..............................

Friday, April 23, 2010

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်

ဖနိဒါ
ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က ထပ်လောင်း တုံ့ပြန် လိုက်သည်။

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့် အဖြစ် အသွင်မပြောင်းဟု ငြင်းဆန် လိုက်ခြင်း ဖြစ်သည်။

“ နယ်ခြားစောင့်တပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အဲဒါပဲ ပြောပြခဲ့တယ်။ ကျနော် တို့ အောက်ခြေလည်း လက်မခံဘူး။ ကချင်လူထုလည်း လက်မခံဘူး။ ” ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ KIO ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု တပ်မတော်တွင် ကချင်တပ်ရင်းများ အဖြစ်သာ ပါဝင်လိုကြောင်း KIO က ဆက်လက် ဆွဲကိုင်ထားသည်။

ဗိုလ်ချုပ် စိုးဝင်းက KIO ၏ အဖြေကို နေပြည်တော်သို့ ဆက်လက် တင်ပြမည်ဟုသာ တုံ့ပြန်သွားကြောင်း သိရသည်။

ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာလိုကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

“ အစိုးရအနေနဲ့ တိုက်ခိုက်လာမယ်၊ မလာဘူးဆိုတာက သူတို့ဘက်က အပိုင်းပါ။ ကျနော်တို့ဘက်က မပြောနိုင်ပါဘူး။ ကျနော်တို့ ဘက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်ဆောင်ချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO က နအဖအနေဖြင့် စစ်တိုက်ပြီး ချေမှုန်းခြင်း မပြုရန် သတိပေးထားသည်။

တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှ စတင်ကာ နောက်ဆုံးရက်များ သတ်မှတ်ကာ ရာဇသံပေးခဲ့သည်မှာ ၃ ခါ ပြည့်သွားပြီဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ကိုလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် နအဖက ညွှန်ကြား ထားသော်လည်း UWSA ကလည်း ငြင်းဆန်ထားသည်။

“ ဒီနေ့ နောက်ဆုံးဖြတ်ပေမဲ့ အဖြေမပေးဘူး။ သူတို့ပြောတာနဲ့ ကျနော်တို့လိုချင်တာ မတူဘူး။ ကျနော်တို့ တောင်းဆိုတဲ့ ၉ ချက် ကနေ ၈ ချက်ကိုလည်း ပယ်လိုက်တယ်လေ။ ကျနော်တို့ နယ်မြေဒေသ အခွင့်အရေးကို တောင်းတာကို ပယ်လိုက်တယ် ဆိုတော့ ပြောစရာ မရှိတော့ဘူး။”ဟု UWSA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့နှင့် တန်ယန်းမြို့တွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဝ တပ်ဖွဲ့ ဌာနချုပ်သို့ အကြောင်းကြားလာခြင်း မရှိသေးဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့်လည်း စစ်အစိုးရ ကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံမည်ဟု သိရသော်လည်း သတင်းပေးပို့ချိန် အထိ မွန်ပြည်သစ်ကို ဆက်သွယ်၍ မရဘဲ ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့