..............................

Friday, June 12, 2009

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်မူဝါဒ ဒေါ်အောင်ဆန်းစုကြည် အမှုပေါ် တည်၍ စဉ်းစားသွားမည်

NEJ / ၁၁ ဇွန် ၂၀၀၉

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒကို ပြန်လည် စဉ်းစားရန် သဘောထား ရှိကြောင်း အမေရိကန်အစိုးရ၏ အာရှဆိုင်ရာ ထိပ်တန်း သံတမန် တဦးက ပြောကြားသည်။

အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး နေရာတွင် သမ္မတ အိုဘားမား၏ အဆိုတင်သွင်းခြင်း ခံရသူ Kurt Campbell က ယမန်နေ့၌ ပြုလုပ်သည့် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စဉ်စားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာ စစ်အစိုးရ၏ ပြင်းထန်သည့် ကိုင်တွယ်မှု များကြောင့် အမေရိကန်က မြန်မာ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရန် သဘောထား ပြောင်းလဲ လုပ်ဆောင်နေမှုကို အဟန့်အတား ဖြစ်စေသည်ဟုလည်း Kurt Campbell က ပြောကြား ခဲ့ကြောင်း ၀ါရှင်တန်မှလာသည့် အေပီ သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သည့် တရားခွင်မှ ထွက်ပေါ်သည့် အဖြေပေါ် မူတည်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို အမေရိကန် အစိုးရက အဓိကထား စဉ်းစား သွားလိမ့်မည် ဟုလည်း မစ္စတာ Campbell က ပြောကြားသည်။

မြန်မာစစ်အစိုးရက လူ့အခွင့်အရေးကို လေးစားလိုက်နာ လာရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရည်ရွယ်၍ အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ အပေါ် မူဝါဒ အပြောင်း အလဲ လုပ်ရန် အထူးအလေးထား စဉ်းစားနေသော်လည်း မြန်မာ အစိုးရနှင့် ပိုမိုထိတွေ့ ဆက်ဆံရေးသည် တားမြစ် ပိတ်ဆို့မှုများကို ဖယ်ရှားသည့် သဘော မဟုတ်ကြောင်း မစ္စတာ Campbell က အလေးထား ပြောကြားခဲ့သည် ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာရှသို့ ခရီးထွက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စက် ကလင်တန် က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် စစ်အစိုးရအပေါ် အမေရိကန်၏ ပိတ်ဆို့ တားမြစ်မှုများ အပါအ၀င် အိမ်နီးချင်း နိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးများ သည် ထိရောက်မှု မရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အကောင်းဘက်သို့ ရှေးရှုသည့် အပြောင်းအလဲ ဖြစ်ပေါ်စေရေး အတွက်လည်း ဒေသတွင်း နိုင်ငံများနှင့် ပူးတွဲဆောင်ရွက် သွားရန် အမေရိကန် အစိုးရက အစီအစဉ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့