..............................

Friday, June 5, 2009

ကေအန်ယူတပ်မဟာ (၇) ကို နအဖနှင့် ဒီကေဘီအေ ထိုးစစ်ဆင်

ဝီရ / ၄ ဇွန် ၂၀၀၉

ကရင်နီပြည်တွင် အပစ်ရပ်အဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး ဖြစ်သည့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲ ဝင်ရေး ကမ်းလှမ်းချက်အား လက်ခံ လိုက်ပြီးသည့်နောက် အင်အားချည့်နဲ့သော ကျန်အဖွဲ့ငယ် များကလည်း အလားတူ လိုက်လံ ဆောင်ရွက်ကြရန်သာ ရှိကြောင်း ကလလတ အဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

“ဦးထွန်းကျော်က ကရင်နီအပစ်ရပ်အဖွဲ့တွေထဲမှာ သြဇာ အရှိဆုံးပေါ့။ စီးပွားရေး အပိုင်းမှာလည်း အတောင့်တင်းဆုံးပဲ။ ဦးတေဇနဲ့ ဆက်စပ်ပြီး ဒီကရင်နီ ပြည်ထဲက အဖိုးတန် သယံဇာတတွေနဲ့ အခြေခိုင်နေတော့ သူ့ရှေ့ရေးကလည်း အဲဒီအပေါ်မှာ မူတည်နေတယ်။ နယ်ခြားစောင့်တပ် ပြောင်းဖို့ အလွယ်တကူပဲ လက်ခံခဲ့တယ်။ လွန်ခဲ့တဲ့မေလက သဘောတူညီမှု ရခဲ့တာပေါ့” ဟု ၎င်းက ပြောသည်။

ကရင်နီပြည်နယ်အတွင်း လှုပ်ရှားနေသော အပစ်ရပ် လက်နက်ချသည့် အဖွဲ့အားလုံး (၅) ဖွဲ့ ရှိသည်။ ထိုအဖွဲ့များမှာ ခန့်မှန်းအင်အား (၁,၆၀၀) ခန့် ရှိသော ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး၊ လက်ရှိအင်အား (၆၀၀) ခန့်ရှိသော ဦးသန်းစိုးနိုင်နှင့် သန်းပလန်တို့ ဦးဆောင်သည့် ကယန်းပြည်သစ် ပါတီနှင့် အင်အား (၁၀၀) အောက်ရှိ အခြားအပစ်ရပ် အဖွဲ့ငယ် (၃) ဖွဲ့တို့ ဖြစ်သည်။

အင်အားကြီးအဖွဲ့ဖြစ်သည့် ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်များကို လက်ခံ လိုက်သဖြင့် အင်အား ချည့်နဲ့သော အဖွဲ့ငယ်လေးများ ကလည်း အလိုအလျောက် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးအတွက် လက်ခံရမယ့် အနေအထား ရှိနေသည်ဟုလည်း ကရင်နီ သတင်းအေဂျင်စီ ကန္တာရ၀တီတိုင်း(မ်)မှ အယ်ဒီတာတဦး ဖြစ်သူ ကိုစေးရယ်စိုးက ပြောသည်။

အဆိုပါ အဖွဲ့များမှာ ဒီမောဆိုမြို့နယ်၊ ဒေါတမကြီး၊ အမှတ် (၂) ခရိုင်၊ မောချီးဒေသ၊ ဘောလခဲ အရှေ့ဘက်ခြမ်း အခြေစိုက် ဗိုလ်လီးရယ် ဦးဆောင်သည့် နဂါးအဖွဲ့ (ကေအန်ဒီပီ) အဖွဲ့၊ အမှတ် (၃) ခရိုင် ဟိုဟာအဖွဲ့ (ဦးဂိုရီ ဦးဆောင်) နှင့် အမှတ် (၂) ခရိုင် မောချီးဒေသ အခြေစိုက် ကရင်နီ သွေးစည်းညီညွတ်ရေး အဖွဲ့(ကေအန်အက်စ်အို) တို့ဖြစ်သည်။

ကိုစေးရယ်စိုးက “ဒီအဖွဲ့ (၃) ဖွဲ့က အင်အားနည်းတာကြောင့်ရယ်၊ ပြီးတော့ နယ်မြေ တွေကိုလည်း နအဖတို့က စီစဉ် ထားပေးပြီးသား ဆိုတော့ နအဖ ကမ်းလှမ်းသလို လိုက်လုပ်ရမယ့် အနေအထားမှာပါ။ ဟိုဟာအဖွဲ့တို့ ဆိုလို့ရှိရင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် အဆင့် မရှိသလောက် ဖြစ်နေတယ်။ သူတို့ အဖွဲ့တွေကို နအဖကလည်း ဖိအား ပေးထားပြီးသား ဆိုတော့လေ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

နဂါးအဖွဲ့ ခေါ် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (ကေအန်ဒီပီ) သည် ပြီးခဲ့သည့် ၂ဝဝ၈ ခု စက်တင်ဘာတွင် နအဖ စစ်အစိုးရ၏ လက်နက် သိမ်းဆည်းခြင်း ခံရသည့်အဖွဲ့ ဖြစ်သည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်ခြင်းသည် အောက်ခြေအဆင့် အင်အားစုများကို ထိန်းသိမ်း သွားနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်တဦးက ပြောသည်။

သို့သော် ကယန်းပြည်သစ်ပါတီ (ကေအန်အယ်လ်ပီ) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရေးကို လက်မခံကြောင်း ကြေညာထားပြီး ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သော်လည်း အရပ်သား ပါတီအဖြစ် ဝင်ပြိုင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းသည် ယင်းအဖွဲ့မှ ခေါင်းဆောင် အချို့က ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် လက်ခံလိုက်ခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများ ရှိနေပြီး ခေါင်းဆောင်ဖြစ်သူ ဦးထွန်းကျော်သည် မြန်မာပြည်တွင် သာမက စင်ကာပူနှင့် ထိုင်းနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများနှင့် အိုးအိမ်များရှိကြောင်း မယ်ဟောင်ဆောင် နယ်စပ်မှ ကလလတ အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့