..............................

Thursday, August 20, 2009

ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ လုပ်ကြံခံရ ရန်ကုန်တွင် ဆေး ကုသမှု ခံယူ

NEJ / ၁၉ သြဂုတ် ၂၀၀၉

တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) ၉၉၉ တပ်မဟာ အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် အောက်လက် ငယ်သားများ၏ လုပ်ကြံမှုခံရ၍ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ဘာသာရေး ခေါင်းဆောင် တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တပ်မဟာ(၇) ထိုးစစ်ကအပြန်မှာ ၉၉၉ တပ်ရင်း (၇) က တပ်ရင်းမှူး ဗိုလ်စံပြုံး (ဆန်ပြုတ်) လုပ်ကြံ ခံရတဲ့ ကိစ္စအပါအ၀င် အခြားကိစ္စတွေကြောင့် ဗိုလ်ချစ်သူ လုပ်ကြံ ခံရတယ်လို့ သိရတယ်။ ရန်ကုန်ကနေ နိုင်ငံခြားထိ သွားကုဖို့ လုပ်နေကြတယ်။ အခြေအနေ အတော်ဆိုးတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒီကေဘီအေ ၉၉၉ အခြေချဗျူဟာရုံးစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုရွာတွင် နေထိုင်သူ တဦးက “ဒီကိစ္စ ဟုတ်ပါတယ်၊ သတင်း ပိတ်ထားတယ်၊ ခရီးသွားတယ်လို့ ပြောတယ်၊ ဖြစ်တာ ဗိုလ်ဆန်ပြုတ် အသုဘအပြီး ဇွန်လ ကုန်လောက်မှာဖြစ်တာ” ဟု ပြောသည်။

ဒီကေဘီအေ ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ ဗိုလ်စံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ် သည် ပြီးခဲ့သည့် ဇွန် (၂၆) ရက်တွင် အမည်မသိ အဖွဲ့တဖွဲ့၏ ချုံခိုတိုက်ခိုက် ခံရသဖြင့် ၎င်း၏ ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးခဲ့သည်။

ဗိုလ်ဆန်ပြုတ်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လက်အောက် ငယ်သားများ၏ မယုံသင်္ကာ ဖြစ်မှုခံရပြီး တပ်မဟာ(၇) ထိုးစစ်အတွက် မြန်မာ စစ်တပ်မှပေးသည့် သိန်းထောင်ချီသည့် ငွေများနှင့် အခြား စီပွားရေးသမားများ ပေးသည့် ငွေများကို စောချစ်သူက မောင်ပိုင်စီးသည့် အတွက် လုပ်ကြံ ခံရခြင်း ဖြစ်နိုင်သည်ဟု ဒီကေဘီအေနှင့် စီးပွားရေး တွဲလုပ်သူ ကုန်သည် တဦးက ပြောသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ၉၉၉ အခြေချဗျူဟာသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ကောလာ ဟလ သတင်းများသာ ဖြစ်သည်ဟု ပြန်လည် ဖြေကြားသည်။

(၉၉၉) အခြေချဗျူဟာမှူးသည် လွန်ခဲ့သည့်ဇွန်လက နအဖ၏ အထောက် အပံ့ဖြင့် တလနီးပါး ကြာမြင့်ခဲ့သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ရာတွင် အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်ဟု ကရင် အမျိုးသား အစည်းအရုံးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့