..............................

Friday, September 24, 2010

ရခိုင်ပြည်နယ်မှ ဆင်ဖြူတကောင် ဖမ်းဆီးရမိပြန်

တက်လူ
၂၃ စက်တင်ဘာ ၂၀၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဆင်ဖြူတကောင်ကို ထပ်မံ ဖမ်းဆီးရမိကြောင်း မောင်တောမြို့နယ် သစ်တော ဦးစီးဌာနမှ သိရှိရသည်။

ယင်းဆင်ဖြူမှာ ဆင်ထီးဖြစ်ပြီး စက်တင်ဘာ (၁၉) ရက်နေ့၌ မောင်တောမြို့နယ် ငါးခူရ ကျေးရွာ အုပ်စု အနီးမှ ဖမ်းဆီး ရမိကြောင်း မောင်တော သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “အခုလောလောဆယ်တော့ ဒီမှာပဲထားပါတယ်။ ယဉ်ပါးအောင်ပေါ့။ အရင်တခေါက်ကလိုမျိုး နေပြည်တော် ကိုပဲ ယူဆောင်မယ်လို့ သိရတယ်။ ဒါဟာ ကျနော်တို့ ရခိုင်မှာတော့ နိမိတ်ကောင်းတယ်လို့ ပြောနေကြတယ်” ဟု ဆိုသည်။

အဆိုပါဆင်ဖြူကို နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) အဖွဲ့များ၊ သစ်တောဦးစီးဌာန တာဝန် ရှိသူများက ပူးပေါင်း ဖမ်းဆီးခြင်းဖြစ်ပြီး ယခုအခါ ဆင်ဖြူကို မောင်တောမြို့နယ် ငါးခူရ ကျေးရွာအုပ်စုမှ သစ်တော စခန်းတွင် ယာယီ ထိန်းသိမ်း ထားကြောင်း သိရသည်။

ယခုရရှိသော ဆင်ဖြူကို မကြာမီ နေပြည်တော်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း၊ ဆင်ဖြူတော်၏ အသက် အရွယ်ကို ကျွမ်းကျင် သူများက စစ်ဆေးဆဲ ဖြစ်ကြောင်း သစ်တော အရာရှိတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်နေ့၌ မောင်တောမြို့နယ်က ရရှိထားသော ဘဒ္ဒ၀တီ အမည်ရှိအသက် (၃၇) နှစ်အရွယ် ဆင်ဖြူကို နေပြည်တော် ရွေတိဂုံ စေတီပုံတူ ဥပ္ပါတသန္တိ စေတီတော် ဝတ္တက မြေနေရာတွင် သြဂုတ်လ (၉) ရက်နေ့က အဆောင် တည်ဆောက်ကာ ထားရှိကြောင်း အစိုးရပိုင် သတင်း မီဒီယာများက ဖော်ပြသည်။

ယခုအကြိမ် ဖမ်းဆီးရမိသော ဆင်ဖြူအပါအဝင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင် မြို့နယ် တို့မှ ဖမ်ဆီးရမိသော ဆင်ဖြူ စုစုပေါင်း (၅) ကောင်ရှိပြီ ဖြစ်သည်။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့