ပေါက်ပေါက်
၁၇ စက်တင်ဘာ ၂၀၁၀
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့အခြေချ ကေအိုင်အို တပ်ဖွဲ့ ဝင်များသည် မြို့ပေါ်နှင့် အနီးနား ကျေးရွာများသို့ သွားလာရန် ခက်ခဲ နေသကဲ့သို့ တရုတ်ပြည်ဘက် ကမ်းသို့ သွားလာသည့် ယာဉ်များလည်း ကန့်သတ် ခံနေရကြောင်း သိရသည်။
လိုင်ဇာမြို့၏ တောင်ဘက် (၁ဝ) မိုင်ခန့်အကွာရှိ နအဖစစ်တပ် စခန်းချထားသည့် လဂျားယန် စစ်ဆေးရေး ဂိတ်ကို ဖြတ်ကျော်နိုင်ရန် ကြိုတင်ခွင့်ပြုချက် တောင်းခံနေရပြီး အနီးနား ကျေးရွာများနှင့် တပ်ဖွဲ့၏ စိုက်ခင်းများသို့ပင် သွားရောက်ရန် ခက်ခဲနေကြောင်း လိုင်ဇာရှိ ကေအိုင်အိုအရာရှိငယ်တဦးက ပြောသည်။
၎င်းက “မြို့ပေါ်ကို သွားလာမယ်ဆိုရင် မပခကို ကြိုတင်သတင်းပို့ရတယ်။ ခွင့်ပြုမှ သွားရတယ်ဆိုတော့ သွားလာဖို့ ကျပ်သွားတယ်။ လဂျားယန်ဂိတ်ကို ကျော်ပြီး သွားရတဲ့ စိုက်ခင်းတွေ၊ ရွာတွေကို သွားဖို့ ခက်သွားတယ်။ ဂိတ်က ည(၇) နာရီကနေ မနက် (၇) နာရီအကြား ပိတ်ထားတယ် ဆိုတော့ အရေးပေါ် သွားလာဖို့ ခက်သွားတယ်။ အနီးနား ကျေးရွာလူထုက လိုင်ဇာဆေးရုံ လာတက်တာ များတယ်။ ညအချိန်မတော် အရေးပေါ် ကုသမှုခံယူဖို့ လိုလာရင် လူနာအတွက် ပြဿနာပေါ့” ဟု ပြောသည်။
မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ (၁၄၂) က စခန်းထိုင် တာဝန် ကျနေသည်။
ကေအိုင်အိုနှင့် နအဖတပ်များအကြား စစ်ပွဲပြန်ဖြစ်တော့မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ဒေသခံ လူထုအကြား စိုးရိမ်မှု တိုးပွား လာနေကြောင်း၊ သို့သော် တရုတ်ပြည်ဘက်သို့ ပစ္စည်းများ ကြိုတင် ရွှေ့ပြောင်းမှုများကို တရုတ်နယ်စပ် အာဏာပိုင်များက ပိတ်ထားကြောင်း လိုင်ဇာ ဒေသခံတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့အပတ်က နအဖဘက်က တိုက်လေယာဉ်တစင်း ဒီနယ်စပ်တလျှောက် ပျံပြီး ထောက်လှမ်း သွားတယ် ဆိုတဲ့ သတင်းက ထွက်နေတာ။ လဂျား ယန်ဂိတ်ကလည်း မနှစ်က ကိုးကန့်တိုက်ပွဲ အချိန်တုန်းကလို သံဆူး ကြိုးတွေ လမ်းပေါ်မှာ ချပြီး ကာတာတွေ လုပ်လာတယ် ဆိုတော့ ပိုပြီး စိုးရိမ်လာကြတယ်။ ပြီးတော့ တရုတ်ပြည် ဘက်ကမ်းထဲ ပစ္စည်းတွေ ရွှေ့ပြောင်း၊ သယ်တာတွေ ကိုလည်း တရုတ်ဘက်က လက်မခံဘူး။ ကားတွေ၊ ဆိုက္ကားတွေ သူတို့ဘက်ထဲ ပေးမဝင်ဘူး” ဟု ပြောသည်။
ယမန်နှစ် ဧပြီလအတွင်းကစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ပြောဆိုမှုကို ကေအိုင်အို အပါအဝင် အပစ်ရပ် အဖွဲ့များက ငြင်းဆန် ခဲ့ပြီးသည့်နောက် နှစ်ဖက်အကြား စစ်ရေး ပြင်ဆင်မှုများ၊ တင်းမာမှုများ ရှိခဲ့သဖြင့် ယမန်နှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ် အစောပိုင်းတွင် လိုင်ဇာ ဒေသခံများနှင့် ကေအိုင်အို မိသားစုဝင်များက ၎င်းတို့၏ ပစ္စည်းများကို တရုတ် ပြည်ဘက်သို့ ရွှေ့ပြောင်း မှုများ ပြုလုပ် ခဲ့ကြသေးသည်။
ကေအိုင်အို ထိန်းချုပ်ရာဒေသရှိ ကျေးရွာအုပ်စုများအား ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသည့် နယ်မြေများ အဖြစ် စက်တင်ဘာ (၁၆) ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် သတ်မှတ်ခဲ့သည်။
Ref: ခေတ်ပြိုင်
Monday, September 20, 2010
လိုင်ဇာဒေသခံများ အသွားအလာ ထိန်းချုပ် ကန့်သတ်ခံနေရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment