..............................

Monday, August 17, 2009

အဓိက တရားခံ ယက်ထော လွတ်

ကိုစိုး
Sunday, 16 August 2009 17:37

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုဖြင့် ထောင် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား စစ်အာဏာပိုင်များ က ပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရသည်။

အဆိုပါ မစ္စတာ ယက်ထောကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် ၏ တောင်းဆိုမှုအရ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ဂျင်မ် ဝက်ဘ်က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မစ္စတာ ယက်ထော လွတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး အပြင် ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးရန် တောင်း ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သတင်းထောက်များကို ပြောဆိုသွားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ ကျနော် မျှော်လင့်ပါတယ်” ဟုလည်း ပြောသည်။

ပြည်တွင်း ပြည်ပရှိ လေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရန် အလားအလာ မရှိကြောင်း သုံးသပ်သည်။

ယခု မစ္စတာ ယက်ထောကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ပြန်လည် လွှတ်ပေးခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးခင်မောင်ဦး ကလည်း ပြောပြသည်။

“နိုင်ငံတော်အကြီးအကဲရဲ့ အမိန့်နဲ့ပေါ့၊ လွှတ်ပေးလိုက်တာ၊ ကျနော် တဆင့် သိရတာပါ၊ အပြုသဘော မြင်ပါတယ်၊ ဝမ်းသာစရာလို့ ပြောရမှာပေါ့”ဟု မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။

မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ယမန်နေ့က တွေ့ဆုံပြီးနောက် ယင်းကဲ့သို့ မစ္စတာ ယက်ထောအား ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ယမန်နေ့က မစ္စတာ ဂျင်မ် ဝက်ဘ်သည် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံ ခဲ့သေးသည်။

ယနေ့ မွန်းလွဲပိုင်းတွင် မစ္စတာ ယက်ထောသည် မစ္စတာ ဂျင်မ် ဝက်ဘ် နှင့် အတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မစ္စတာ ယက်ထော ကို ပြန်လည် လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ချုပ်နှောင်ထိန်း သိမ်းထားပါက အလွန်ဆိုးဝါး၍ မမျှတသော လုပ်ရပ်ပင်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

“မစ္စတာ ယက်ထောကို ပြန်လွှတ်လိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလား အလာကတော့ သူတို့ အာဏာ ပိုင်တွေ အပေါ်မှာပဲ မူတည်ပါတယ်၊ တခုတော့ စဉ်းစားမိတာက သူ့ကြောင့် ဖြစ်ရတဲ့ အမှုဟာ သူက ပြန်သွားခွင့် ရပြီးတော့ ကျန်တဲ့ လူတွေက အချုပ်နဲ့ နေရတာကတော့ လုံးဝ ကြည့်မကောင်းတဲ့ ကိစ္စပဲ၊ တကယ်လို့ ဒေါ်အောင် ဆန်းစုကြည်တို့ အပေါ်မှာ လွတ်ဖို့ ဘာမှ မလုပ်ဘူး ဆိုရင်တော့ အတော် ရုပ်ဆိုးတာပဲလို့ ပြောချင်တယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က နေပြည်တော်၌ မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် ၂၅ မိနစ်ခန့် သီးသန့် တွေ့ဆုံရာတွင် NLD ဗဟို အလုပ် အမှုဆောင်(CEC) အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့် ၊ ဦးညွန့်ဝေ တို့က ဒေါ်အောင်ဆန်း စုကြည်အား ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်းသည် တရားမျှတမှု မရှိကြောင်းနှင့် ပြန်လွှတ်ပေးရေး အတွက် ပြောဆိုခဲ့ကြောင်း သိရသည်။

“ကျနော်တို့ CEC တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးတာ မတရားဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု အများ ယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် သူ့ကို အချုပ်ထဲမှာ ထားပြီးတော့ နိုင်ငံရေး ပြေလည်မှု ဆိုတာ မရနိုင်ဘူး၊ ဒါကြောင့် သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ် ဆိုတာကိုပဲ အဓိက ပြောခဲ့တယ်လို့ သိရပါတယ်၊ မစ္စတာ ဂျင်မ် ဝက်ဘ် ကတော့ ဒီ အချက်အလက်တွေကို သူအာဏာပိုင်တွေကို ပြောခဲ့မယ်တဲ့” ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ယင်း မစ္စတာ ဂျင်မ် ဝက်ဘ်(Jim Webb) သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်း ၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ၊ ယဉ်ကျေးမှု ဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော် တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် တရားသူကြီးချုပ် ဦးအောင်တိုး ဦးဆောင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင် အဖွဲ့၊ ဗိုလ်ချုပ် ဌေးဦး နှင့် ကြံ့ဖွံ့အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့နှင့်လည်း တွေ့ဆုံသည်။

အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာ ကော်မတီ ဥက္ကဌ မစ္စတာ ဂျင်မ် ဝက်ဘ် သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ၎င်း၏ ၂ ပတ်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ်အရ သောကြာနေ့က လာအို နိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်း မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် မျှော်လင့်ချက် မထားကြောင်း လေ့လာသူများက ဝေဖန် ပြောဆိုကြသည်။

လွန်ခဲ့သည့် အင်္ဂါနေ့တွင် စစ်အစိုးရ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ၁ နှစ် ခွဲ ပြစ်ဒဏ် ချမှတ်၍ မစ္စတာ ယက်ထော ကို ထောင် ၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီး ခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့