..............................

Friday, June 12, 2009

လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံတွင်းကျ ထိုင်းမှ မြန်မာ ဘက်သို့ ကန့်ကွက်စာ ပေးပို့

NEJ / ၁၁ ဇွန် ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီး ကျည်အချို့ ထိုင်းနိုင်ငံဘက် ကျရောက်ခဲ့သဖြင့် ထိုင်းဘက်မှ မြန်မာဘက်သို့ ကန့်ကွက်စာ ပေးပို့ထားသည်။

ယမန်နေ့က တပ်မဟာ (၇) နယ်စပ်ဒေသနှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်း မြို့နယ်အတွင်းသို့ လက်နက်ကြီး ကျည် (၂) လုံး ကျရောက်ခဲ့သည့် အတွက် ထိုင်းဘက်မှ မြန်မာဘက်သို့ ကန့်ကွက်ခြင်းဖြစ်သည်။

ထိုင်းမြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC) ဥက္ကဋ္ဌနှင့် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ပဒုံယင့် ဖိုင်းဘွန်းစို့က “ထိုင်းဘက်ကို လက်နက်ကြီးတွေ ကျတဲ့အတွက် မြန်မာနယ်ခြား ကော်မတီကို ကန့်ကွက်စာ ပေးပို့ထားတယ်။ နောက်ကို ဒီလိုပဲ လက်နက်ကြီးတွေ ထပ်ကျလာမယ် ဆိုရင် ပထမအကြိမ် သတိပေးတဲ့ အနေနဲ့ မီးခိုးဗုံးတွေနဲ့ အချက်ပေး ပစ်ခတ်မှာဖြစ်တယ်။ အဲလို အချက်ပေးတဲ့ ကြားက လက်နက်ကြီးတွေ ထပ်ကျလာမယ် ဆိုရင် ထိုင်းဘက်က ပြန်ပြီး ပစ်ခတ်ရမှာ ဖြစ်တယ်” ဟု ယမန်နေ့က ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ၏ မှတ်တမ်းများအရ တိုက်ပွဲကာလ အတွင်း ယခုလ (၈) ရက်တွင် လက်နက်ကြီးကျည် (၃) လုံးနှင့် (၉) ရက်တွင် လက်နက်ကြီးကျည် (၄) လုံး ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်း မြို့နယ် အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။

ယခုလဆန်း (၂) ရက်နေ့မှ စတင်သည့် နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များက တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ခဲ့သည်မှာ (၁၀) ရက်ရှိပြီဖြစ်သည်။ နေ့စဉ် တဖက်နှင့်တဖက် အပြန်အလှန် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ မရှိသော်လည်း ပူးပေါင်း အဖွဲ့များက အဝေးမှ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်သောကြောင့် လက်နက်ကြီးကျည် အချို့ ထိုင်းဘက်သို့ ကျရောက် ပေါက်ကွဲခြင်းဖြစ်သည်။

၎င်းတိုက်ပွဲများ၏ဂယက်ကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ် တို့မှ ဒေသခံ ရွာသား (၄,၀၀၀) ခန့်မှာ စစ်ပြေး ဒုက္ခသည်များ အဖြစ် ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်တွင် ခိုလှုံနေကြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့