..............................

Tuesday, August 24, 2010

ဦးရွှေအုံး ကွယ်လွန်သော်လည်း ၎င်း၏ပါတီ ဆက်လက်လှုပ်ရှားမည်

မျိုးချစ်သူ
၂၃ သြဂုတ် ၂၀၁၀

ပြည်ထောင်စုစစ်စစ်မူကို သေသည့်တိုင် ကိုင်စွဲခဲ့သည့် ဝါရင့် ရှမ်းနိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်သည့် ဦးရွှေအုံး၏ ဈာပနာသို့ နိုင်ငံရေး ခေါင်းဆောင်ကြီးများ တက်ရောက်ခဲ့သည်။

ဦးရွှေအုံးသည် သြဂုတ် (၂၀) ရက် ညနေ (၄) နာရီကျော်တွင် ရန်ကုန်မြို့၊ စမ်းချောင်း၊ ရှင်စောပုလမ်း နေအိမ်တွင် အသည်း ကင်ဆာဖြင့် ကွယ်လွန် ခဲ့ခြင်းဖြစ်ပြီး ဦးရွှေအုံး၏ ရုပ်အလောင်းအား သြဂုတ် (၂၂) ရက် ယမန်နေ့တွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

အဆိုပါ ဈာပနသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦး၊ နိုင်ငံရေးသမား ဟောင်းကြီး သခင်ချန်ထွန်း၊ ၀ါရင့် နိုင်ငံရေး သမားများနှင့် ပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးရွှေအုံး ကွယ်လွန်သည့်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူက သူ့ကျွန်ဘ၀ ရောက်ခဲ့ရသည့် ရှမ်းပြည် အပါအ၀င် တောင်တန်းမြေပြန့် ဒေသတို့ကို အတူတကွ ပူးပေါင်းလက်တွဲကာ လွတ်လပ်ရေး တန်းတူ ရရှိရန် ကြိုးပမ်းခဲ့သည့် တိုက်ပွဲဝင် မျိုးချစ်ပုဂ္ဂိုလ်တဦး ကွယ်လွန်သည့်အတွက် ဒီမိုကရေစီ ဘက်တော်သားများ အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း ပြောကြားသည်။

“ကျနော်တို့အနေနဲ့ အဘဦးရွှေအုံး ကွယ်လွန်ပေမယ့် ဒီမိုကရေစီပန်းတိုင်ကို သွားနေတဲ့သူတွေ အဖို့ မရောက်မချင်း သွားကြရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိမ်းနှင့် ဥက္ကဋ္ဌသစ် ဦးသိန်းဌေးတို့လည်း ဈာပနသို့ တက်ရောက် ကြခဲ့ကြပြီး ဦးသိန်းဌေးက ဦးရွှေအုံး ဖြစ်စေချင်သော ပြည်ထောင်စု စစ်စစ်မူကို ၎င်းတို့ပါတီ အနေဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။

“အဘ ဖြစ်စေချင်တဲ့ ပြည်ထောင်စု တိုင်းရင်းသားတွေ အားလုံး တညီတညွတ်တည်း လွတ်လပ်တဲ့ ဒီမိုကရေစီ တိုက်ပွဲကို ဆက်လက် ဆောင်ရွက် ပါဝင်သွားမှာပါ” ဟု ၎င်းက ပြောသည်။

၁၉၃၆ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ပထမ ကျောင်းသားသပိတ် ဖြစ်ပွားချိန်တွင် အသက် (၁၃) နှစ်သား အရွယ်သာ ရှိသေးသည့် ဦးရွှေအုံး ပါဝင်ခဲ့ပြီး ရှစ်တန်း ကျောင်းသား အရွယ်ကပင် တောင်ကြီးမြို့ ကျောင်းသားများ ညီညွတ်ရေး အသင်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့သူဖြစ်ကာ ဂျပန်ခေတ်အတွင်း ရှမ်းပြည် မြောက်ပိုင်း အာရှလူငယ် ခရိုင် စည်းရုံးရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် လွတ်လပ်ရေး မော်ကွန်းဝင် တတိယ အဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့တွင် ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တောင်ကြီးမြို့တွင် ဗိုလ်ချုပ် ဆေထင်တို့နှင့် အတူ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရကာ ယင်းနောက် လွတ်မြောက်လာပြီး ပြည်ထောင်စု ဒီမိုကရေစီ ပါတီတွင် နာယကအဖြစ် တာဝန် ယူခဲ့သူဖြစ်သည်။ ဦးရွှေအုံးသည် ကွယ်လွန်ချိန်တွင် (၈၉) နှစ်အရွယ် ရှိပြီဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့