..............................

Tuesday, August 18, 2009

ဂျွန်ယက်တောအား ပြည်နှင်ဒဏ်ပေးခဲ့ဟု စစ်အစိုးရပြော

ဗထူး
Monday, 17 August 2009 17:45

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ခဲ့သူ အဓိက တရားခံ မစ္စတာ ဂျွန်ဝီလီယံ ယက်တောအား စစ်အစိုးရက အပြစ်ဒဏ် လျှော့ပေါ့ကာ ပြည်နှင်ဒဏ်ပေး၍ နေရပ်ရင်းနိုင်ငံသို့ ထွက်ခွာခွင့် ပြုလိုက်သည်။

နိုင်ငံတွင်းသို့ အလည်ပတ်ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် အတူ မစ္စတာယက်တောသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မှ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ခဲ့မှုကြောင့် စစ်အစိုးရ တရားရုံးမှ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ တားမြစ် ဧရိယာအတွင်း ဝင်ရောက်ခဲ့သည့် ဥပဒေများနှင့် အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ကျခံနေရသူဖြစ်သည်။

ယခုလ (၁၅) ရက်နေ့က အာရှ ၅ နိုင်ငံခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အကြား တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ မစ္စတာ ယက်တောအား အမေရိကန် နိုင်ငံသို့ ပြန်လည် ထွက်ခွာခွင့် ပြုလိုက်ခြင်းဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတို့က သက်ဆိုင်ရာ ဌာနများသို့ မေတ္တာ ရပ်ခံချက် အရ မစ္စတာ ယက်တော၏ ကျန်းမာရေးနှင့် ဘဝရှေ့ရေးတို့ အတွက် စာနာ ထောက်ထား၍ လည်းကောင်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးအနက် ထားရှိခြင်းကြောင့် လည်းကောင်း မစ္စတာ ဂျွန်ယက်တောအား ချမှတ်ထားသော ပြစ်ဒဏ်များ အနက် ထက်ဝက်ကို လျှော့ပေါ့ပြောင်းလဲကာ ကျန်ပြစ်ဒဏ်ကို ဆိုင်းငံ့ဖြင့် ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်လာသည့် အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က ဘန်ကောက်၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် လွှတ်ပေးရန်နှင့် လာမည့်နှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုရန်တို့ကို တောင်းဆိုခဲ့သည်ဟု ပြောဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း သတင်းထောက်များနှင့် တွေ့ဆုံရာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် သူ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး စဉ်းစားပေးရန် တိုက်တွန်းခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။

Ref: ရိုးမ ၃

0 comments:

အပေါ်သို့