..............................

Thursday, June 11, 2009

နယ်ခြားစောင့်ရန် ကချင်အဖွဲ့ သဘောမတူ

Wednesday, 10 June 2009

စစ်အစိုးရ၏ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များက ယနေ့ ပြောကြား လိုက်သည်။

KIO၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)သည် မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်သည့်အချိန်မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း တာဝန်ယူနိုင်မည် ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဧရာဝတီကို ပြောသည်။

“တခုလုံးအနေနဲ့ အသွင်ကူးပြောင်းဖို့ ဆိုတာ တချိန်ချိန် တခါခါမှ စဉ်းစားမယ်” ဟု ဒေါက်တာ လဂျာက ရှင်းပြသည်။

လူထု၏ သဘောထား၊ ကချင်တပ်ဖွဲ့ဝင်များ၏ သဘောထားများကို တောင်းခံရန် လိုအပ်သည်ဟု ဒေါက်တာ လဂျာက ပြောသည်။

စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံရန် KIO ၏ အောက်ခြေ အဖွဲ့ဝင်များ၊ ကချင် အဖွဲ့အစည်းများက ကချင် ခေါင်းဆောင်များကို ဖိအားပေးနေသည်ဟု KIOနှင့် နီးစပ်သူများထံမှ သိရသည်။

KIO ခေါင်းဆောင်များက အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခြင်း မရှိကြောင်း၊ နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလဲရေးမှာ အချိန်အခါ မသင့်သေးကြောင်း KIO ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်သူ ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပြီး အစိုးရ တရပ် ပေါ်ပေါက် လာရေးကို ပထမဦးဆုံး ဆောင်ရွက်ရမည် ဖြစ်သည်ဟု သူက ဆိုသည်။ အစိုးရသစ် ပေါ်ပေါက်လာပြီး နောက်မှသာ KIO၏ တပ်များ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းရေး အစီအစဉ်ကို ကချင် ခေါင်းဆောင်များက ပြန်လည် စဉ်းစားမည်ဟု ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

“နိုင်ငံတခုမှာ စစ်တပ်တွေ အများကြီး မရှိသင့်ဘူး ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိသေးဘူး ဆိုတော့ လက်နက်ကိုင် အဖွဲ့က တခုမက ရှိနေမှာပါ” ဟု ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို တရားဝင် တုံ့ပြန်ခြင်း မပြုရသေးဟု ဂျိမ်းစ်လွမ်ဒေါင်က ရှင်းပြသည်။ မကြာမီ ကာလအတွင်း စစ်အစိုးရ ကိုယ်စားလှယ် များနှင့် ထပ်မံ တွေ့ဆုံမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် Kachin News Group ၏ အင်္ဂါနေ့၌ ထုတ်ပြန်သည့် သတင်း တပုဒ်တွင် ကချင် ခေါင်းဆောင်များက စစ်အစိုးရ၏ အဆိုပြုချက်ကို လက်ခံပြီးဖြစ်သည်ဟု ရေးသားထားသည်။ သို့သော်လည်း “KIA တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အလို အလျောက် ပြောင်းလဲမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း” ဟု ရေးသားထားသည်။

မေလ ၁၂ ရက်နေ့ကလည်း ပြည်ပ အခြေစိုက် ကချင်အဖွဲ့အစည်း ၅ ခုက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချထားသည်။ ကချင်လက်နက်ကိုင် အဖွဲ့များကိုလည်း အဆိုပါ ကမ်းလှမ်းချက်အား လက်မခံရန် ၎င်းတို့က တိုက်တွန်းထားသည်။

KIA သည် ၁၉၉၄ တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် စတင် ရပ်စဲခဲ့သည်။ ယခုအခါ လက်နက်ကိုင် အင်အား ၄ဝဝဝ ခန့်ရှိသည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသ သတင်းရပ်ကွက် တခု၏ အဆိုအရ မြန်မာအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယမန်နေ့က ရှမ်းပြည်နယ်သို့ သွားရောက်ပြီး NDAA ဟု ထင်ရှားသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ဝ၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့များကလည်း စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင် ပြောင်းရေး ကမ်းလှမ်းချက်ကို သဘောတူခြင်း မရှိသေးပေ။ ထိုအဖွဲ့များက စစ်အစိုးရ၏ အုပ်ချုပ် ကွပ်ကဲမှုကို လက်ခံလိုခြင်း မရှိဟု သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့