..............................

Tuesday, June 9, 2009

တက္ကသိုလ်ဝင်တန်း အောင်စာရင်း အချိန်စောပြီး ထုတ်ပြန်၊ ဂုဏ်ထူး နှင့် အောင်သူ အလွန်များပြား

NEJ / ၈ ဇွန် ၂၀၀၉

ယမန်နေ့ ဇွန်လ (၇) ရက်၌ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို စောပြီး ထုတ်ပြန်ခဲ့ရာ နာမည်ကြီး ကျောင်းများ အောင်ချက် ကောင်းခဲ့ပြီး ဂုဏ်ထူးထွက်သူများလည်း အလွန်များကြောင်း ရန်ကုန်မြို့ နာမည်ကြီး အ.ထ.က ကျောင်း တကျောင်းမှ ဆရာမ တဦးက ပြောသည်။

၎င်းက “ဒဂုံ အ.ထ.က (၁) မှာ ဆိုရင် (၈၃၃) ယောက် ဝင်ဖြေတယ်။ အောင်ချက်က (၈၄) ရာခိုင်နှုန်းကျော် ရှိတယ်။ ထူးခြားတာက အဲဒီအထဲမှာ ဘာသာစုံ ဂုဏ်ထူးရှင် (၇၂) ယောက်တောင် ပါတယ်။ ရိုးရိုးအောင်တာက (၃၃) ရာခိုင်နှုန်းပဲ ရှိပြီး (၆၇) ရာခိုင်နှုန်းကတော့ ဂုဏ်ထူးတွေနဲ့ အောင်ကြတယ်” ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို စစ်ဆေးရာတွင် ပါဝင်ခဲ့သူ ရန်ကုန်မှ တက္ကသိုလ် ဆရာမ တဦးကမူ ယခုနှစ် အဖြေလွှာ စစ်ဆေးရာတွင် အောင်စာရင်း အမြန် ထုတ်နိုင်ရေး အတွက် တက်သုတ်ရိုက် စစ်ဆေးရကြောင်း၊ အောင်မှတ် အတွက် အလျင်အမြန် စစ်ဆေးပေးရပြီး ဂုဏ်ထူး ရမှတ်များအတွက် နောက်မှ စစ်ဆေးသည့် စနစ် ကျင့်သုံးကြောင်း၊ အလျင်အမြန် စစ်ဆေး ရသောကြောင့် အမှတ်ပေးရာတွင် ပြဿနာ မပေါ်စေရန် လိုအပ်သည်ထက် ပိုပေးသည့်နည်းကို ဆရာမ အားလုံး ကျင့်သုံးကြကြောင်း၊ ထိုကြောင့် ယခုနှစ် ဂုဏ်ထူးထွက်သူ များမည်ဖြစ်ကြောင်း ရှင်းပြသည်။

ရန်ကုန် ဒဂုံ အ.ထ.က (၁) မှ အောင်ချက် (၈၄) ရာခိုင်နှုန်းရှိပြီး၊ မော်လမြိုင် အ.ထ.က (၈) မှ (၈၅) ရာခိုင်နှုန်း၊ အ.ထ.က (၉) မှ (၇၉) ရာခိုင်နှုန်း ရှိပြီး ဂုဏ်ထူး ထွက်သူများလည်း အလွန် များပြားကြောင်း လောလောဆယ် စုံစမ်းသိရသည်။

တောင်ဒဂုံ အ.လ.က (၃) တွဲဖက်အထက်တန်း ကျောင်းတွင်မူ ဘောဂဗေဒ ဘာသာတွဲ ဝင်ရောက်ဖြေဆိုသူ (၈ဝ) ကျော်အနက် (၁၇) ယောက်သာ အောင်မြင်သဖြင့် အောင်ချက် အလွန်နည်းကြောင်း သိရသည်။

နအဖစစ်အစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူ နှစ်စဉ် (၅) သိန်း ပတ်ဝန်းကျင်ရှိပြီး၊ ၂ဝဝ၄ ခုနှစ်အထိ (၃၆) ရာခိုင်နှုန်းကျော် အအောင် ပေးခဲ့သည်။

၂ဝဝ၅ ခုနှစ်ကစပြီး အဝေးသင်တက္ကသိုလ်တက်သူ အရေအတွက် လျှော့ချနိုင်ရန် အောင်ချက် ရာခိုင်နှုန်းကို (၃ဝ) ရာခိုင်နှုန်း အောက်အထိ လျှော့ချခဲ့ပြီး၊ နဂို (၁) နှစ် ကျောင်းသားဦးရေ (၂) သိန်းနီးပါး အအောင် ပေးရာကနေ (၁) သိန်း (၂) သောင်း ပတ်ဝန်းကျင် အထိ လျှော့ချခဲ့သည်။

နအဖစစ်အစိုးရ ပညာရေးစနစ်သည် သူငယ်တန်းမှ (၈) တန်းအထိ ကျရှုံးမှု မရှိ အတန်းတင် ပေးသည့် စနစ် ဖြစ်သည်။ တက္ကသိုလ် ဝင်တန်းများနှင့် ပတ်သက်၍ ဘာသာရပ် အလိုက် အောင်မှတ် (၄ဝ) ရသူများကို အအောင်ပေးသည့် စနစ် ကျင့်သုံးခြင်း မဟုတ်ဘဲ ၎င်းတို့ လိုအပ်သည့် အရေအတွက်ကို လိုက်ပြီး အောင်မှတ်ကို အလျှော့အတင်းလုပ် အအောင်ပေးလေ့ ရှိသည့်အတွက် အချို့နှစ်များတွင် ဘာသာတချို့၏ အောင်မှတ်သည် အမှတ် (၂ဝ) အောက်အထိ ရောက်သွားခဲ့ဖူးသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ပုံမှန်အားဖြင့် ဇူလိုင်လ အတွင်း ထုတ်ပြန်ပေးလေ့ ရှိသော်လည်း ယမန်နှစ်တွင် ဇွန် (၂၁) ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီး ယခုနှစ်တွင်မူ ဇွန် (၇) ရက်တွင် ထုတ်ပြန် ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အောင်စာရင်းများ စောပြီး ထုတ်ပြန်ပေးရခြင်းသည် လာမည့် စာမေးပွဲ ရာသီကို နှစ်ကုန် ဒီဇင်ဘာ အပြီး ကျင်းပမည်၊ ၂ဝ၁ဝ နှစ်ဆန်း ရွေးကောက်ပွဲ မတိုင်ခင်အပြီး ကျောင်းများ ပိတ်ထားရန် ဖြစ်သည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့