပြုထားသည်။

ဗကပ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက “အရင်ဆုံးလုပ်ရမယ့်ဟာက ပြည်သူလူထု ထောက်ခံမှုရတဲ့ လှုပ်ရှားမှုကြီး တခု ဖြစ်လာဖို့ပါ။ ပြည်သူ ထောက်ခံမှု မရှိရင် ပြိုကွဲသွားမှာပဲ။ နအဖ စစ်အုပ်စုရဲ့ အုပ်စိုးမှု အောက်မှာပဲ မြေအောက် သဏ္ဌာန်နဲ့ရော မြေပေါ် သဏ္ဌာန်နဲ့ပါ ပြန်ပြီး လုံးပန်း ကြရမှာပါ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်ကမူ “ယာယီ အစိုးရ” ဖွဲ့စည်းရေး ကိစ္စ ပြောရန် အချိန်စောသေးသည် ဆိုသော်လည်း ရွေးကောက်ပွဲပြီးလျှင်လည်း ပြည်သူများ ပေးထားသည့် ၉ဝ ပြည့် ရလဒ်ကို ဆက်လက် ကိုင်စွဲသွား မည်ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံသို့ ဦးဆောင်ပေးမည့် လုပ်ငန်းစဉ်တရပ် မဟုတ်ဟု သုံးသပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ဟု ရွေးကောက်ပွဲကို သပိတ်မှောက်သည့် CRPP က ယုံကြည် ထားသည်။

ရွေးကောက်ပွဲပြီးသော်လည်း ပြည်သူနှင့် နအဖကြား၊ တိုင်းရင်းသား အင်အားစုနှင့် နအဖ ကြား၊ နအဖနှင့် နိုင်ငံတကာ ကြားရှိ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူပြီး ဆက်လက် ကြိုးပမ်းသွားမည်ဟု ဦးအေးသာအောင်က ဆိုသည်။

“အဲဒီမှာ ပြည်သူတွေ ပါလာအောင် ပြည်သူတွေနဲ့လက်တွဲမယ်။ ပြည်သူတွေဟာ စီးပွားရေးအရ ကျပ်တည်း သထက် ကျပ်တည်း လာတယ်။ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ဆန့်ကျင် တိုက်ပွဲ ဝင်ကြဦး မယ်” ဟု ဦးအေးသာအောင် ကပြောသည်။

NLD အနေဖြင့်လည်း မြို့နယ်၊ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းပြီး ပါတီကျစ်လစ် ခိုင်မာရေး တည်ဆောက်နေပြီး အခြား အင်အားစု များနှင့်လည်း ဆက်စပ်စည်းရုံး လှုပ်ရှားနေကြောင်း၊ ရွေးကောက်ပွဲ အပြီး၌လည်း လှုပ်ရှား နေဦးမှာ ဖြစ်ကြောင်း ထောက်ပြသည်။

ဗကပ၏ “အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်” တင်ပြချက်အတွင်း၌ လက်ရှိစစ်ခေါင်းဆောင်များနှင့် ဆွေးနွေး မှုသည် “ကျွဲပါးစောင်းတီး” သာဖြစ်သဖြင့် တပ်မတော်အား ပြုပြင်လိုသည့် အရာရှိ အရာခံများကို “စေ့စပ် ဆွေးနွေးဘက်” အဖြစ် စည်းရုံးရမည် ဟုဆိုသည်။ သို့သော် အသေးစိတ်ကို ကြိုတင်ပြော ရန် မဖြစ်နိုင်ကြောင်း ရဲဘော် ဖိုးသံချောင်းက ပြောသည်။

သို့သော် ယခုနှစ် ရွေးကောက်ပွဲမှ ရွေးချယ်ခံရမည့် အမတ်များနှင့်ပတ်သက်၍မူ “အဲဒီလှုပ်ရှား မှုကြီးမှာ သူတို့ ဘယ်လို ပါဝင်မလဲ။ သေချာတာ တခု ကတော့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နိုင်တယ်ဆိုပြီး သူတို့ကို နေရာပေးမယ် ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒီဟာက ၂ဝ၁ဝ နဲ့ လုံးဝမဆိုင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်” ဟု သူကဆိုသည်။

ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးခံမည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကမူ သပိတ်မှောက်ပြီး လူထုလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာရေး ဆက်လက် ကြိုးပမ်းရမည် ဆိုသည့် ယူဆချက်များနှင့် မတူပဲ လွှတ်တော် အတွင်းမှသာ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဆုံးဖြတ်ထားသည်။

“ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်ရမှာပေါ့။ ကျနော်တို့လည်း ရွေးကောက်ပွဲပြီးလည်း ကိုယ့် နည်းကိုယ့်ဟန်နဲ့ လွှတ်တော် အားဖြင့် လုပ်ရမှာပဲလေ။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ သွားတဲ့လမ်းမှာ အဝေးကြီး လိုသေးတာကိုး” ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ငွေကြေး အခြေအနေကြောင့် အမတ်လောင်း ၁ဝဝ ဝန်းကျင်သာ တင်သွင်းနိုင်မည်ဟု ဆိုသည့် ဒီမိုကရက်တစ် ပါတီက သူတို့ ပါတီနည်းတူ အခြားပါတီများလည်း အခက်ခဲ ကြုံနေရသဖြင့် လွှတ်တော် အတွင်း၌ ကြံ့ဖွံ့ ပါတီကသာ အမတ်အများစု ရသွားမည်ဖြစ်ကြောင်း ယမန်နေ့က “ရွေးကောက်ပွဲ ကြေညာစာတမ်း” ထုတ်၍ ဖော်ပြထားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ပါတီများ ယှဉ်ပြိုင်ရမည့် အမတ်ဦးရေမှာ ပြည်သူ့လွှတ်တော် အတွက် ၃၃ဝ ၊ အမျိုးသား လွှတ်တော် အတွက် ၁၆၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အတွက် ၆၈၉ ဦး ဖြစ်ပြီး စုစုပေါင်း ၁၁၈၇ ဦး ရှိ မည်ဖြစ်သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့