..............................

Friday, June 5, 2009

ကေအန်ယူတပ်မဟာ (၇) ကို နအဖနှင့် ဒီကေဘီအေ ထိုးစစ်ဆင်

NEJ / ၄ ဇွန် ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံ ခရိုင် ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင်ရန် အင်အား ဖြည့်တင်း လာသောကြောင့် မိမိတို့တပ်ရင်းတပ်ဖွဲ့ အသီးသီးကို တပ်လှန့်ထားကြောင်း တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။

ယမန်နေ့က နအဖတပ်မ (၂၂) လက်အောက်ခံ တပ်အချို့နှင့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးသို့ ထိုးစစ်ဆင်ရန် ချဉ်းကပ် လာသောကြောင့် တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး နအဖနှင့် ဒီကေဘီအေဘက်မှ တဦး ကျဆုံးပြီး (၃) ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

တပ်မဟာ (၇) မှူးက “မနေ့မနက် (၁၁) နာရီမှာတကြိမ်၊ မွန်းလွဲ (၃) နာရီမှာတကြိမ်၊ တိုက်ပွဲ (၂) ခါဖြစ်တယ်။ သူတို့ဘက်က တယောက်ကျပြီး (၃) ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ ဘက်ကတော့ ထိခိုက်ကျဆုံးတာ မရှိဘူး။ အခုလည်း သူတို့အင်အားတွေ ထပ်ဖြည့်နေတယ်။ အဓိက တပ်မဟာ (၇) ဒေသကို တိုက်ခိုက်ဖို့ပဲ။ ကျနော်တို့ ကတော့ ခုခံစစ်ကို ဆင်နွှဲသွားမှာပဲ။ သူတို့ လာတိုက်တာကို မခုခံလို့ ဘယ်ဖြစ်မှာလဲ" ဟု ခေတ်ပြိုင်သို့ ပြောသည်။

နအဖအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသရွေ့ ကာလပတ်လုံး နိုင်ငံရေး ပြဿနာများ ဆက်လက် ကြီးထွားနေမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရကြောင်း ၎င်းက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရှေ့ပြေးအဖြစ် တက်လာသည့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များ၏ တပ်ရင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ အရာရှိငယ် တဦးက ယခုကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း ပြောသည်။

၁၉၉၄ ခုနှစ်ကုန်ပိုင်းက ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှခွဲထွက်ပြီး နအဖ ကျောထောက်နောက်ခံဖြင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ကို ဘုန်းတော်ကြီး ဦးသုဇန ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့တွင် လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု သိရပြီး နအဖနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လာမည့်နှစ်တွင် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို ပထမဆုံး ကြိုဆို ထောက်ခံသည့် အဖွဲ့ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့