..............................

Sunday, April 18, 2010

မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ

ရန်ပိုင်
Saturday, April 17, 2010

ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။

“အလုပ်သမားတွေ နေတဲ့နေရာတော့ မပါဘူး၊ စီမံကိန်း အုပ်ချုပ်တဲ့ရုံးတွေ၊ ဂိုဒေါင်တွေမှာ ပေါက်တာ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ လေးဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာ ရမှုများလည်း ရှိသည်ဟု ကိုနော်ဒင်းက ပြောသည်။

မြစ်ကြီးနားမြို့ခံတဦးက“ဗုံး ၇လုံးပေါက်တယ်၊ ကားနှစ်စီးပျက်တယ်”ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂ လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း အတည် မပြုနိုင်သော သတင်းများအရ သိရသည်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်ကို ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က လူထုအစည်းအဝေး ခေါ်ယူ၍ ငြင်းဆန်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။

ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေးကြောင်း နယ်စပ် သတင်းများ အရသိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့