..............................

Monday, September 20, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီးတဲ့နောက်

ရဲဘော်ဖိုးသံချောင်း

၂၀ စက်တင်ဘာ ၂၀၁၀

နအဖဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၉၇/၂၀၁၀ ဆိုတာကို ထုတ်ပြန်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါပြီ။ မြန်မာပြည် နိုင်ငံရေးသဘောနဲ့ ပြောရရင် ဒါဟာ အင်မတန် အရေးပါတဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေ နှစ်ပေါင်း နှစ်ဆယ်ကျော် တလျှောက်လုံး ကြံစည်နေတာကို အပြတ် အကောင်အထည် ဖော်ချလိုက်တာလို့ ပြောရမှာပါ။ သာမန်ကိစ္စ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းက စပြီး လူထုရဲ့ ထောက်ခံမှု အများဆုံး ရနေတယ်လို့ ဆိုရမယ့် နိုင်ငံရေး အဖွဲ့အစည်း တရပ်ကို အာဏာနဲ့ ဖျက်သိမ်းလိုက်တဲ့ အမိန့် ဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်နိုင်ငံရေးလောကကို ထူးထူးခြားခြား မရိုက်ခတ် ခဲ့ပါဘူး။

အကြောင်း နှစ်ခုကြောင့်လို့ ထင်ပါတယ်။ တခုက နအဖဟာ အနှေးနဲ့အမြန် ဆိုသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း လိမ့်မယ်ဆိုတာ အားလုံးက တွက်ထားပြီးသား ဖြစ်လို့ပါ။ နောက်တခုကတော့ ဒါဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အလဲထိုးနိုင်မှာ မဟုတ်ဘူး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ အနေနဲ့ ဒီအထဲက နည်းနာရှာပြီး ပြန်ရုန်းထ လာမှာပဲလို့ လူထုတွေက မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။

နအဖ ဘယ်လိုပဲ မောက်မာ-မောက်မာ သူတို့အင်မတန် ၀ါကြွားလှတဲ့ ဒီရွေးကောက်ပွဲကို တပြည်လုံးမှာ မကျင်းပ နိုင်ကြောင်းကိုတော့ သူတို့ ၀န်ခံလိုက်ရပါပြီ။ အဲဒါက အပစ်ရပ် ဒေသတွေမှာပါ။ သူတို့ မနိုင်နိုင်ဘူး သေချာတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာ မဟုတ်ဘူး ဆိုတာဟာ ဘယ်သူမှ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ နိုင်ရင်လည်း နိုင်ရမယ်၊ မနိုင်ရင်လည်း နိုင်ရမယ်လို့ လုပ်မရတဲ့ နေရာတွေမှာတော့ ဒီလိုပဲ ဖျက်သိမ်းမှာပါ။

ဘာပဲပြောပြော ရွေးကောက်ပွဲနီးလေ ကြပ်လေ၊ ကြမ်းလေ ဖြစ်မယ်လို့ ထင်ထားတဲ့ အတိုင်း ရှင်းသထက် ရှင်းလင်းစွာ သရုပ်ပေါ်လာပါပြီ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ် ကိုင်ပြ လိုက်တာဟာ မြန်မာပြည် နိုင်ငံရေးမှာ စစ်အာဏာရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရကြောင်း အားလုံးကို ထပ်ပြီး သတိ ပေးနေတာပါ။ ဒီချုပ်လို ဆန့်ကျင်သူတွေ အတွက် စစ်အာဏာရှင်တွေ ပေးသနားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ထဲမှာ စပေ့စ်လုံးဝ မရှိကြောင်း ပြသ လိုက်တာပါ။ ဒါ့အပြင် ဦးတူးဂျာတို့ကို ပါတီ အနေနဲ့ရော လူတဦးချင်း အနေနဲ့ပါ ရွေးကောက်ပွဲ ၀င်ခွင့် မပေးတာဟာလည်း အပစ်ရပ် အဖွဲ့ဆိုတာတွေကို နအဖအပေါ် စိတ်ကူး မယဉ်ကြဖို့ သတိပေး လိုက်တာပါပဲ။ နအဖဟာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တချိန်မှာ သမိုင်းနဲ့ချည် ဖြေရှင်းရမယ့် ပြဿနာတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

ဒီလိုအခါမျိုးမှာ ဒီလောက်တောင် ညစ်ပတ်စုတ်ပဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ နအဖကိုယ်စား သဘောတရား ဆရာကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီး တယောက်က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ နိုင်ငံရေး သူငယ်နာ မစင်တာလို့ ရေးသားနေတာကို တွေ့ပါတယ်။ ဗိုလ်သန်းရွှေက အိမ်နီးနားချင်းက နိုင်ငံကြီးတွေကို သွားပြီး မျက်နှာချို သွေးနေတာနဲ့ တချိန်တည်းမှာ ဗိုလ်ခင်ညွန့် မွေးထားခဲ့တဲ့ အီးလစ် (elite) ဆိုတဲ့ လူတွေကလည်း နအဖအတွက် ကမ္ဘာလှည့် ကြော်ငြာ မောင်းခတ် နေကြပါတယ်။ ပညာတတ် ဖောက်ပြန်တော့ သူများထက်ကဲတယ် ဆိုတာ အမှန်ပါပဲ။ ဒီလူတွေဟာ “နအဖကို ဆန့်ကျင်နေမယ့် အစား ကျနော်တို့နဲ့ လာဆွေးနွေး လှည့်စမ်းပါ” ဆိုတဲ့ အပြောမျိုးတွေလည်း လျှောက်ပြော နေကြပါတယ်။ အားနာစွာနဲ့ ပြောရရင် ဒီလိုပြောနည်းဟာ အင်မတန် စော်ကားတာပါ။ နအဖဟာ ဘယ်သူနဲ့မှ မဆွေးနွေးဘဲ အကြမ်း ကိုင်နေတာကိုတော့ ဘာမှမပြောဘဲ နအဖက လိုက်ဖမ်း - လိုက်သတ်လို့ ရှောင်ထွက် လာရတဲ့လူတွေကို သူတို့က နားချပြမယ်လို့ ဆိုနေတာပါ။ သူတို့အပြောဟာ နအဖကို နာကြည်းစွာ ဆန့်ကျင်နေတဲ့ လူတွေကို ဘယ်လိုမှ ဆွဲဆောင်လို့ မရဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ဒီကြားထဲကပဲ သူတို့တတွေ ဒါမျိုးတွေ လျှောက်ပြောနေတာဟာ သူတို့ကို ထောက်ပံ့နေတဲ့ ဒိုနာတွေ (donor) နဲ့ နအဖကို သိစေချင်လို့ ဖြစ်ပါတယ်။

အရည်မရအဖတ်မရ၊ သတင်းစာမျက်နှာဖုံးမှာ ၀ါဒဖြန့်ဖို့လောက်သာ အဖြေပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်အောင်ကြည် တို့ရဲ့ ဆွေးနွေးပွဲတွေ ဆိုတာဟာ အခု ဘာဖြစ်သွားပြီလဲ။ အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ် ဆိုတော့ရော၊ ဘယ်လို နောက်ဆက်တွဲတွေ ဖြစ်လာမလဲ။ အဲဒီ ဆွေးနွေးပွဲတွေကို နအဖက ဘာလို့ လုပ်စေခဲ့တာလဲ။ တင်းမာမှုတွေ လျော့ပါးစေရေး အတွက်လား၊ အမျိုးသား စည်းလုံး ညီညွတ်ရေး တည်ဆောက်ရေး အတွက်လား။ ဗိုလ်သန်းရွှေတို့က တခါမှ ရေရေရာရာ မပြောခဲ့ပါဘူး။ စကတည်းက ဒါဟာ အနောက်နိုင်ငံတွေရဲ့အာရုံကို ဆွဲဆောင်ဖို့နဲ့ လှည့်စားဖို့သာ ဖြစ်ကြောင်း လူတိုင်း သိခဲ့ကြပါတယ်။ ဒီနေ့ မြန်မာပြည် နိုင်ငံရေးဟာ အဲဒီအဆင့်ကို ကျော်လို့ “ရွေးကောက်ပွဲ” အနားကပ်လာတယ် ဆိုတော့ နအဖက လုပ်နေတာတွေကြောင့် နိုင်ငံရေး တင်းမာမှုတွေ လျော့ပါးစေမယ့် လက္ခဏာတွေ ပေါ်ထွက် လာပါသလား။ အမျိုးသား သွေးစည်း ညီညွတ်ရေး အတွက် အားတက်စရာတွေ ပိုတွေ့လာရပါသလား။ အဖြေက ပြောင်းပြန်ပါ။

ဒီကာလထဲမှာပဲ တိုက်ဆိုင်လို့ပဲလား၊ တမင်ပဲလားမသိ၊ ပဲခူးမြို့ထဲမှာ အရပ်သားလူငယ် (၂) ယောက်ကို စစ်သားတွေက တမင်တကာ သေနတ်နဲ့ ပစ်သတ်ပြီး တွေ့သမျှလူကို စိမ်ခေါ်တဲ့ ကိစ္စတရပ်လည်း ဖြစ်ခဲ့ပါတယ်။ မိုးမှောင်တဲ့ညမှာ ငှက်ဆိုးထိုးသံ ကြားလိုက်ရ သလိုပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နအဖက သူ့လူတွေနဲ့ သူတို့ရဲ့ခါးပိုက်ဆောင်တပ်ကို ပြောင်ကာကွယ် ပြောဆိုသွားသလို နအဖရဲ့ ဒီမိုကရေစီ အောက်က မီဒီယာများကလည်း ပြောင်ပဲနှုတ်ပိတ်၊ လက်ဆွံ့ နေပြခဲ့ကြပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲမတိုင်မီ နအဖလုပ်နေတာတွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ပေါ်ထွက်လာမယ့် အစိုးရဟာ ပိုပျော့ပျောင်းမယ်၊ မတူတဲ့လူတွေနဲ့ အပေးအယူတွေ ပိုလုပ်လာမယ်လို့ ယူဆစရာ ရှိပါသလား။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တော့ တင်ခွင့်ပေးပါရဲ့။ သူတို့ မကြိုက်တာကို မပြောရ၊ မရေးရ၊ မလုပ်ရ ဆိုလို့ကတော့ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွား ကျောင်းရတာပဲ ဖြစ်မှာပါ။ အခု နအဖက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ် ဆိုတော့ အဲဒီရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ အဖွဲ့တွေ၊ လူတွေထဲက ဘယ်သူကများ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စာနာသံ၊ နအဖကို မကျေနပ်သံတွေ ဖော်ပြရဲလို့လဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ပြောရရင်တော့ ကိုယ့်ပြည်သူလူထုမှ တပါး အခြား အားကိုးစရာ မရှိပြီဆိုတာ ပိုလို့၊ ပိုလို့ ထင်ရှားသွားပါပြီ။ မဖြစ်နိုင်တဲ့၊ အကောင်အထည် မရှိတဲ့ အကောင်းမြင် စိတ်တွေကို စွန့်ပစ်ပြီး လက်တွေ့ အကျပ်အတည်းကို ရင်ဆိုင် ကြရပါတော့မယ်။ မကူးနိုင်ရင် မြုပ်သွားနိုင်တဲ့ အခြေအနေ ဖြစ်လာပါပြီ။ ဒီလိုအချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်သူလူထု ထဲကို ဖြန့်ဆင်းဖို့၊ ပြည်သူလူထု ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀န်းရံ ထောက်ခံကြဖို့ အထူး လိုအပ်လာပါပြီ။

မြန်မာပြည်ရဲ့ နိုင်ငံရေးသွင်ပြင်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အရိပ်အရောင်တွေ ပြနေပါတယ်။ အကောင်းဘက်ကို ပြောင်းတာ ဖြစ်မလား၊ အဆိုးဘက်ကို ပြောင်းတာဖြစ်မလား ဆိုတာကတော့ ပါဝင်သူတွေ အပေါ်မှာပဲ မူတည်ပါတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့