..............................

Wednesday, August 19, 2009

လာတော့မယ့် စည်းကမ်းရှိဒီမိုကရေစီရဲ့ ပြယုဂ်တခု

ရဲဘော်ဖိုးသံချောင်း
၁၇ သြဂုတ် ၂၀၀၉

နအဖဗိုလ်ချုပ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (၄) ယောက်ကို ကြပ်ပြေးကို လာဖို့ ခေါ်လိုက်တယ် ဆိုတဲ့ ကိစ္စကို ဗမာပြည်နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သတိပြုမိ ကြပါတယ်။ သူတို့ရဲ့ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်လောက် ယုတ်မာတဲ့ အကြံအစည်တွေ၊ လုပ်ဟန်တွေ ရှိနေတယ် ဆိုတာကိုလည်း နိုင်ငံရေးအကင်း နည်းနည်းလေးပါးသူတိုင်း ရိပ်မိကြပါတယ်။

အမေရိကန်က ကွန်ဂရက်လွှတ်တော်အမတ်ဝက်ဘ် ဗမာပြည်ကို လာတဲ့ ကိစ္စမှာ နအဖ ဗိုလ်ချုပ်တွေဟာ တွေ့ဆုံဖို့ ဖိတ်တာမှာ ဒီအချက်လေးချက်ဟာ ပေါ်လွင်နေပါတယ်။

၁။ နအဖက ဘာကိစ္စနဲ့ ခေါ်တယ်ဆိုတာ မပြောပါဘူး။ ဆင့်စာပို့သလို ပို့လာတာ ဖြစ်ပါတယ်။ လူလူချင်း အပြန်အလှန် လေးစားမှု မျိုးတောင် မဖော်ပြပါဘူး။ ပဒေသရာဇ် မင်းကြီး ဗိုလ်သန်းရွှေဟာ သူ့ရဲ့ပဒေသရာဇ် အာဏာစက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာခံဖို့ ပို့လွှတ်လိုက်တာလို့ ဆိုရင် ရမလားပါပဲ။

၂။ နအဖက ဆင့်ခေါ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ကို လိပ်မူ ဖိတ်ခေါ်တာ မဟုတ်ဘဲ လူနာမည်တွေ တပ်ပြီး ဖိတ်ခေါ်တာဟာ ကြားသိရသူတိုင်းကို ဒေါသ ဖြစ်စေပါတယ်။

၃။ ပိုသတိထားသင့်တာက ဒါဟာ ပထမအကြိမ်မဟုတ်ဘူး၊ ဒုတိယ အကြိမ် ဖြစ်တယ် ဆိုတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာတုန်းကလည်း ဒီလို တခါ လုပ်ခဲ့ပြီးပါပြီ။

၎။ ဖိတ်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ပို့တာ မဟုတ်ဘဲ ဥက္ကဋ္ဌ ဦးအောင်ရွှေရဲ့ အိမ်ကို ပို့တာဟာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ရုံးတို့ အပေါ် ဘယ်လို သဘောထားတယ် ဆိုတာကို သိစေချင်လို့ တမင်လုပ်တယ်လို့ စဉ်းစားစရာ ဖြစ်ပါတယ်။

ဒါတွေက ဖော်ပြနေတာကတော့ နအဖဗိုလ်ချုပ်တွေဟာ အားလုံးကို တမင် အစီအစဉ် ရှိရှိနဲ့ အခုလို လုပ်နေတယ် ဆိုတာပါပဲ။

သူတို့ ဒီလိုလုပ်နေတာမှာ အဓိကရည်ရွယ်ချက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်မှု အတွင်းမှာ သွေးခွဲဖို့ ဖြစ်တယ် ဆိုတာကို လူတိုင်းမြင်ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် အဖွဲ့ထဲမှာမှ နှစ်ခါစလုံး ဒီလူတွေကိုချည့်ပဲ ကွက်ခေါ်တယ် ဆိုတော့ တရားလွန်တယ် လို့တောင် ပြောနိုင်ပါတယ်။ ဒီ အလုပ်အမှုဆောင် အတွင်း တဦးနဲ့တဦး သို့လော - သို့လောတွေ ဖြစ်မကုန်နိုင်ပေဘူးလား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘယ်သူကိုယ်စားပြု တွေ့မယ် ဆိုတာကို ဘာကြောင့် အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့က ရွေးခွင့် မရှိရတာလဲ။ နအဖဟာ ဘယ်တုန်းကများ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ရဲ့ အာဏာတွေကို ရယူထားပြီး ရွေးပေးနေတာလဲ။ နောင်မှာလည်း ဒီလိုပဲ သူတို့ကချည်း ရွေးပေးနေမှာလား။ တကယ်လို့များ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ် ဆိုရင် ကိုယ်စားလှယ်လောင်း အဖြစ် ဘယ်သူတွေကိုရွေး၊ ဘယ်သူတွေကိုတော့ မရွေးနဲ့လို့များ နအဖ ဗိုလ်ချုပ်တွေက သတ်မှတ်နေဦးမှာလား။

သေချာတာကတော့ နအဖဟာ သူတို့ အကောင်အထည် ဖော်တော့မယ့် သူတို့ရဲ့ စည်းကမ်း ရှိတဲ့ ဒီမိုကရေစီကို အမြည်းပေးနေတာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှု ဆိုတာဟာ ဒီလိုပဲ သူများ ပါတီတွေထဲမှာ အလုပ်အမှုဆောင် အဖွဲ့ကို ကျော်လွှားပြီး ဦးဆောင်မှုပေးမယ့် အဓိပ္ပာယ်လို့ ယူဆရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲသာ ပြီးသွားရင် နအဖ ဗိုလ်ချုပ်တွေ ပိုမာနတက်ပြီး အခုလို လုပ်ရပ်တွေ ပိုများလာမယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။

ဗမာပြည်နိုင်ငံရေးမှာ ဗိုလ်နေ၀င်းတယောက်ဟာ သွေးခွဲပြီး အုပ်ချုပ်တယ် (Divide and Rule) ဆိုတာမှာ နာမည်ကြီးခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီလို နာမည်ကြီးတဲ့ လူဟာ အခု နအဖ လုပ်သလို ပါတီ တခုတည်းမှာကိုပဲ ပြောင်သွေးခွဲ ဆက်ဆံတာမျိုး မလုပ်ဝံ့ပါဘူး။ အနည်းဆုံး ကိုယ့်သိက္ခာကိုယ် ထောက်ထားရပါတယ်။ နအဖကတော့ နိုင်ငံရေး ပါတီတွေထဲမှာလည်း ခွဲ။ ငြိမ်းအဖွဲ့တွေ ထဲမှာ ဘယ်သူ့ကို ကြပ်ပြေးခေါ်။ ဘယ်သူ့ကို ချိန်ထားလုပ်ပြီး သွေးခွဲ။ ပါတီ တခုချင်း အတွင်းမှာလည်း ထပ်သွေးခွဲ ဘာမဆိုလုပ်ဝံ့၊ လုပ်ရဲနေပါတယ်။

ဒါတွေကိုကြည့်ရင် နအဖဘာတွေ ကြံစည်နေတယ်ဆိုတာ အလွယ်နဲ့ တွေးကြည့်လို့ ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ၊ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ လွတ်လွတ်လပ်လပ် မလှုပ်ရှား နိုင်စဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချည့်နဲ့သထက် ချည့်နဲ့အောင်၊ ဖြစ်နိုင်ရင် ကွဲသွားအောင် လုပ်ရေး ဆိုတာဟာ ဗိုလ်ချုပ်တွေရဲ့ ဦးစားပေး လုပ်ငန်း တခုဖြစ်တယ် ဆိုတာ အသေအချာ ပြောလို့ရပါတယ်။

ဒါကြောင့် လာတော့မယ့် နအဖရဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ကာလ ဗမာပြည် နိုင်ငံရေးဟာ အင်မတန်မှ ရှုပ်ထွေး၊ အင်မတန်မှ ကောက်ကျစ်တာတွေ တွေ့ရပါလိမ့်မယ်။ ဒီအတွက် အသေအချာစဉ်းစား၊ ပြင်ဆင်ထား ကြရပါမယ်။ ဒါ့အပြင် ပြည်ပ နိုင်ငံတွေရဲ့ သံတမန်ရေး လှုပ်ရှားမှုတွေကလည်း ပိုမိုများပြား၊ ပိုမိုမျက်စိ လည်စရာတွေ တွေ့ရမှာဖြစ်ပါတယ်။ အခုကိုပဲ နအဖကို ရှေ့နေလိုက် ရေးသား ပြောဆိုကြတာတွေကို ဖတ်နေ၊ ကြားနေကြရတယ် မဟုတ်ပါလား။ ကိုယ့်ကိုယ်ကိုယ် အသက် (၈၀) ကျော် နိုင်ငံရေး အတွေ့အကြုံ ကြွယ်ဝသူတွေလို့ ကြေညာပြီး နအဖ ပါးစပ်ကတောင် မထွက်ရဲတဲ့ နအဖ ဗိုလ်ချုပ်တွေကို ချီးမွမ်းခန်းတွေ ပြောထွက်၊ ရေးထွက် နေကြပါတယ်။ ဒါတွေအားလုံးဟာ သူ့အလိုလို သဘာဝကျကျ ပေါ်ထွက်လာတာ မဟုတ်ဘဲ ချိန်ကိုက် ထွက်ပေါ်လာနေတာ ဆိုတာ ရှင်းနေပါတယ်။

ဒီလိုကာလမှာပဲ နအဖစစ်ဗိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်အဖြစ် တနှစ်ခွဲ ချမှတ်တုန်းက ဗိုလ်သန်းရွှေ ပြောခဲ့တဲ့ စကားလုံးတွေလို နအဖဟာ သကာလူးတဲ့ စကားတွေ ပြောပြီး ထောင်ချ လိုက်တာမျိုးတွေလည်း ဆက်တွေ့ရအုန်း မှာပါ။ ဒါတွေကို ဗမာပြည် ပြည်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေ အရ လုံးဝ နားဝင်မှာ မဟုတ်ပေမယ့် နအဖကို ကြံဖန်ပြီး ချီးမွန်းခန်း ရေးနေကြသူတွေ အတွက်တော့ အချက်အလက် တချို့ ဖြစ်ပါလိမ့်မယ်။ အခုကိုပဲ တချို့က အပြစ်မရှိတဲ့လူကို အိမ်ချုပ် တနှစ်ခွဲ ချလိုက်တဲ့ သဘောထားကြီးမှုကို အသိအမှတ် မပြုရ ကောင်းလားလို့ မြန်မာ့အလင်းမှာ ရန်တွေ့နေတာတွေ ဖတ်နေရပါတယ်။ နောင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သွားရင် ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ ဒီပဲယင်းကားလမ်းမှာ ရိုက်သတ်ဖို့ စီစဉ်တာ။ တဦးနဲ့တဦး အာဃာတ မထားချင်လို့ သံဃာတွေကို လမ်းမပေါ်မှာ သတ်ပစ်တာတွေ၊ ထောင်ဒဏ် (၇) နှစ်ချထားတဲ့ နိုင်ငံခြားသားကိုတော့ အိမ်ပြန်ခွင့် ပေးလိုက်ပြီး တမှုတည်းအတွက် တနှစ်ခွဲ အိမ်ချုပ်မိန့် ချထားတဲ့ ကိုယ့်နိုင်ငံသားကိုတော့ အစောင့်တိုး ချထားတာ စတဲ့ စည်းကမ်းရှိ ဒီမိုကရေစီ ပြယုဂ်တွေ ပိုပြီး တွေ့လာရစရာ ရှိပါတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့