..............................

Friday, July 9, 2010

တရုတ်မဟာဗျူဟာနဲ့မြန်မာ

ဦးအောင်ခင် / ၀၉ ဇူလိုင် ၂၀၁၀

မြန်မာတပြည်လုံး အတိုင်းအတာနဲ့ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေဟာ ပြည်ပမှာ မြစ်ဖျားခံတာများတယ်။ တရုတ်ပြည် ဂန်စု ဒေသမှာ နေထိုင်တယ်လို့ ယူဆရတဲ့ မြန်မာတွေ ကျောက်ဆည်နယ်ကို ၀င်ရောက် လာချိန်က စပြီး မြန်မာပြည်တွင်းမှာ အခြေအနေတွေ ပြောင်းလဲ ခဲ့ပုံကို ခေတ်ဟောင်း သမိုင်းဆရာတွေဖြစ်တဲ့ ဆရာလူ့စ်၊ ဆရာသန်းထွန်း၊ ဆရာဘရှင်တို့က သုတေသန လုပ်ခဲ့ကြတယ်။ ဒါပေမယ့် (၁၃) ရာစုနှောင်းပိုင်း မွန်ဂို တရုတ်တပ်တွေ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံခေတ် နိဂုံးချုပ်သွားတာကို လူသိများတယ်။ (၁၃) ရာစု မြန်မာနိုင်ငံ မြောက်ပိုင်းကို တရုတ်ပိုင် ‘ချင်မြန်’ ပြည်နယ် အဖြစ် ကြေညာပြီး ပုဂံကို သိမ်းပိုက်ပြီးတဲ့ အခါမှာ မြန်မာပြည် အလယ်ပိုင်းကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်အဖြစ် သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်က မြန်ချွန်ပြည်နယ်ကို တိုက်ရိုက် မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ ဒေသခံ မင်းတွေကိုသာ အုပ်ချုပ်ခိုင်းတယ်။

တရုတ် ‘မင်’ မင်းဆက်ကို မန်ချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက် ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည် ရောက်တရုတ်တွေ စခန်းထကြတဲ့ အတွက် တိုင်းရေးပြည်ရာ အလွန် ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်း လိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီး အပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော် တပ်ဖွဲ့ဟာ ကိုးကန့် ဒေသမှာ အခြေစိုက် နေထိုင်တဲ့အတွက် ကိုးကန့်တရုတ် ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။

၁၉ ရာစုမှာ ပန်းသေးတရုတ် မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့ အခါမှာလည်း ပန်းသေးတရုတ် အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာ ရှိသလို ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ ဆင်းသွား သူတွေလည်း ရှိတယ်။ နယ်ချဲ့ဝါဒီ အင်္ဂလိပ်နဲ့ အဆင်ပြေအောင် မဆက်ဆံတတ်တဲ့ ကုန်းဘောင်မင်းဆက်နဲ့ အတူ ဗမာမင်း အုပ်ချုပ်ရေးစနစ် ၁၈၈၅ မှာ နိဂုံးချုပ်တယ်။ လက်ရှိမြန်မာနိုင်ငံ နယ်နိမိတ်ဟာ အင်္ဂလိပ် ရေးဆွဲခဲ့တဲ့ နယ်နိမိတ်ဖြစ်တယ်။ ကုန်းဘောင်ခေတ်ရဲ့ အရှေ့ဘက် အစွန်ဆုံး ဒေသဟာ ကျိုင်းတုံပဲ။ ၁၉၆၈ က ထုတ်ဝေတဲ့ ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့် ရာဇ၀င် ပထမတွဲမှာ ကျိုင်းတုံကို ဗမာမင်း လက်ထက်က အလံဦးကင်းဖျား (သို့မဟုတ်) ကင်းဦးလံဖျားလို့ ခေါ်ကြောင်း ဖော်ပြတယ်။ အဓိပ္ပာယ်က မြန်မာ့အလံတော်ကို အသိအမှတ်ပြုရာ အရပ်ရဲ့ အစွန်ဆုံးဒေသပဲ။

မြန်မာပြည်ကို တရုတ်လက်အောက်က အင်္ဂလိပ်က လုယူသွားတာလို့ ခေတ်သစ် တရုတ်ခေါင်းဆောင် တွေက ယူဆတယ်။ တရုတ် သမ္မတနိုင်ငံကို တည်ထောင်သူ ဆွန်ယက်စင် ၁၉၂၄ က ရေးသားတဲ့ စာထမ်းမှာ မြန်မာပြည်ကို တရုတ် လက်အောက်ခံ နယ်ပယ် အဖြစ် ဖော်ပြတယ်။ မော်စီတုန်း ၁၉၃၉ မှာ ထုတ်ဝေတဲ့ တရုတ်ကွန်မြူနစ် ပါတီနဲ့ တရုတ်တော်လှန်ရေး ဆိုတဲ့ စာတမ်းမှာ မြန်မာ၊ ဘူတန်နဲ့ နီပေါကို တရုတ်ပိုင် ပြည်နယ်တွေ အဖြစ် ဖော်ပြတယ်။ ၁၉၅၃ မှာ တရုတ်အစိုးရ ထုတ်ဝေတဲ့ မြေပုံမှာလည်း မြစ်ကြီးနား မြောက်ဘက်ပိုင်းကို တရုတ်ပြည်ထဲ ထည့်ထားတယ်။ ၁၉၅၄ မှာ ထုတ်ဝေတဲ့ မြေပုံမှာ မြစ်ကြီးနား မြောက်ပိုင်း တင်မကဘဲ ရှမ်းပြည်နဲ့ ‘၀’ နယ်ကိုပါ တရုတ်ပိုင်နယ်မြေ အဖြစ် ဖော်ပြ ထားတယ်။

တရုတ်ကွန်မြူနစ် အာဏာရလာတဲ့အခါမှာ အရေးနိမ့်သွားတဲ့ ကေအမ်တီ တရုတ်ဖြူ တပ်ရင်းအချို့ဟာ မြန်မာပြည်ထဲ ၀င်ရောက် ခိုလှုံကြတယ်။ မြန်မာပြည်မှာ ခြေကုပ်ယူပြီး ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးပမ်းတာပါပဲ။ ကေအမ်တီတပ်ရဲ့ ဘိန်းကုန်ကူးပြီး ရန်ပုံငွေ ရှိတဲ့နည်းကို ရှမ်းပြည်က လက်နက်ကိုင် အဖွဲ့က ဆက်လက် ကျင့်သုံးတယ်။ ကေအမ်တီ တရုတ်ဖြူကို တိုက်ထုတ်ဖို့ ကြိုးစားရင်း ဗမာစစ်တပ် အင်အား ကြီးမားလာတာမို့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ပေါ်ထွက်လာအောင် တရုတ်ပြည်တွင်း စစ်က သွယ်ဝိုက်တဲ့ နည်းနဲ့ ကူညီခဲ့သလို ဖြစ်သွားတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အိန္ဒိယနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍဟာ ကြီးမားခဲ့တယ်။

အာဏာရလာတဲ့ တရုတ်ကွန်မြူနစ်ရဲ့ နိုင်ငံခြားရေး လမ်းစဉ်ဟာ ကွန်မြူနစ် တော်လှန်ရေးတွေ အောင်မြင်ဖို့ ဦးတည်ထားတယ်။ မြန်မာပြည်ဟာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲတဲ့ ဗကပ (ခေါ်) ဗမာကွန်မြူနစ် ပါတီကို ထောက်ခံ အားပေးတဲ့ အပြင် မြန်မာပြည်ထဲ အထိ တရုတ်တပ်တွေ ၀င်ရောက် တိုက်ခိုက်လေ့ ရှိတာကြောင့် တရုတ်ဒဏ်ကို ဗမာစစ်တပ် လှိမ့်ခံခဲ့ရတယ်။ နယ်ချဲ့ အရင်းရှင်နဲ့ ကွန်မြူနစ် အကြားမှာ ကြားနေတဲ့ လမ်းစဉ်ကို ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက ရှုတ်ချတယ်။ တရုတ် နိုင်ငံခြားရေး လမ်းစဉ်မှာ တော်လှန်ရေး ကြွေးကြော်သံနဲ့ အခိုင်အမာ တောင်းဆိုသံတွေ ပဲ့တင်ထပ်နေတာမို့ အိမ်နီးချင်းတွေ ဖြစ်တဲ့ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ရုရှတို့နဲ့လည်း စစ်ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် ဈေးကွက်စနစ်ကို စတင်ကျင့်သုံးပြီး ကမ္ဘာ့ဈေးကွက်နဲ့ ဆက်သွယ်ချိန်ကစပြီး ကွန်မြူနစ် တော်လှန်ရေးနဲ့ လူတန်းစား တိုက်ပွဲ ကြွေးကြော်သံတွေ ပျောက်ကွယ်သွားပြီး လက်တွေ့ အကျိုးစီးပွား မြှင့်ရေးကိုသာ အဓိက ထားတယ်။ တရုတ်ဈေးကွက် လမ်းစဉ်ဟာ ဗမာပြည်ကို ဂယက် ရိုက်လာတယ်။ ချွတ်ခြုံကျတဲ့ မဆလ စစ်အစိုးရဟာ ၁၉၈၇ ကတည်းက နယ်စပ်ဒေသ ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ပေးရတယ်။ ၁၉၈၉ အောက်တိုဘာလမှာ ဗိုလ်သန်းရွှေနဲ့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် ခေါင်းဆောင်တဲ့ ဗမာ ကိုယ်စားလှယ် အဖွဲ့ တရုတ်ပြည်မှာ (၁၂) ရက် နေထိုင်ပြီး အကူအညီ တောင်းချိန်က စပြီး တရုတ်အစိုးရကို မှီခိုလာတယ်လို့ ပြောနိုင်တယ်။ တရုတ်ကွန်မြူနစ်ကို ဗကပ ကရော ဗမာ စစ်အစိုးရကရော မှီခိုနေရတဲ့ သဘောပဲ ဖြစ်တယ်။

အခုဆိုရင် တရုတ်ပြည်မှာ ဈေးကွက်စနစ် ကျင့်သုံးတာ အနှစ် (၃၀) ကျော်သွားပြီ။ ဒါပေမယ့် အရင်းရှင် ဈေးကွက် ခရီးစဉ်မှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကျန်းမာရေး ထိခိုက်မှု၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ အဂတိ လိုက်စားမှု စတဲ့ ပြဿနာတွေ ရှိတာမို့ အနာဂတ်ရေးဟာ မရေမရာ ဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ အင်အားကြီး နိုင်ငံ မဟုတ်ဘဲ တိုးတက် ဖွံ့ဖြိုးနေတဲ့ နိုင်ငံသာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ၀မ်ကြားပေါင်က ၂၀၀၈ က Fareed Zakaria ကို CNN မှာ ပြောပြ သွားတယ်။ လူဦးရေ သန်း (၁,၃၀၀) မှာ ဆင်းရဲသား လယ်သမားက သန်း (၈၀၀) ရှိတယ်။ အစိုးရ ထောက်ပံ့ကြေး ထိုင်စားနေရသူက သန်း (၆၀) ရှိတယ်လို့ ဆိုတယ်။ နှစ်စဉ် မြို့တက်ပြီး အလုပ်ရှာတဲ့ လယ်သမားက သန်း (၂၀၀) လောက်ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ၀င်ရောက်လာကြတဲ့ တရုတ်ဦးရေဟာ (၁) သန်းကျော်နေပြီလို့ ခန့်မှန်းကြတယ်။

ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးကတည်းက တရုတ်နိုင်ငံခြားရေး လမ်းစဉ်လည်း ပြောင်းလဲ လာတယ်။ ငြိမ်းချမ်းစွာ တိုးတက် ဖွံ့ဖြိုးရေးတွက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူဝါဒဟာ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီရည်ရွယ်ချက် အကောင်အထည် ဖော်နိုင်အောင် နိုင်ငံအားလုံး အထူးသဖြင့် အင်အားကြီး နိုင်ငံတွေနဲ့ အဆင်ပြေဖို့ ကြိုးစားတယ်။ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ဒေသဆိုင်ရာ အသင်းအဖွဲ့မှာ တရုတ် ပါဝင်နေတာဟာ ဆက်ဆံရေး အဆင်ပြေဖို့နဲ့ ကိုယ်ကျိုးစီးပွား မြှင့်တင်ဖို့ပါပဲ။ ဒါကြောင့် အရင်ကလို အင်အားသုံး အကျပ်ကိုင်တဲ့ နည်းကို တရုတ်က မသုံးတော့ဘူး။ ဥပမာ အိန္ဒိယနယ်စပ် ပြဿနာမှာလို စေ့စပ်ဆွေးနွေးပြီး ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိဘူးဆိုရင် ပြဿနာဖြေရှင်းဖို့ မကြိုးပမ်းဘဲ အချိန်အကန့်အသတ် မရှိ လိပ်ခဲတည်းလည်း လုပ်ထားတယ်။ ခေါင်းဆောင်နိုင်တဲ့ အင်အားကြီးနိုင်ငံ အဆင့်ကို မရောက်မချင်း တရုတ်ဟာ ဒီနည်းကိုပဲ ဆက်လက် ကျင့်သုံးဖွယ်ရှိတယ်။

အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမှသာ စီးပွားရေးတိုးတက်ဖွံ့ဖြိုး နိုင်မှာကို တရုတ်ကွန်မြူနစ်က သဘော ပေါက်တယ်။ အမေရိကန် ဈေးကွက် ၀င်ခွင့်ရလို့သာ တရုတ်စီးပွားရေး တိုးတက်နေတာ မဟုတ်ပါလား။ ဒါပေမယ့် အမေရိကန် တဦးတည်းကိုသာ မှီခို နေရတဲ့ အဖြစ် မရောက်အောင် အခြား အင်အားကြီး နိုင်ငံတွေနဲ့လည်း အဆင်ပြေအောင် တရုတ်ကွန်မြူနစ်က ကြိုးစားတယ်။ ကုလသမဂ္ဂနဲ့ အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ပါဝင်ပေမယ့် ဒီအဖွဲ့အစည်းရဲ့ ဦးတည်ချက်နဲ့ အခြေခံ သဘောတရား တွေကို တရုတ် ကွန်မြူနစ်က ယုံကြည်တာ မဟုတ်ပါဘူး။

ဒါပေမယ့် ဆန့်ကျင်ဖို့လည်း စိတ်ကူးပုံမရပါဘူး။ မိမိရရှိနိုင်မယ့် အကျိုးအမြတ်ကိုတွက်ပြီး နိုင်ငံတကာ အဖွဲ့တွေထဲ ပါဝင်လာတာပါ။ ဥပမာ ဒေသဆိုင်ရာ အဖွဲ့ထဲမှာပါဝင်ဖို့ ပထ၀ီ အနေအထားအရ ဘောင်မ၀င်တဲ့ တောင်အာရှ နိုင်ငံများအဖွဲ့ (SAARC) မှာ လေ့လာသူ အဖြစ် တရုတ် ပါဝင်လာတာဟာ မိမိ အကျိုးစီးပွားကို ဆန့်ကျင်တာမျိုးတွေ မလုပ်နိုင်အောင် ဟန့်တားတဲ့ သဘောပါပဲ။ ကွန်မြူနစ် အာဏာရှင် စနစ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ နိုင်ငံရေးလွတ်လပ်မှု၊ ပုဂ္ဂလိကလွတ်လပ်မှု၊ လူ့အခွင့်အရေး မြှင့်တင်မှု စတာတွေကို တရုတ်က အားမပေးပါဘူး။ နောက်ပြီးတော့ စည်းကမ်း သေ၀ပ်မှုဟာ ပုဂ္ဂလိက လွတ်လပ်မှုထက် ပိုပြီး အရေးကြီးတယ်လို့ တရုတ်က ယူဆတယ်။

ဒါကိုအတုခိုးပြီး ဗမာစစ်အစိုးရကလည်း ‘စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ’ ကို တည်ဆောက်မယ်လို့ ကြွေးကြော်လာတာ ဖြစ်ပုံရတယ်။ နိုင်ငံခြား ဆက်ဆံရေး မတည်မငြိမ် ဖြစ်လာရင် စီးပွားရေးပါ ထိခိုက်နိုင်တာမို့ လိုက်လျော ညီထွေလုပ်တဲ့ လက်ရှိ မဟာဗျူဟာကိုပဲ တရုတ်က ဆက်လက် ကျင့်သုံးဖွယ်ရှိတယ်။ တရုတ်ရဲ့ မဟာဗျူဟာ ပြောင်းလဲမှုကြောင့် မြန်မာပြည်က စီးပွားရေး လုပ်ငန်းတွေမှာ တရုတ်နဲ့ တရုတ်အနွယ်ဝင်တွေ ကြီးစိုးတဲ့ အဖြစ်ကို ရောက်ရှိလာတာ ဖြစ်တယ်။ ဗမာ စစ်အုပ်စုကတော့ အာဏာရှိဖို့နဲ့ ငွေရဖို့သာ အဓိက ထားနေတော သူတို့လိုချင်တာ တရုတ်ဆီက ရနေရင်ပြီးတာပဲ။

တရုတ်-မြန်မာ စင်္ကြံလမ်းလို့ နအဖ သတင်းစာတွေမှာ ဖော်ပြတဲ့ ကျောက်ဖြူ-ရွှေလီ ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းဟာ ‘၀’ နယ်မြေကို မရောက်ဘဲ မူဆယ်မှာ တရုတ်ပြည်ထဲ ၀င်မှာမို့ ဗမာ စစ်အစိုးရဟာ ‘၀’ နဲ့မိုင်းလား တပ်ဖွဲ့တွေကို ထိုးစစ် ဆင်နိုင်တယ်။ ဒီလိုဆိုရင် တရုတ် ဘယ်ဘက်က ရပ်မှာလည်းလို့ စဉ်းစားကြတာတွေ ရှိတယ်။ ‘၀’ တပ်ဖွဲ့ဟာ တရုတ်ကွန်မြူနစ်တွေ ဦးစီးပြီး တည်ထောင်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ယူနန်မှာလည်း ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ရှိတယ်။ တရုတ်ဟာ ဗမာ စစ်အစိုးရနဲ့လည်း ဆတက်ထမ်းပိုး တိုးပြီး ပူးပေါင်း ဆောင်ရွက်နေတယ်။ ဒါကြောင့် နယ်စပ်စစ်ပွဲ ဖြစ်ပွားပြီ ဆိုရင် တရုတ်ဟာ ဘယ်ဘက်ကမှ ပါမှာ မဟုတ်ဘဲ နှစ်ဘက်စလုံးက လိုချင်တဲ့ လက်နက်ပစ္စည်းကို ထောက်ပံ့ပြီး အပစ်အခတ် ရပ်စဲဖို့ နောက်ပိုင်းကနေ ကြိုးစား နိုင်တယ်လို့ သုံးသပ်ကြတယ်။

မိမိအကျိုးစီးပွား ထိခိုက်နိုင်တယ်လို့ ယူဆရင် အသွင်မတူတာကို ပြောင်းလဲဖို့ တရုတ်က မကြိုးစားပါဘူး။ ဒီသဘော တရားကို ဟောင်ကောင် ကိစ္စမှာ အထင်အရှား တွေ့မြင်နိုင်တယ်။ တနိုင်ငံ စနစ် (၂) မျိုး မူကို ချမှတ်ပြီး ဟောင်ကောင်ကို အထိုက်အလျောက် လွတ်လပ်မှု ပေးထားတယ်။ အဲဒီလိုပဲ မြန်မာပြည်မှာလည်း ဗကပ တဖြစ်လဲ ‘၀’ တပ်ဖွဲ့ကိုရော နအဖ တပ်ဖွဲ့ကိုရော နည်းမျိုးစုံသုံးပြီး ဆက်ဆံ လိမ့်မယ်လို့ ယူဆရပါတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့