..............................

Thursday, April 22, 2010

နအဖက စစ်ရေးအရ တိုက်ခိုက်မည် ဆိုပါက ကေအိုင်အို တွန်းလှန်ရန် အသင့်ပြင်ထား

စိုင်းမျိုးကြီး
Tuesday, 20 April 2010 22:42

( ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်၊ ကချင်ကိုယ်စားလှယ်တဦးတို့နှင့် တွေ့ဆုံမေးမြန်း)

ဧပြီလ ၄ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တွင် နယ်ခြားစောင့်တပ် အရေး မြန်မာစစ်တပ် ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ဥက္ကဋ္ဌ ဦးဇောင်းခရား ဦးဆောင်သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ နှစ်ဘက် တွေ့ဆုံမှုတွင် နယ်ခြားစောင့်တပ် ကိစ္စ ဧပြီလ ၂၂ ရက်နေ့ အကြောင်းပြန်ရန် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ကေအိုင်အိုကို ရာဇသံပေးထားရာ သတ်မှတ်ရက် မတိုင်မီရက်ပိုင်း အလို ဧပြီလ ၁၆ ရက်နေ့က လိုင်ဇာမြို့ မနောကွင်းတွင် ကေအိုင်အိုက လူထု ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

၎င်းလူထုရှင်းလင်းပွဲတွင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် အား သျှမ်းသံတော်ဆင့်မှ တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်သည်။

မေး - နယ်ခြားစောင့်တပ်ကိစ္စ နအဖနဲ့ ကေအိုင်အို ဆွေးနွေးမှု ပိတ်ဆို့သွားပြီလား။ နောက်ထပ် ဘယ်နည်းလမ်းနဲ့ ဆက်သွားနိုင်မလဲ။

ဖြေ - ကျွန်တော်တို့ နည်းလမ်းကတော့ နှစ်ဘက်ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အရင်ကတည်းက BGF (border guard force) နယ်ခြားစောင့်တပ်က အဓိကကျတဲ့ ကဏ္ဍ မဟုတ်ဘူးလို့ မြင်တယ် ဒါကြောင့်မို့လို့ ဒီ BGF ကြောင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ပိတ်သွားတယ်လို့ ကျွန်တော်တို့က မယူဆဘူး တခြားနည်း လမ်းတွေ အများကြီး ကျန်သေးတယ်လို့ပဲ ဒီလိုပဲမြင်ပါတယ်။

မေး - ကေအိုင်အိုရဲ့ အဓိက နိုင်ငံရေးမျှော်မှန်းချက် သိချင်ပါတယ်ခင်ဗျ။

ဖြေ - ကေအိုင်အိုစတင်တည်ထောင်တဲ့ ၁၉၆၀ ကျော်ကာလကတော့ လွတ်လပ်ရေးရရှိရေး ဖြစ်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာက ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖေါ်နေတဲ့ အချိန်ဖြစ်တယ် ပြည်ထောင်စု ထဲမှာ ဒီမိုကရေစီ နည်းအရ ဖြေရှင်းလို့ မရတော့တဲ့ အနေအထားမျိုးဖြစ်တဲ့ အတွက်ကြောင့်မို့ ကေအိုင်အိုက လွတ်လပ်ရေး ဆိုတာကို ကြွေးကြော်ခဲ့တယ် သို့သော်လည်းပဲ အခြေအနေ အမျိုးမျိုးကြောင့် ၁၉၇၄နဲ့ ၁၉၇၆မှာ စစ်မှန်တဲ့ ပြည်ထောင်စု ဖေါ်ဆောင်ရေး ဆိုတဲ့မူထဲ ပြန်ရောက်လာပြီး ပြင်ဆင်ပြီးတော့ ကျွန်တော်တို့ အယူအဆတွေကို ကြေငြာခဲ့တယ် အခုလည်း ကျွန်တော်တို့က ပြည်ထောင်စုထဲမှာ အတူတကွ နေမယ် လုံလုံခြုံခြုံနေမယ် ပြည်ထောင်စုဆိုတဲ့ မူကို ပေါ်လွင်အောင် တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက် ရှိပါတယ်။

မေး - နအဖစစ်တပ်က MIG - 29 တိုက်လေယာဉ်တွေ ၀ယ်ယူနေတယ် ကချင်ပြည်နယ်ထဲကိုလဲ အမြောက် ကားတွေ စစ်ကားတွေ ပို့နေတော့ ကေအိုင်အိုဘက်က စစ်ရေး ပြင်ဆင်မှုနဲ့ ခေတ်မှီလက်နက် ပိုင်ဆိုင်မှုတွေ ရှိပါသလား ခင်ဗျ။

ဖြေ - ကျွန်တော်တို့မှာ ခေတ်မှီလက်နက်တွေတော့ မရှိပါဘူး ဒါပေမဲ့ တခြားနည်းလမ်းတွေ စဉ်းစားထားတာ ရှိပါတယ် အကယ်၍ စစ်ရေးအရ ဖြေရှင်းလာမယ်ဆိုရင် ကျွန်တော်တို့ဟာ ဖြေရှင်းဖို့နည်းလမ်းတွေ ရှိပါတယ်။

အဆိုပါလူထုရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ အသက် ၄၀ ကျော်ရှိ ကချင်ကိုယ်စားလှယ် တစ်ဦး၏ အမြင် သဘောထားကို သျှမ်းသံတော်ဆင့်က ဆက်လက် မေးမြန်းထားပါသည်။

မေး - အခုကေအိုင်အို လူထုရှင်းပွဲမှာ ပြောသွားတဲ့အကြောင်းအရာတွေအပေါ် ဘယ်လို ထင်မြင်မိလဲဗျ။

ဖြေ - ကျွန်တော့်အမြင်ကတော့ ကေအိုင်အိုဘက်က တင်ပြထားတဲ့အချက်တွေအကုန်လုံးကို လက်ခံတယ် ဒါပေမဲ့နအဖ စစ်အစိုးရက ပြောတဲ့ BGF (နယ်ခြားစောင့်တပ်) နဲ့ပတ်သက်လို့ကတော့ ဒါက နိုင်ငံတော်အကြီး အကဲရဲ့ စေတနာ တစ်ရပ်ပဲဆိုတော့ သူတို့ရဲ့ (နအဖ) ရဲ့ အမြင်ကို သိခွင့် ရခဲ့ပါတယ်။

မေး - ကချင်လူထုအနေနဲ့ရော နယ်ခြားစောင့်တပ်ကို လက်ခံပါသလား။

ဖြေ - နယ်ခြားစောင့်တပ်ကို လက်ခံနိုင်စရာအကြောင်းမရှိပါဘူး သူတို့ (နအဖ) အနေနဲ့ အထပ်ထပ် အခါခါ တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအသွင် ပြောင်းမှု ဆိုပြီး နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်ဆိုတာ လက်ခံနိုင်စရာ မဟုတ်ဘူးပေါ့။

မေး - ကချင်လူထုတစ်ယောက်အနေနဲ့ အမျိုးသားတန်းတူရေးအတွက် မျှော်မှန်းချက်ကို ပြောပြပေးပါ။

ဖြေ - ဒါကတော့ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်းပဲ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်း နေထိုင်တဲ့ တိုင်းရင်းသား တွေအားလုံး အဖွဲ့အစည်းတွေ အားလုံး လက်ခံနိုင်မဲ့ အနေအထား ဆိုရင်တော့ ကျွန်တော်တို့လဲ လက်ခံပါတယ်။

လွန်ခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စ၍ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကို နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာစစ်တပ်က အဆိုပြုခြင်းသည် အချိန်အားဖြင့် တစ်နှစ် ပြည့်တော့မည် ဖြစ်သော်လည်း နယ်ခြားစောင့်တပ် အရေးမှာ နှစ်ဘက်ကြား ပြေလည်မှု မရသေးပဲ လိပ်ခဲတည်းလည်း အခြေ အနေတွင် ရှိနေသည်။

၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေးရယူစဉ် မြန်မာစစ်တပ်နှင့်ကေအိုင်အိုတို့ သဘောတူညီချက်များ အမျိုးသားညီလာ ခံတွင် ကေအိုင်အို၏ တင်ပြဆွေးနွေးမှုများ နယ်ခြားစောင့်ကိစ္စ အပေါ် အပြန်အလှန် ဆွေးနွေးမှုများကို ကေအိုင်အို အဖွဲ့မှ အထွေ ထွေအတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့က ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် ကေအိုင်အိုအနေဖြင့် အသွင်ကူးပြောင်းရေးကို မူအရ လက်ခံသော်လည်း နယ်ခြား စောင့်တပ် ဖွဲ့စည်း ခြင်းကို လက်မခံကြောင်း ကေအိုင်အို ဆိုသည်မှာ ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူ ရေးအတွက် နှစ် ၅၀ ကြာ ရုန်းကန် လှုပ်ရှားခဲ့သည့် ကချင်အမျိုးသားထု တစ်ရပ်လုံး လက္ခဏာဆောင်သော ပါတီဖြစ်သဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းသည် လက်တွေ့မကျကြောင်း အသွင်ကူး ပြောင်းရေးနှင့် ပတ်သက်၍ မြန်မာစစ်တပ်နှင့် ဆက်လက် ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့