..............................

Friday, June 5, 2009

အထိန်းသိမ်းခံတဦးကို လွှတ်ပေးရန် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ

NEJ / ၄ ဇွန် ၂၀၀၉

ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးရှေ့၌် ယနေ့နံနက် (၁၀) နာရီခန့်တွင် အထိန်းသိမ်းခံ တဦးကို ပြန်လည် လွှတ်မြောက်ရေး အတွက် ကူညီရန် ဆန္ဒပြသူ (၆) ဦးက တောင်းဆို ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများမှ အမျိုးသမီး (၂) ဦးနှင့် ကလေး (၄) ဦးတို့ ပါဝင်ကာ ဆယ်မိနစ်ခန့်သာ သံရုံးရှေ့တွင် ဆန္ဒ ပြနိုင်ခဲ့ကြပြီး အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံလိုက်ရကြောင်း အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ အမည် မဖော်လိုသူ ၀န်ထမ်းတဦးက ပြောသည်။

ဆန္ဒပြသူများသည် သံရုံးကို အနှောင့်အယှက်ပေးမှု မရှိသည့်အပြင် ၎င်းတို့၏ တသီးပုဂ္ဂလ လိုလားချက်ကိုသာ တောင်းဆိုသွားသည့် အတွက် သံရုံးအနေဖြင့် ၎င်းတို့အား အာဏာပိုင်များက အရေး မယူစေချင်သည့် ဆန္ဒရှိကြောင်း အထက်ပါဝန်ထမ်းက ပြောသည်။

ဆန္ဒပြသူတို့သည် မည်သည့် အထိန်းသိမ်းခံ၏ မိသားစုဝင်များ ဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက အန်အယ်လ်ဒီလူငယ် ကိုထွေးသိန်း၏ မိသားစုဝင်များ ဖြစ်မည်ဟု မှန်းဆ နေကြသော်လည်း အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးအုံးကြိုင်က အတည် မပြုနိုင်သေးကြောင်း ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့