..............................

Wednesday, May 13, 2009

ဝ ထိန်းချုပ်နယ်မြေ၌ စရဖ အရာရှိတဦး ထိုးကြိတ်ခံရ

အင်္ဂါနေ့၊ 12 မေလ 2009
E-mail Print
ဝ နယ်တွင်း သန်းခေါင်စာရင်းဆင်းကောက်သည့် နအဖ ဌာနဆိုင်ရာ ၀န်ထမ်းများ ၀ နယ် ခိုဆုန်ဂိတ်၌ သောင်တင်နေစဉ် မဖွယ်မရာ ကိစ္စကြောင့် အချင်းချင်းခိုက်ရန် ဖြစ်ပွားသဖြင့် ၀ လုံခြုံ ရေးတပ်မှ ၀င်ရောက် ဖြန်ဖြေပေးစဉ် စရဖ အရာရှိ တဦးကို ထိုးကြိတ် လိုက်ခြင်းဖြစ်ကြောင်း တရုပ်နယ်စပ် သတင်းက ဆိုပါသည်။

ဝ နယ်တွင်း သန်းခေါင်စာရင်း ဆင်းကောက်မည့် အဖွဲ့တွင် နေပြည်တော်မှ လာသည့် လ၀က အပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယန်းမှ ဌာန ပေါင်းစုံ အင်အား ၄၃ ယောက်ရှိပြီး ဧပြီလ ၄ ရက်နေ့ကတည်းက ယနေ့ အထိ ၀ နယ်ထဲ ၀င်ခွင့်မရသေး ကြောင်း၊ ခိုဆုန်ဂိတ် တောင်ဘက် ကျေးရွာတရွာတွင် သောင်တင်နေစဉ် အချင်းချင်း မဖွယ်မရာကိစ္စ ဖြစ်ပွါးပြီး စကားများ ကြရာမှ ခိုက်ရန်ဖြစ်ပွားကာ ၀ နယ် လုံခြုံရေးအဖွဲ့ ၀င်ရောက် ဖြန်ဖြေပေးစဉ် ယခုကဲ့သို့ ပြဿနာ ဖြစ်ရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

“သူတို့အဖွဲ့ထဲမှာ ကျောင်းဆရာမတွေပါတယ်၊ ဌာနပေါင်းစုံဘဲ မိန်းခလေး ယောကျာ်းလေး အတူနေတော့ မဖွယ်မရာ ကိစ္စဖြစ်ပြီး အချင်းချင်း စကားများကြတယ်။ အဲအချိန် ကင်းလှည့်နေတဲ့ ၀အဖွဲ့ လာတိုးတော့ သူတို့တွေကို ၀င်တားတယ်။ အဲအချိန် စရဖ တဦးက ၀ တွေကို ဒါကျုပ်တို့လူ ခင်ဗျားတို့နဲ့ မဆိုင်ဘူးလို့ တင်းတင်း မာမာ ပြောလိုက်တဲ့ အတွက် သူထိုး ကြိတ်ခံလိုက်ရတာ” ဟု ခိုဆုန်ရှိ ၀န်ထမ်း တဦးက ပြောပါသည်။

“အဲကင်းလှည့်နေတဲ့ ၀ အရာရှိက တော်တော်စိတ်ဆိုးသွားတဲ့ ပုံဘဲ၊ ဒါ ကျုပ်တို့ ထိန်းချုပ်နယ်မြေ၊ ခင်ဗျားတို့ ပြင်ပဧရိယာ မှာဆို ကြိုက်သလိုလုပ် ဆိုပြီး အဲဒီ့ စရဖ အဖွဲ့ဝင် တပ်ကြပ် ရဲလွင်ရဲ့ လည်ကုတ်ကို ဆွဲပြီး ထိုးထဲ့လိုက်တယ်။ တခြား အဖွဲ့ တွေက ပြဿနာ ကြီးသွားမှာကို စိုးရိမ်တဲ့အတွက် အဲ စရဖ ရဲလွင်ကို မိုင်းယန်းကို ညတွင်းချင်း ပို့လိုက်တယ်”ဟု ဆက်ပြောပါတယ်။

စရဖ ရဲလွင် ထိုးကြိတ်ခံရသည့်နေ့ တွင် ၀ ပြည် တည်ထောင်ခြင်း အနှစ် ၂၀ ပြည့်အခမ်းအနား မတိုင်ခင် တရက်က ဖြစ်ကြောင်း၊ ပွဲတော်အတွက် ၀ ဘက်က လုံခြုံရေး အထူး တင်းကြပ်ချိန်လည်း ဖြစ်ကြောင်း၊ ခိုဆုန်ဂိတ် တောင်ဘက် ၀ ထိန်းချုပ် ထားသည့် ရွာတွင်း ဒေသခံ နေအိမ်ထဲ ဖြစ်ခြင်းကြောင့် ၀ အရာ ရှိ ၀င်ရောက် ဖြန်ဖြေပေးခြင်းတာ ဖြစ်ကြောင်း ဆိုပါသည်။

ဌာနပေါင်းစုံ ၀န်ထမ်း ၄၃ ယောက်သည် အထက်အမိန့်အရ ၀ နယ်ထဲ သန်းခေါင်စာရင်း မကောက်ရမခြင်း နောက်တန်း ပြန်ခွင့် မရှိကြောင်း၊ ရှေ့တိုးဖို့လည်း နယ်ခြားစောင့် ၀ တပ်ဖွဲ့က ဌာနချုပ် အမိန့် မရသဖြင့် ၀ ထိန်းချုပ် နယ်မြေထဲဝင် လှုပ်ရှားခွင့် မရှိကြောင်း တားမြစ်ထားသဖြင့် ထိုအဖွဲ့ ရှေ့မတိုးနိုင် နောက် မဆုတ်နိုင်အခြေ အနေ ကြုံတွေ့ နေရကြောင်း ဆိုပါသည်။

ဝ ထိန်းချုပ်နယ် မိုင်းပေါက်တွင်လည်း တပ်ကြပ်ကြီး အေးမင်း ဆိုသူ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တယောက်သာ ၀ က နေခွင့် ပြုထားကြောင်း ဆိုပါသည်။ မိုင်းယန်းမြို့ (နအဖ ထိန်းချုပ်နယ်မြေ) နှင့် ခိုဆုန် ၀ နယ်ခြားဂိတ် (မိုင်းပေါက် တပ်မဟာ ၄၆၈ ၀ ထိန်းချုပ်နယ်မြေ) သည် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်ကွာဝေးသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့