..............................

Monday, September 20, 2010

ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်

NEJ / ၁၇ စက်တင်ဘာ ၂၀၁၀

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သည့် သခင်အုန်းမြင့် အသက် (၉၃) နှစ်သည် ယနေ့နံနက် (၄) နာရီခွဲ အချိန်တွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး၊ သုခ၀တီလမ်း၊ အမှတ် ၃ (ဘီ) နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်သည်။

သခင်အုန်းမြင့်၏ သားဖြစ်သူ ဦးညီက “ဖြစ်တာတော့ ကြာပါပြီ။ လူကြီးပဲ တဖြည်းဖြည်း ဆုတ်တာပေါ့ဗျာ။ (၉၃) နှစ် ဆိုတော့လည်း။ နည်းနည်းလေး အိပ်ရာထဲမှာ လဲနေတာတော့ တလလောက်ရှိပြီ။ လူကြီးနာပါပဲ။ ဒီနေ့မနက် (၄) နာရီခွဲမှာ ဆုံးသွားတာပါ” ဟု ပြောကြားသည်။

သခင်အုန်းမြင့်သည် ထူးထူးခြားခြား ခံစားနေရသည့် ရောဂါမရှိဘဲ အသက်ကြီးလာသဖြင့် လူကြီးနာဖြင့် မီးစာကုန် ဆီခန်း ဆုံးပါးသွားခြင်းသာ ဖြစ်ကြောင်း သိရသည်။

သခင်ဦးအုန်းမြင့်သည် ၁၉၃၃ ခုနှစ်တွင် တို့ဗမာ အစည်းအရုံးကြွေးကြော်သံ စာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေး နယ်ပယ်ထဲ စတင် ၀င်ရောက်ခဲ့သည်။ ထို့နောက် ၁၉၃၈ ခုနှစ်တွင် တိုးတက်ရေး သတင်းစာတွင် သတင်း အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့ကာ သခင် အမည် စတင်ခံယူခဲ့သည်။ ထို့နောက် ဦးချစ်မောင်နှင့်အတူ ထုတ်ဝေသူ နာမည်ခံကာ ဂျာနယ်ကျော်ကို ထုတ်ဝေခဲ့ပြီး ဆောင်းပါးများ ရေးသားခဲ့သည်။

သခင်အုန်းမြင့်သည် နိုင်ငံကို လွတ်လပ်စေချင်သည့်စေတနာ အလွန်ကြီးမားသူဖြစ်သည့် အပြင် လူငယ် မျိုးဆက်များကို နိုင်ငံရေး အသိဉာဏ် ပွင့်လင်းစေသည့် စေတနာ အလွန်ကြီးမားသူ ဖြစ်ကြောင်း မြန်မာသတင်း သမဂ္ဂ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးဇင်လင်းက ပြောကြားသည်။

“သခင်အုန်းမြင့်ကတော့ လူငယ်မျိုးဆက်သစ်တွေကို နိုင်ငံရေးအသိအမြင် ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်။ နိုင်ငံကို လွတ်လပ် စေချင်တဲ့ စေတနာ အလွန်ကြီးတဲ့သူပါ။ သူက သမိုင်းကို စနစ်တကျ မှန်မှန်ကန်ကန် သိအောင် လုပ်တဲ့သူပါ” ဟု ၎င်းက ပြောသည်။

ထို့အပြင် သခင်အုန်းမြင့်သည် လူငယ်နိုင်ငံရေးသမားများကို အကူအညီပေးခဲ့သူ တဦးလည်း ဖြစ်သည်ဟု ဦးဇင်လင်းက ပြောသည်။

၎င်းက “သူ့ဟာ အသက်အရွယ်ကြီးတဲ့တိုင်အောင် ကျောင်းသားသမိုင်းစာအုပ် ကိစ္စ တုန်းကလည်း အာဏာပိုင်တွေရဲ့ ခေါ်ယူ ထိန်းသိမ်းခြင်းကို ခံလိုက်ရတယ်။ ထောင်ထဲလည်း ၀င်ချည် ထွက်ချည်ပါပဲ။ ထောင်ထဲမှာလည်း လူငယ် နိုင်ငံရေး သမားတွေကို သူက အများကြီး ကူညီ ပံ့ပိုးခဲ့ပါတယ်။ အပြင်မှာနေခဲ့တဲ့ တလျှောက်လုံး မှာလည်းပဲ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီခဲ့တယ်။ ပံ့ပိုးခဲ့တယ်။ နိုင်ငံရေး အင်အားစုတွေနဲ့ ပတ်သက်တဲ့ ပွဲလမ်း စတာတွေမှာလည်း သခင်အုန်းမြင့်ဟာ အမြဲတန်း ရှေ့တန်းကနေ လူအား ငွေအား သူတတ်နိုင်သမျှ ၀ိုင်းဝန်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။

သခင်အုန်းမြင့်သည် ယခင်ကာလများကတည်းက အမြဲမပြတ် ဆုံလေ့ဆုံထရှိသည့် မိတ်ဆွေရောင်းရင်းများ နေအိမ်တို့တွင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ ၀ါရင့် နိုင်ငံရေးသမားများ၊ မျိုးဆက်သစ် လူငယ်နိုင်ငံရေး သမားများနှင့်ပါ ထိတွေ့ ဆုံဆည်းမိအောင် အမြဲတန်း ဖန်တီးလေ့ ရှိသူ တဦးဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအတွက် လူမှုအထောက်အကူ သဘောမျိုး လုပ်ဆောင်ရာတွင် အားတက်သရော လုပ်ဆောင်ခဲ့သူ ဖြစ်သည်ဟုလည်း ဦးဇင်လင်းက ပြောသည်။

“သခင်အုန်းမြင့်ရယ်၊ ကျနော်ရယ်၊ ကွယ်လွန်သွားတဲ့ ဗိသုကာဦးကျော်မင်းတို့ဟာ ၁၉၉၉ မေလမှာ အိုင်စီအာစီ မြန်မာနိုင်ငံလာ ရုံးမစိုက်ခင်မှာ အိုင်စီအာစီ ရောက်လာရင် အစဉ်သင့်ဖြစ်ဖို့ အတွက်ဆိုပြီး ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ စာရင်းကို ပြုစုတဲ့နေရာမှာ သူ့ဟာ အံသြ လောက်အောင်ကို တခါတည်း ခရီးသွားခဲ့တယ်။ အပြေးအလွှား လုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရေး အကျဉ်းသား (၁,၆၀၀) ကျော်လောက် ကျနော်တို့ရခဲ့တယ်။ အိုင်စီအာစီအတွက် အခင်းအကျင်းတွေကို သူအများကြီး ကြိုစီစဉ်ပေးခဲ့တာတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

သခင်အုန်းမြင့်သည် လွတ်လပ်ရေးခေတ်တိုက်ပွဲများမှာကတည်းက လူငယ်ဘ၀တွင် တာဝန်ကျေခဲ့သည့် နိုင်ငံရေး သမားကြီး တဦးဖြစ်ပြီး ယခုခေတ်တွင်လည်း သူလုပ်စရာ ရှိသည်များကို တောက်လျှောက် တက်တက်ကြွကြွဖြင့် လုပ်ဆောင်ခဲ့ကြောင်း ဦးဇင်လင်းက ပြောဆိုသည်။

၎င်းက “ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအဖို့တော့ အခုလိုအဘ သခင်အုန်းမြင့် ကွယ်လွန် သွားခြင်းဟာ အင်မတန်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ကျနော်တို့အဖို့ တကယ်ကို အားကိုးရာ တောင်ကြီးတခု ပြိုလဲ သွားသလိုပါပဲ။ အင်မတန်ကို အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး တခုပါပဲ” ဟု ပြောကြားသည်။

သခင်အုန်းမြင်၏ အိမ်ထောင်ဘက်မှာ ဒေါ်မြမြ (ကွယ်လွန်) ဖြစ်ပြီး သားသမီး (၆) ဦးရှိသည့်အနက် သက်ရှိ ထင်ရှား သားသမီး (၄) ဦးသာ ကျန်ရှိသည်။ သခင်အုန်းမြင့်၏ ဈာပနကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရေဝေးသုဿန်၌ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။


သခင်အုန်းမြင့် ကိုယ်ရေးအကျဉ်း။

မွေးသက္ကရာဇ်- ၁၉၁၈၊ ဧပြီ (၂၈)။
မိဘအမည်- ဦးမိုးကောင်း၊ ဒေါ်အေးတင်။
ဇာတိ- လက်ပံတန်းမြို့နယ်၊ ပဲခူးတိုင်း။
ဇနီး- ဒေါ်မြမြ (ကွယ်လွန်)
လိပ်စာ- အမှတ် (၃) (ဘီ)၊ သုခ၀တီလမ်း၊ ကမ္ဘာအေး၊ ရန်ကင်းမြို့နယ်။

၁၉၃၃၊ နိုဝင်ဘာ- တို့ဗမာအစည်းအရုံး ကြွေးကြော်သံစာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့။

၁၉၃၄၊ မတ်လ (၁၀) တန်းအောင်။

၁၉၃၄၊ အောက်တိုဘာ ရန်ကုန်သို့ရောက်၊ ရေကျော် နှင်းပန်းလမ်းတွင် ဂျာနယ်ကျော် ဦးချစ်မောင်နှင့် အတူနေ။

၁၉၃၆၊ “မမြန်မမာသော နှေးပျော့များ” ဆောင်းပါး၊ မြန်မာ့အလင်းသတင်းစာတွင် စတင်ပါရှိ၊ ဈေးနှုန်း သတင်းစာတွင် ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်း အမည်များဖြင့် အခန်းဆက် ၀တ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့။

၁၉၃၇၊ ဧပြီ- ပုသိမ်တွင် ကျင်းပသော တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် တက်ရောက်။

၁၉၃၈၊ ဇွန်- တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်၊ သခင်အမည် စတင်ခံခဲ့၊ ဦးချစ်မောင်နှင့် အတူ ထုတ်ဝေသူ အမည်ခံ၍ ဂျာနယ်ကျော် ထုတ်ဝေ၊ ဂျာနယ်ကျော်တွင် ဆောင်းပါးများ ရေးသားခဲ့။

၁၉၃၉၊ ဇန်န၀ါရီ ဆီမီးခွက် ကလောင်အမည်ဖြင့် ရေးသားသော ဆောင်းပါးတပုဒ်ကြောင့် တိုးတက်ရေး သတင်းစာ အာမခံ အတောင်းခံရ၊ တို့ဗမာ အစည်းအရုံး ဌာနာချုပ် အလုပ် အမှုဆောင် ရွေးချယ်ခံရ။

၁၉၄၀၊ မတ်- အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသားကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ ရမ်းဂါး ကွန်ဖရင့်သို့ တို့ဗမာ အစည်းအရုံး ကိုယ်စားလှယ် အဖြစ် တက်ရောက်။

၁၉၄၂- ၁၉၄၅ ဖက်ဆစ်ဂျပန် ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့။
၁၉၅၈- နိုင်ငံရေးပုဒ်မ (၅) ဖြင့် အထိန်းသိမ်းခံရ၊ ကိုကိုးကျွန်း အပို့ခံရ။
၁၉၈၉- နိုင်ငံရေးပုဒ်မဖြင့် အထိန်းသိမ်းခံရ။
၁၉၉၆- နိုင်ငံရေးပုဒ်မဖြင့် အထိန်းသိမ်းခံရ။

သခင်အုန်းမြင့် ကိုယ်ရေးအကျဉ်းအား http://pyustate.com/2009/10/blog-post_22.html မှ ပြန်လည်ကူးယူဖော်ပြသည်။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့