..............................

Thursday, September 23, 2010

ကေအိုင်အိုအပေါ် နအဖက ဆက်ဆံရေးဖြတ်

ပေါက်ပေါက်
၂၂ စက်တင်ဘာ ၂၀၁၀

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) က နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မဟုတ် လက်နက်စွန့်ရန် လက်မခံကြောင်း ငြင်းဆိုပြီး နောက်ပိုင်း မြို့ပေါ်ရှိ ကေအိုင်အို ဆက်ဆံရေးရုံးများနှင့် နယ်မြေခံ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့အကြား ဆက်သွယ်ရေး ပြတ်တောက် နေသကဲ့သို့ ကေအိုင်အို တပ်မဟာ (၁) နယ်မြေသို့ စက်လှေ သွားလာမှုကိုလည်း နအဖက ထိန်းချုပ်ထားသည်။

မြစ်ကြီးနား၊ မိုးညှင်း၊ ဟိုပင် အပါအဝင် မြို့ပေါ်ရှိ ကေအိုင်အို ဆက်ဆံရေးရုံးများသို့ နယ်မြေခံ စရဖတပ်ဖွဲ့ဝင်များ လာရောက်ခြင်း မရှိကြတော့ဘဲ ကေအိုင်အို ဆက်ဆံရေးရုံး တာဝန်ရှိသူများက နယ်မြေခံ စရဖနှင့် သွားရောက် တွေ့ဆုံလျှင်လည်း လက်ခံတွေ့ဆုံခြင်း မရှိတော့ကြောင်း ကေအိုင်အို ဆက်ဆံရေး ရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ဆက်ဆံရေး ပြတ်သွားတာပေါ့။ နယ်မြေခံ စရဖတွေကို နေပြည်တော်က အမိန့်ပေးထားလို့ အခုလို လက်ခံ တွေ့ဆုံခြင်း မလုပ်တာလို့ ယူဆရတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် ဇေယျာအောင် ပြောင်းရွှေ့လာတာ တစ်လ ပြည့်တော့မယ်။ တိုင်းမှူးအသစ် ရောက်ပြီဆို (၁) ပတ် (၂) ပတ်အတွင်း သူတို့က လာတွေ့တာပဲဖြစ်ဖြစ်၊ ဒီက သွားတွေ့တာပဲ ဖြစ်ဖြစ် အရင်က ရှိခဲ့တယ်။ အခု တိုင်းမှူးကျတော့ အခုချိန်ထိ တွေ့ဖို့ မပြောလာဘူး” ဟု ပြောသည်။

မေခနှင့် မလိခမြစ်နှစ်သွယ်အကြားရှိ ကေအိုင်အိုတပ်မဟာ (၁) နယ်မြေဘက်သို့ မြစ်ကြီးနားရှိ ဧရာဝတီ မြစ်ဆိပ်မှ စက်လှေ များကိုလည်း ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာနှင့် ဆေးဝါးများ သယ်ဆောင်မှု ကန့်သတ်ထားပြီး မြစ်ဆုံကိုဖြတ်၍ မလိခ မြစ်အတိုင်း ဆန်တက်မှုကိုလည်း နအဖ က ထိန်းချုပ် ထားကြောင်း မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

၎င်းက “ကချင်အဖွဲ့က အရာရှိတဦး ဆေးဝါးပစ္စည်းတွေနဲ့ စက်လှေဂိတ်မှာ ဖမ်းမိကတည်းကစလို့ ဆေးဝါး သယ်တာ ပိတ်ထားပြီ။ ဆန်ကို တခွဲလောက်ပဲ သယ်ရတော့တယ်။ ဆားဆို တပိဿာလောက် အဲလို ကန့်သတ် လိုက်တယ်။ စစ်တပ် ထိုင်ထားတဲ့ မလိခ မြစ်ပေါ်က တီယန်ဇွပ် ကျေးရွာအထိ စက်လှေ သွားရတယ်။ ဟိုဘက်ဆို ကေအိုင်အို နယ်မြေ ရောက်ပြီလေ။ အဲဒါ ရှေ့ဆက် မသွားခိုင်းတော့ဘူး” ဟု ပြောသည်။

ယခုလ အစောပိုင်း၌လည်း ကေအိုင်အိုတပ်ဖွဲ့ဝင်များအား စရဖကတဆင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ သတင်းပို့ပြီး ခွင့်ပြုချက် ရမှသာ ခရီးသွားခွင့် ရှိကြောင်း၊ မြို့ပေါ်ရှိ ဆက်ဆံရေး တာဝန်ကျ ကေအိုင်အို ရဲဘော်များ ယူနီဖောင်း ဝတ်ခွင့် မရှိကြောင်း နအဖဘက်မှ စည်းကမ်း တင်းကျပ်ခဲ့သည်။

ကေအိုင်အိုအဖွဲ့အား နအဖက နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ယမန်နှစ် ဧပြီလမှစ၍ ဖိအား ပေးလာခဲ့ရာမှ စက်တင်ဘာ (၁) ရက် နောက်ဆုံးထား လက်နက်စွန့်ရန် ပြောဆိုမှုအပေါ် ကေအိုင်အိုက လက်မခံနိုင်ကြောင်း ငြင်းပယ်ခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့