..............................

Thursday, June 4, 2009

အပြီးသတ်လျှောက်လဲချက် ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

ကိုစိုး
Wednesday, 03 June 2009 20:24

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး မူလ သတ်မှတ်ထားသည့် အပြီးသတ် လျှောက်လဲချက် ပေးရန် ရုံးချိန်းကို လာမည့် သောကြာနေ့မှ ထပ်မံ ရွှေ့ဆိုင်းသွား သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ၃ ဦးပယ်လိုက်သည့် အမိန့်ကို ပြန်လည် သုံးသပ် ပြင်ဆင်ရန် လျှောက်လဲချက်အား ရန်ကုန်တိုင်း တရားရုံးက လက်ခံလိုက်သည့် အတွက် ယင်းသို့ အလိုအလျှောက် ရွှေ့ဆိုင်း သွားရခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သည့် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ကျနော်တို့ သက်သေ ၃ ဦးကိုပယ်လိုက်တာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး မနေ့က ရန်ကုန်တိုင်း တရားရုံးကို တင်ပါတယ်၊ မနေ့က ချိန်းတာ မကြားနာဖြစ်ဘူး၊ ဒီနေ့ ညနေ ၃ နာရီမှာ လျှောက်လဲချက် သွားပေးပါတယ်၊ ဒီ လျှောက်လွှာကို လက်ခံရေးအတွက် လျှောက်လဲချက် ပေးတာပါ၊ လျှောက်လဲချက်လည်း ပေးပြီးရော တရားရုံးက အမှုကို လက်ခံတယ် ဆိုတဲ့ အမိန့်ချပါတယ်၊ ချပြီးတော့ တရားလို ဘက်ရော ဒေါ်အောင်ဆန်းစုကြည် ဘက်ရော ၂ ဘက် ကြားနာဖို့ ၊ ၂ ဘက် လျှောက်လဲချက် ပေးဖို့ ကို ၅ ရက်နေ့ ၃ နာရီကို ချိန်းလိုက်ပါတယ်၊ သက်သေ ၃ ယောက်ကို မစစ်တဲ့ အမိန့်ကို ပြင်ဆင်ဖို့ပါ၊ ပြန်လည် သုံးသပ်ဖို့တင်တာ၊ အဲဒီတော့ ကျနော်တို့ ၅ ရက်နေ့ မနက်ကို ခရိုင် တရားရုံးမှာ အပြီးသတ် လျှောက်လဲချက် ပေးရမှာက ဒီအမှုကို လက်ခံလိုက်တဲ့ အတွက် လုပ်ထုံးလုပ်နည်း အရ အလိုလို ရွေ့သွားမယ်၊ မရှိတော့ဘူး ပြောရင်လည်း ရတယ်”ဟု ၎င်းက ဧရာဝတီ သို့ ရှင်းပြသည်။

လက်ရှိအခြေအနေအရ တိုင်းတရားရုံး၏ ဆောင်ရွက်ချက်ပြီးမှ မူလ ခရိုင် တရားရုံး အနေနှင့် အပြီးသတ် လျှောက်လဲချက် ရုံးချိန်း သတ်မှတ်နိုင်မည် ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တရား ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည် ဘက်က တင်သည့် တရားခံပြ သက်သေ ၄ ဦးမှ ၃ ဦးကို မေလ ၂၇ ရက်နေ့က ပယ်ချခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက် က တင်ထားသော သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို အင်းစိန်ထောင်တွင်း အထူး တရားရုံးက ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်း ဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟု သိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြ သက်သေအဖြစ် ထွက်ဆိုခွင့် ပြုခဲ့သော လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေ ထွက်ဆိုခဲ့ရသည်။ စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာ စစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့် ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ် ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့ အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့