..............................

Monday, April 19, 2010

အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ

19 April 2010

ဂါမဏိ

ရှုခင်း
အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့ပေမယ့် အာဏာရှင်တွေဟာ တော်တော်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို မထုတ်ပြန်ပေးဘဲ နောက်ဆုံးမှာ မလွှဲသာလို့ ထုတ်ပြန် လိုက်ရပြီးနောက် ဒီရွေးကောက်ပွဲဟာ အာဏာ လွှဲမပေးလောက်သေးဘူး၊ နောက်ထပ် ရွေးကောက်ပွဲသစ် လုပ်ဖို့ လိုတယ်ဆိုပြီး ရွေးကောက်ပွဲ ထပ်လုပ်ခဲ့ ပါတယ်။ အာဏာရှင်ကြီးဟာ ရွေးကောက်ပွဲ အသစ်မှာတော့ သေချာပေါက် အနိုင်ရအောင် အဘက်ဘက်က ပြင်ဆင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲသစ် အကြိုကာလမှာ အတိုက်အခံ ပါတီကြီးကိုလည်း အမျိုးမျိုး နှိပ်ကွပ် ညစ်ပတ် အကြမ်းဖက်ခဲ့ ပါတယ်။ ဒါကြောင့် အတိုက်အခံ ပါတီကြီးဟာ နောက်ဆုံးမှာ ရွေးကောက်ပွဲ သစ်ကို မဝင်ဖို့ ဆုံးဖြတ် လိုက်ရပါတော့တယ်။ အတိုက်အခံ မရှိတဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ကြီးဟာ မဲ (၈၅) ရာခိုင်နှုန်းကျော်နဲ့ အနိုင် ရသွားပါတော့တယ်။

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲ မဝင်လိုက်တဲ့ အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံး ချုပ်သွားပြီလို့ အာဏာရှင် အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်း ခတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပါတီကြီးဟာ မိမိ မူလရပ်တည်ချက် ပေါ်မှာပဲ ခိုင်ခိုင်မာမာ ဆက်လက် တိုက်ပွဲ ဝင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသစ် ပြီးလို့ (၃) လအကြာမှာ အာဏာ ခွဲဝေရေး စာချုပ် ချုပ်နိုင်ခဲ့ပြီး နောက်ထပ် (၆) လ အကြာမှာတော့ အာဏာရ ပါတီနဲ့ အ တိုက်အခံ ပါတီတို့ရဲ့ အမျိုးသား ညီညွတ်ရေး(ညွန့်ပေါင်း)အစိုးရကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တဲ့ အတွက် ဒီမိုက ရေစီလမ်းကြောင်းပေါ် စတင် ခြေချ နိုင်ခဲ့ပါတော့တယ်။

ဖြစ်စဉ်
အခုဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ် ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ MDC ပါတီခေါင်းဆောင် စဗန်ဂီရိုင်က အာဏာရှင် မူဂါဘီကို ၂၀၀၈ ခုနှစ် မတ် (၂၉) ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ပြီး MDC ပါတီဟာ မဲ (၅၀) ရာခိုင်နှုန်းကျော် မရလို့ ဆိုကာ ဒုတိယအချီ ရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် (၂၇) ရက်မှာ ပြန်လုပ်ခိုင်းခဲ့ ပါတယ် (တကယ်တော့ စဗန်ဂီရိုင်ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်း ရခဲ့ပေမယ့် မူဂါဘီက ကလိမ်ကညစ် လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါ ဘီက ၄၃.၂ ရာခိုင်နှုန်း ရတယ်လို့ ရွေးကောက်ပွဲပြီး တလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင်ကြေညာ ခဲ့တာ ဖြစ်ပါတယ်)။

အဲဒီ ပထမရွေးကောက်ပွဲ ပြီးတော့ အတိုက်အခံ ပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာ ရှိနေသူ အားလုံးကို ဖမ်းသွားတာ၊ လွှတ်တော် အမတ်တွေ အပါအဝင် ပါတီဝင်တွေကို ဖမ်းတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာ (ပထမရွေး ကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲ ကြားမှာ အတိုက်အခံ ပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ် ခံခဲ့ရပါတယ်)။ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူလူထုတွေ တိုင်းရင်းသား လူမျိုးစုငယ်တွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ အကြီးအကျယ် လုပ်ခဲ့တာကြောင့် ဇွန် (၂၂) ရက်မှာ စဗန်ဂီရိုင်ရဲ့ MDC ပါတီက ရွေးကောက်ပွဲ မဝင်ဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချလိုက်ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ အာဏာရှင် မူဂါဘီဟာ ပြိုင်ဘက် မရှိဘဲ မဲဆန္ဒ ၈၅.၅ ရာခိုင် နှုန်းရပြီး နိုင်သွားပါတော့တယ်။

နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကာကွယ် ပေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေက ပြင်းထန် ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်နိုင်ခဲ့ပြီး အဓိက ထောက်ခံ ပေးနေတဲ့ တောင်အာဖရိက နိုင်ငံကိုယ်၌က အင်တင်တင်ဖြစ်လာ၊ (အာဖရိကတိုက်ရဲ့ အာဆီယံဖြစ်တဲ့) အာဖရိက သမဂ္ဂကလည်း ဖိအားပေး၊ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ စိန်တွေလည်း ရောင်းမရအောင် ပိတ်ဆို့ခံရ၊ တနိုင်ငံလုံး ကာလ ဝမ်းရောဂါ ဖြစ်တာကလည်း အာဏာရှင်အစိုးရ ဘယ်လိုမှ ထိန်းမရသလို တရုတ်၊ ရုရှားလည်း မကယ်နိုင်ဖြစ်ခဲ့ ရပါတယ်။

ဒီလိုနဲ့ ဇွန်လ (၂၇) ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ “အပြတ်အသတ်” နဲ့ အနိုင်ရပြီး သမ္မတ ဖြစ်ခဲ့ပေမယ့် MDC ပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ ရပ်တည်ချက်နဲ့ တိုက်ပွဲဝင်မှုကြောင့် မူဂါဘီ နိုင်ပြီး တလမပြည့်ခင် ဇူလိုင် (၂၅) ရက်မှာ အိမ်နီးချင်း တောင်အာဖရိက နိုင်ငံ ပရီတိုးရီးယား မြို့တော်မှာ အာဏာရ အစိုးရနဲ့ အတိုက်အခံတွေ အကြား ဒိုင်ယာလော့ စလုပ်ခဲ့ရပါတယ်။ တချိန်က မူဂါဘီကို ထောက်ခံခဲ့တဲ့ တောင်အာဖရိက သမ္မတ အမ်ဘီကီက ကြားဝင် စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၁) ရက်မှာတော့ မူဂါဘီဟာ ဆဗန်ဂီရိုင်နဲ့ အာဏာ ခွဲဝေရေးစာချုပ်ကို လက်မှတ် ထိုးလိုက်ရပါ တော့တယ်။ ဒီစာချုပ်အရ မူဂါဘီဟာသမ္မတရာထူးကို ဆက်ယူထားပေမယ့် ဆဗန်ဂီရိုင်နဲ့ MDC ပါတီကို ဝန်ကြီးချုပ် ရာထူးနဲ့ အစိုးရ ဝန်ကြီး ရာထူးအားလုံး ပေးလိုက်ရပါတော့တယ်။ ဒါပေမဲ့ မူဂါဘီက အမျိုးသား လုံခြုံရေးကောင်စီကို ဆက်ကိုင်ထားပြီး စစ်တပ်ကို ဆက်လက် ချုပ်ကိုင်ထားပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ (၁၃) ရက်မှာတော့ ဆဗန်ဂီရိုင်ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် ရာထူး လက်ခံခဲ့ပါတယ်။

အခုအချိန်မှာ ဇင်ဘာဘွေနိုင်ငံဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ မူဂါဘီနဲ့ လက်ကိုင်တုတ် ကြံ့ဖွတ်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတို့ဟာ လစ်ရင်လစ်သလို MDC ပါတီနဲ့ ပြည်သူပြည်သားတွေ အပေါ် နှိပ်စက်တာ မတရား လုပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မီ ကာလကနဲ့ စာရင်တော့ MDC ပါတီအတွက် အခွင့်အလမ်း အများကြီး ရသွားပါပြီ။ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ဝန်ကြီးချုပ် ဆဗန်ဂီရိုင် အစိုးရ အဖွဲ့ အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာ တခုအထိ အတော်အတန် လုပ်နိုင်လာပါတယ်။ မူဂါဘီအနေနဲ့ အာဏာရှင် စနစ်ကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစား နေသော်လည်း ရာနှုန်းပြည့် လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ အတိုက်အခံ MDC ပါတီရဲ့ နိဂုံးလို့ မဟာပညာကျော်များ တွက်ဆခဲ့တာဟာ အာဏာလမ်းမ နိဒါန်းအစ ဖြစ်နေတာ တွေ့ရပါတော့တယ်။

နောက်ခံ
ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈၀ ခုနှစ်မှာ လက်ရှိသမ္မတ မူဂါဘီ ခေါင်းဆောင်တဲ့ လက်နက်ကိုင် တော်လှန်ရေးနည်း အခြေခံနဲ့ အာဏာရလာပြီး လွတ်လပ်ရေး ရလာခဲ့ပါတယ်။ တချိန်က မာ့က်စ်ဝါဒ မော်စီတုံးဝါဒတွေ ကြွေးကြော်တဲ့ တော်လှန်ရေးသမား ဖြစ်ခဲ့ပေမယ့် အာဏာရလာတဲ့ အခါ ဇိမ်တွေ့သွားလို့ ကုလားထိုင်ပေါ်က မဆင်းတော့ဘဲ အတိုက်အခံတွေ တိုင်းရင်းသား လူမျိုးငယ်တွေ အားလုံးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ (၁၉၈၂ နဲ့ ၁၉၈၅ ကြားမှာတင် လူ ၂၀,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။) တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာ အားလုံးကိုလည်း ကိုယ်ပိုင်လို သဘောထား သုံးဖြုန်းပစ်ခဲ့တဲ့ အတွက် တချိန်က အာဖရိက တိုက်မှာ အချမ်းသာဆုံး စာရင်းဝင်ခဲ့တဲ့ ဇင်ဘာဘွေဟာ စီးပွားရေး ဒလဟောကျဆင်းပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး ဒုက္ခပေါင်းစုံဖိစီးလို့ အာဖရိကတိုက်ရဲ့လူမမာကြီး ဖြစ်လာခဲ့ပါတယ် (တနိုင်ငံလုံး ထမင်းတွေငတ်၊ ကာလဝမ်းရောဂါတွေ ဖြစ်နေချိန်မှာ အာဏာရှင် သမ္မတ မူဂါဘီကတော့ အာဖရိကတိုက်မှာ အခမ်းနားဆုံး နန်းတော်ကြီး ဆောက်ပြီး နေခဲ့ပါတယ်)။

တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံလွတ်လပ်ရေး သက်တမ်း အနှစ် (၂၀) သို့မဟုတ် မူဂါဘီ အာဏာရှင်လုပ်နေ ခဲ့တဲ့အနှစ် (၂၀) လုံးလုံး ဘာမြေယာ တော်လှန်ရေးမှ မလုပ်ခဲ့ဘဲ စီးပွားရေးတွေ ချွတ်ခြုံကျလာလို့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ နိုင်ငံရေး မကျေနပ်မှုတွေ များသထက် များလာတဲ့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကျမှ လူထုကို အာရုံလွှဲဖို့ လူဖြူ မြေရှင်ကြီးတွေ ပိုင်တဲ့ မြေယာတွေကို သိမ်းယူ၊ မြေယာ ဝေခြမ်းရေးတွေ လုပ်ပြီး တော်လှန်ရေး ရဲဘော်ဟောင်းတွေ၊ ကျေးလက် လူထုတွေကို စည်းရုံးချွေးသိပ်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ငွေကြေးဖောင်းပွမှုက (ဒေါ်လာ သန်း ၁၀၀,၀၀၀ - 100 billion dollar တန် သို့မဟုတ် ၁၀၀,၀၀၀, ၀၀၀,၀၀၀ တန် ငွေစက္ကူတွေ ထုတ်ရလောက်အောင်) ရာခိုင်နှုန်း (၂၃၁) သန်း အထိ တက်လာပြီး အလုပ် လက်မဲ့နှုန်းက (၉၀) ရာခိုင်နှုန်းကို ရောက်လာတော့ ဘယ်လိုဘဲ အလိမ်အညာ မှိုင်းတွေ တိုက်ပေမယ့် ဒီမိုကရေစီ လိုလားတဲ့ ပြည်သူ့ ဘက်တော်သားတွေဟာ အကြမ်းဖက် ဖိနှိပ်မှုတွေ အပြင်းအထန် နှိပ်ကွပ်မှုတွေ ကြားကနေ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ကြရာက အခု နောက်ဆုံးမှာ ပြည်သူ့ အစိုးရရှေ့ပြေး အာဏာခွဲဝေ ကြားဖြတ် အစိုးရအဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။

လက်တွေ့
အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေး ပါတီအဖြစ်က ပျက်ပြယ် သွားတော့မယ်၊ ပါတီတခု အဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီလို့ စစ်ကျွန် အလံရှူးတွေ၊ အာဏာရှင် ပွဲစားတွေက ဟောင်သံ ပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲ မဝင်တာ လုံးဝ မှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်။ ဒါကြောင့် NLD ပါတီဝင်တွေ၊ ၉၀ ခုမှာ နိုင်ပြီးသား လွှတ်တော် ကိုယ်စားလှယ်တွေကသာ တကယ်လုပ်မယ် ဆိုရင် လက်ရှိကာ လဟာ NLD ရဲ့ အာဏာလမ်းဝက ပထမဆုံးနေ့များ ဖြစ်သွားပါလိမ့်မယ်။

ဂါမဏိ


0 comments:

အပေါ်သို့