..............................

Wednesday, July 7, 2010

သဘာဝဓာတ်ငွေ့မှ ရရှိငွေ မြန်မာ နျူကလီးယားအတွက် ဖြစ်နေ

NEJ / ၀၆ ဇူလိုင် ၂၀၁၀

မြန်မာစစ်အစိုးရ အာဏာပိုင်များသည် အမေရိကန်ပြည်ထောင်စုမှ ရှယ်ဗရွန်ကုမ္ပဏီ၊ ပြင်သစ်မှ တိုတယ်ကုမ္ပဏီတို့ ထံမှ ရရှိသည့် သဘာဝ ဓာတ်ငွေ့ ရောင်းချငွေများကို နျူကလီးယား လက်နက် ထုတ်လုပ်ရေး အတွက် အသုံးပြုနေသည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး Earth Rights International (အီးအာအိုင်) က ပြောကြားသည်။

ယင်းအဖွဲ့ကြီးက ဇူလိုင် (၅) ရက်ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာစစ်အစိုးရသည် အဆိုပါ ကုမ္ပဏီကြီး (၂) ခု အပါအ၀င် ထိုင်းရေနံ ကုမ္ပဏီ PTTEP တို့နှင့် ပူးတွဲ လုပ်ကိုင်နေသည့် မြန်မာ့ကမ်းလွန် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဒေါ်လာငွေသန်းပေါင်း ထောင်ချီ ရရှိနေသည်ဟု အထောက်အထား အကိုးအကားများဖြင့် ဖော်ပြထားသည်။

အဆိုပါ အမေရိကန်၊ ပြင်သစ်နှင့် ထိုင်းရေနံကုမ္ပဏီကြီး (၃) ခုတို့နှင့် ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်း လုပ်ကိုင်နေသည့် ဓာတ်ငွေ့ စီမံကိန်းမှ ဒေါ်လာ သန်း (၉) ထောင် ရရှိခဲ့ပြီး ထိုငွေပမာဏ ထက်ဝက်ကျော်ခန့်မှာ မြန်မာ စစ်အစိုးရထံသို့ ရောက်ရှိသည်ဟု အီးအာအိုင်က ပြောဆိုထားသည်။

ထိုကုမ္ပဏီများသည် ကမ္ဘာပေါ်တွင် နျူကလီးယား ခြိမ်းခြောက်မှုအသစ် ဖြစ်ပေါ်လာစေရန် ငွေကြေး ဒေါ်လာသန်း ထောင်ပေါင်း မြောက်မြားစွာကို ကူညီ နေကြသည်ဟုလည်း အီးအာအိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသည့်ငွေများကြောင့် မြန်မာစစ်အစိုးရ အနေဖြင့် အာဏာရှင်စနစ် ဆက်လက် ရှင်သန်စေရေးနှင့် နျူကလီးယား လက်နက် ထုတ်လုပ် နိုင်ရေးတို့ကို ပြုလုပ် နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

အီးအာအိုင်အဖွဲ့ကြီးက စုံစမ်းထောက်လှမ်းမှုများအရ မြန်မာစစ်အစိုးရက သဘာဝဓာတ်ငွေ့ ရောင်း၍ ရသောငွေများသည် စင်ကာပူရှိ ပုဂ္ဂလိက ဘဏ် (၂) ခုသို့ ရောက်သွားသည်ကို တွေ့ရှိရကြောင်း၊ ထိုငွေများကို လက်နက်နှင့် နျူကလီးယား နည်းပညာများ ၀ယ်ယူရန် သုံးစွဲ နိုင်ကြောင်းလည်း တင်ပြထားသည်။

အဆိုပါကုမ္ပဏီများထံ မြန်မာစစ်အစိုးရအား ငွေပေးချေမှုစာရင်းဇယား အသေးစိတ်ကို ထုတ်ပြန်ပေးရန် တောင်းဆို ခဲ့သော်လည်း ရှယ်ဗရွန်နှင့် တိုတယ်ကုမ္ပဏီတို့က ၎င်းတို့ အနေဖြင့် ပြင်ပသို့ အသေးစိတ် ထုတ်ပြန်ခွင့် မရှိဟု ပြောဆိုကြောင်း အီအာအိုင် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

ရှယ်ဗရွန်ကုမ္ပဏီက ၎င်းတို့အနေဖြင့် လုပ်ငန်းလုပ်ဆောင်နေသည့် နိုင်ငံ၏ လူ့အခွင့်အရေးများကို လေးစားပါကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် သဘာဝ ဓာတ်ငွေ့မှရရှိသည့် ၀င်ငွေများနှင့် ပတ်သက်၍ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အပေါ် အလေးထား အာရုံစူးစိုက်ရန် အချိန် ကျရောက်ပြီ ဖြစ်ကြောင်းလည်း အီးအာအိုင် အဖွဲ့ကြီးက အစီရင်ခံစာတွင် တိုက်တွန်း ထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့