..............................

Saturday, August 22, 2009

ကေအိုင်အို သြဇာသက်ရောက်မှုမရှိရန် ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက်

ခိုင်လင်း / ၂၁ သြဂုတ် ၂၀၀၉

ယခုလအစောပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အပါအဝင် ကျောက်စိမ်းတွင်း ဒေသရှိ ဒေသခံ လူထုအကြား ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ၏ အာဏာ သက်ရောက်မှု မရှိစေရန် ဖားကန့် စစ်ဗျူဟာမှူးက လုပ်ဆောင်နေသဖြင့် နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာနေသည်။

ကေအိုင်အိုအဖွဲ့၏ တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်၊ ဆိုင်းရာဒေသတွင် အခြေပြု တပ်စွဲထားပြီး ကျောက်စိမ်းတွင်း မှော်များတွင် ဖြစ်ပေါ်နေသည့် အမှုအခင်း ကိစ္စရပ်များအား ဝင်ရောက် ဖြေရှင်းမှုများ ရှိနေသည့် အပေါ် ဖားကန့် စစ်ဗျူဟာမှူးက ယခုကဲ့သို့ ကန့်သတ် ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး ကေအိုင်အို အဖွဲ့က နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို လက်မခံသည့် ကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု အများက ယူဆနေသည်။

ဒေသခံလူထုအတွင်း ဖြစ်ပေါ်သည့် ငွေကြေး အရှုပ်အရှင်းကိစ္စရပ်များ၊ ကျောက်စိမ်း အတု လုပ်ခြင်း၊ ခိုးဆိုး လုယက်မှုနှင့် လိမ်လည်မှုများနှင့် ပတ်သက်သည့် တိုင်ကြားချက် များကို ဒေသအတွင်း အခြေစိုက်သည့် ကေအိုင်အေ တပ်မတော်၊ တပ်ရင်း (၆) က ဖြေရှင်းပေးလေ့ ရှိသည်။

ယင်းလုပ်ရပ်များကို ကေအိုင်အိုက ၀င်ရောက်စွက်ဖက်သည်ဟု ဆိုကာ တိုင်ကြားရန် ဖားကန့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်က ဌာနဆိုင်ရာ အာဏာပိုင်များအား အမိန့်တရပ် ထုတ်ထားသည်ဟု ဖားကန့်မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗျူဟာမှူးက ပြောထားတာက ကချင်အဖွဲ့က ဝင်ရှုပ်တာကို မလိုချင်ဘူးပေါ့။ ပြည်သူ လူထုတွေက သူတို့ကို ယုံကြည် အားကိုးလာအောင် လုပ်ဖို့ လိုတယ်ပေါ့။ တခုခုဖြစ်လာရင် သက်ဆိုင်ရာကို လာတိုင်ကြားနိုင်အောင် ပညာပေး စည်းရုံးဖို့ လိုတယ်ပေါ့။ ကချင်အဖွဲ့ ဝင်ရှုပ်နေတာ တွေ့ရင်လည်း လာတိုင်ကြားဖို့ အဲလို ပြောထားတယ်” ဟု ပြောသည်။

လုံးခင်းနှင့်ဖားကန့်မြို့မှလွဲ၍ ကျောက်စိမ်းမှော်နေရာ အတော် များများတွင် ကေအိုင်အို အဖွဲ့က ဆယ်စုနှစ် အတော်ကြာ စီမံ ခန့်ခွဲ အုပ်ချုပ်နေခဲ့ ရာမှ ၁၉၉၄ ခုနှစ်၊ ကေအိုင်အိုနှင့် စစ်အစိုးရ အကြား အပစ်ခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကျောက်စိမ်းတွင်း သွားရာ လမ်းတွင် အခွန်ကောက်ခွင့်၊ ကျောက်စိမ်း မှော်များရှိ ကျောက်တွင်းများတွင် အခွန်ကောက်ခွင့်များ ကေအိုင်အိုက လက်လွှတ် ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့တဲ့သည့်လ ပထမပတ်အတွင်း ဖားကန့်ဒေသ ရေကြီးမှု ဖြစ်စဉ်တွင် ရေကန် ဖောက်ချခဲ့သည့် တစ်သုံးလုံး ကုမ္ပဏီအား အပြစ်ရှိသည့် အတွက် လမ်းများ ပျက်စီးမှုအပေါ် ရှင်းလင်းပေးရန် ကေအိုင်အို အဖွဲ့က ပြောဆိုမှု အပေါ် ဖားကန့် စစ်ဗျူဟာမှူးက ကန့်ကွက်ပြီး နောက်ပိုင်း နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေသည်ဟု ဖားကန့်က လာသည့် သတင်းများအရ သိရသည်။

“အခုက မှော်ထဲမှာ တရုတ်နဲ့ ဗမာပဲ အများဆုံး တွေ့ရတယ်။ ကချင်အဖွဲ့ တွေလည်း မတွေ့ရတော့ဘူး။ ကချင်တွေတောင် သိပ် မရှိတော့ဘူး။ အရင်ကဆို ကချင်ငြိမ်းချမ်းရေး အဖွဲ့တွေ ဖားကန့်နဲ့ ဆိုင်းတောင်တွေမှာ ရောက်လာတာ တွေ့ရသေးတယ်” ဟု ဖားကန့် ဒေသခံ တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့