Wednesday, April 29, 2009
ညနေက အာဖဂန်စစ်မျက်နှာကနေ ပြန်လာတဲ့ သူငယ်ချင်း မတ်ခ်နဲ့ စားသောက်ဆိုင်တခုမှာ dinner အတူ စားဖြစ်ခဲ့ပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အတွက် စကားတွေ တော်တော်များများ ပြောဖြစ် ခဲ့ကြပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစုံအလင်ပါပဲ။ စစ်ပွဲက ပြန်လာသူ တယောက်နဲ့ ဆုံတွေ့ရင် စစ်ပွဲ စကားတွေဟာ ပြောဖြစ်ကြ စမြဲမို့ မတ်ခ်တို့ ရင်ဆိုင်တိုက်ပွဲဝ င်နေရတဲ့ အာဖဂန်တောင်ပိုင်း အခြေစိုက် တာလီဘန်တွေ အကြောင်း ပြောဖြစ်ကြပါတယ်။
အာဖဂန်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ တာလီဘန် တွေဟာ ဒေသခံ ဘိန်း စိုက်တောင်သူ လယ်သမား တွေနဲ့ သဘောတူညီမှု ယူပြီး လှုပ်ရှား နေတာကြောင့် အာဖဂန်သမ္မတ Karsai ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ နိုင်ငံတကာ တပ်ပေါင်းစုတွေ အတွက် ချေမှုန်းဖို့ ခက်ခဲတဲ့ အကြောင်းတွေ မတ်ခ်က ပြောပြပါတယ်။ သူတို့ကို ချေမှုန်းရေးက တနည်းပဲရှိတယ်။ တာလီဘန် အုပ်စုနဲ့ ဒီတောင်သူ လယ်သမားတွေကို ခွဲထုတ် ပစ်ရမယ်။ ဒီနေရာမှာ ခက်နေတာ က ဘိန်းစိုက် တောင်သူတွေဟာ ဘိန်းစိုက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာ ဖြစ်တဲ့အတွက်၊ သူတို့အတွက် တခြား livelihood မလုပ်ပေးနိုင်မချင်း၊ အောင်မြင်နိုင်တဲ့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု အပေါ် ဒေသခံတွေ စိတ်ပါ ၀င်စားလာအောင် မဆွဲဆောင်နိုင်မချင်း၊ လူထုနဲ့ ခွဲထုတ် ချေမှုန်းရမယ် ဆိုတဲ့ နည်းဗျူဟာကို သုံးလို့ မရသေးကြောင်း ဆွေးနွေး ပြောဆိုဖြစ်ကြတယ်။ ဒီလိုပြောကြရင်း စစ်မဟာဗျူဟာ လေ့လာရေး ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းတွေမှာပဲ ဖြစ်ဖြစ်၊ စစ်ဦးစီး တက္ကသိုလ် သင်တန်းတွေမှာပဲ ဖြစ်ဖြစ်၊ အရေးကြီး သင်ရိုးညွှန်းတမ်း အဖြစ် ပြဌာန်းလေ့ ရှိတဲ့ စစ်သုံးစကား အနေနဲ့ဆိုရင် COIN လို့ခေါ်တဲ့ အကြောင်းအရာ အကြောင်း ဆက်ပြောဖြစ်ကြပါတယ်။
COIN ဆိုတာက Counterinsurgency ကို အတိုကောက် ခေါ်တဲ့ စကား ဖြစ်ပါတယ်။ counterinsurgency ဆိုတာက insurgency ဆိုတဲ့ ပုန်ကန်ခြားနားမှု ကို တုန့်ပြန်မှု ဖြစ်ပါတယ်။ ၂၀ရာစု ကာလတလျှောက် ကမ္ဘာတ၀ှမ်းမှာ အတွေးအခေါ်၊ အယူအဆအပေါ် အခြေခံလို့ပဲ ဖြစ်ဖြစ်၊ ပြည်ပ ကျူးကျော်မှုကို တွန်းလှန်မှု အပေါ် အခြေခံလို့ပဲ ဖြစ်ဖြစ်၊ မတရား ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်ဖို့ပဲ ဖြစ်ဖြစ် ပုန်ကန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာစကားမှာ အဓိပ္ပာယ် မှားယွင်းနေတဲ့ စကားတခု ရှိပါတယ်။ “သူခိုးကြီးရင် ဓားပြ၊ ဓားပြကြီးရင်သူပုန်” ဆိုတဲ့စကားပါ။ ဒါက ပုန်ကန် ခြားနားသူတွေဖြစ်တဲ့ သူပုန်တွေရဲ့ သိက္ခာကို စော်ကား ပြောဆိုခြင်း ဖြစ်ပါတယ်။
တကယ်တမ်းကျတော့ ပုန်ကန်ခြားနားမှု ဆိုတာက လက်ရှိ အစိုးရ (သို့) အာဏာသိမ်း အစိုးရ (သို့) ပြည်ပ ကျုးကျော် အုပ်ချုပ်မှု စတာတွေကို ဆန့်ကျင်ဖို့ စနစ်တကျ စုဖွဲ့ထားတဲ့ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုန်ကန်ခြားနားမှု ဖြစ်လာတဲ့ အခါကျရင်တော့ တရားဝင် အစိုးရပဲဖြစ်ဖြစ်၊ တရားမ၀င် အစိုးရပဲဖြစ်ဖြစ်၊ ပြည်ပ အစိုးရပဲဖြစ်ဖြစ် Counterinsurgency (COIN) ကို ပြုလုပ် ဆင်နွှဲကြပါတယ်။ ဒီလိုပြုလုပ်ရာမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ဓာတ် စစ်ဆင်ရေး စတဲ့ စစ်မျက်နှာ ပေါင်းစုံကို ဖွင့်လှစ် ဆောင်ရွက်လေ့ ရှိပါတယ်။ စစ်မဟာဗျူဟာ လေ့လာရေး ပညာရှင်များကလဲ COIN ကင်ပိန်းတွေ အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့ လိုအပ်မယ့် အချက်တွေကို ဖော်ထုတ် ရေးသားကြပါတယ်။
ဒီနေရာမှာ strategic theorists များရဲ့ အခန်းကဏ္ဍကို ထည့်သွင်း ပြောချင်ပါတယ်။ တချို့က သူတို့တွေကို သီအိုရီ သမားတွေ၊ စာအုပ်ထဲက စာတွေဖတ်ပြီး၊ လက်တွေ့နဲ့ ကင်းကွာနေသူတွေလို့ ထင်မြင်လေ့ ရှိကြတယ်။ တကယ်တော့ theorists လို့ သူတို့ကို ခေါ်ဆိုမှုက ဒီအချက်ကို ထောက်ပြ နေပြီးသားမို့ ဘာမှ ထပ်ဆောင်း ပြောစရာ မလိုအပ်တော့ဘူး။ သူတို့အလုပ်က ဘာလဲဆိုတော့ သမိုင်းကြောင်း အချက် အလက်တွေ၊ သဘော တရားတွေ၊ အတွေးအခေါ်တွေနဲ့ သီအိုရီတွေကို ဖော်ထုတ် ရေးသားကြတာ ဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝစ် ဆိုခဲ့သလိုပဲ၊ ဒီလိုပေါ်ထွက်လာတဲ့ သီအိုရီတွေဟာ လေ့လာချင်သူတွေ အတွက် guideline တွေ ဖြစ်လာနိုင်တယ်။ ဖတ်ရှု လေ့လာသူတွေကို အတွေးအခေါ်၊ အမြင်သစ်တွေ ပံ့ပိုးပေးလာနိုင်တယ်။ သမိုင်း အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး၊ အမှားအယွင်းတွေကို ရှောင်ရှားနိုင်လာတယ်။ ဒါပေမယ့် သီအိုရီ သမားတွေ ပြောသမျှ အားလုံးလုပ်လို့ ရမယ်လို့လဲ မဆိုလိုနိုင်ပါဘူး။ သီအိုရီအရ ကြည့်ရင်တော့ သီအိုရီနဲ့ လက်တွေ့ဟာ ကွာခြားမှု မရှိဘူး။ ဒါပေမယ့် လက်တွေ့ကျတော့ ကွာခြားမှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့် သီအိုရီနဲ့ လက်တွေ့လုပ်ဆောင်သူတွေ အကြား သူတော်တယ်၊ ငါတော်တယ် အငြင်းပွားမှုတွေဟာ အဖိုးတန်တဲ့ အချိန်တွေကို သက်သက်မဲ့ ဖြုန်းပစ်နေတာ ဖြစ်တယ်။ ခန္ဓာဗေဒ မသိပဲ ခွဲစိတ် ကုသမှုလုပ်လို့ မရသလို၊ ခန္ဓာဗေဒ သိပြီးတိုင်းလဲ ခွဲစိတ်ကုသမှု လုပ်လို့ မရဘူး။ အဓိကကတော့ common sense ပါပဲ။
မဟာဗျူဟာရေးဆွဲသူ သီအိုရီသမားတွေဘက်ကလဲ ကိုယ့်ရေးသားထားတဲ့ အတိုင်း လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ ဖြစ်တာလဲရှိမယ်၊ မဖြစ်နိုင်တာလဲ ရှိမယ်ဆိုတာ နားလည် သဘောပေါက်ဖို့ လိုအပ်သလို၊ လက်တွေ့ သမားတွေ ဘက်ကလဲ သီအိုရီသမားတွေ ဖော်ထုတ် ရေးသားတာကို လိုတာယူ၊ မလိုတာပယ်ပြီး ကိုယ့်အတွက် အသုံးဝင်မယ့် အချက်တွေကို ရွေးနုတ် အသုံးချလိုက်မယ် ဆိုရင် တယောက်ကို တယောက်၊ လက်ညှိုးထိုးနေကြတဲ့ အချိန်တွေ အလဟဿဖြစ်မှု နည်းသွားပါလိမ့်မယ်။ ကားမောင်းနည်း စာအုပ်ဖတ်ပြီး၊ ကားတက်မောင်းလို့ မရနိုင်သလို၊ သီအိုရီက လီဘာနင်းရင် ဘယ်လိုဖြစ်မယ်၊ ဘရိတ်နင်းရင် ဘယ်လိုဖြစ်မယ် ဆိုတာ မယုံလို့ဆိုပြီး၊ ချောက်ရှေ့မှာ လီဘာနင်းမယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ ဆိုတာကိုလဲ စဉ်းစားရပါလိမ့်မယ်။
အခုဆက်လက်ပြီး COIN နဲ့ ပတ်သက်တဲ့ စစ်မဟာဗျူဟာ လေ့လာရေး ပညာရှင်ကြီးတွေ ဖြစ်တဲ့ David Galula, Robert Thompson တို့ ရေးသား ခဲ့ကြတဲ့ classical literature တွေနဲ့၊ ယနေ့ခေတ် ပညာရှင် Schnaubelt, Daniel Marston, Carter Malkasian တို့ ရေးသားခဲ့တဲ့ literature တွေထဲက အရေးကြီးတဲ့ အချက်တချို့ကို ကောက်နှုတ် တင်ပြလိုပါတယ်။ ဘာကြောင့် ဒီအချက်တွေကို တင်ပြရလဲ ဆိုရင် အခုလက်ရှိ စာရေးသူတို့ ရင်ဆိုင်နေရတဲ့ ရန်သူ စစ်အုပ်စုဟာ စစ်ရေး အတွေးအခေါ်နဲ့ပဲ အရာရာကို ရှုမြင် သုံးသပ်နေလို့ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ တဘက်ရန်သူ၊ တဘက်ပြိုင်ဘက်ရဲ့ intentions (ရည်ရွယ်ချက်), interests (စိတ်ပါဝင်စားမှု), commitment (ခံယူချက်), value (တန်ဖိုးထားမှု) စတဲ့ အချက်လေးချက်ကို အရင်လေ့လာပြီးမှ၊ သင့်လျော်တဲ့ မဟာဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ရပါတယ်။ အဲဒီလိုမဟုတ်ပဲ ကိုယ့်ဘက်က ကိုယ်ဖြစ်စေချင်တာတွေ၊ ကိုယ်လုပ်နိုင်တာတွေ၊ ကိုယ့်အယူအဆ တွေကိုပဲ ဇောင်းပေး လုပ်ဆောင်နေမယ် ဆိုရင် ခုတ်ရာတခြား၊ ရှရာတခြားနဲ့ လုပ်လိုက်သမျှ တလွဲတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပုန်ကန် ခြားနားသူတွေကိုပဲ ဖြစ်ဖြစ်၊ တော်လှန်ရေး သမားတွေကိုပဲ ဖြစ်ဖြစ်၊ ချေမှုန်းရေး လုပ်ရာမှာ အသုံးပြုတဲ့ စစ်ရေး နည်းဗျူဟာများကို ရေးသား တင်ပြပေးပါမယ်။
(၁) Legitimacy ရရန် ဆောင်ရွက်ခြင်း
ဒေးဗစ်ဂါလုလား အဆိုအရ ဘယ်လိုအသွင်သဏ္ဍာန်ဆောင်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ပုန်ကန်မှုပဲဖြစ်ဖြစ်၊ အတိုက်အခံတွေဘက်က သုံးတဲ့စကားလုံးက “ပြည်သူ့အတွက်” ဆိုတဲ့ စကားလုံးပဲ ဖြစ်လေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက တော်လှန်ရေးတိုင်း၊ စစ်ပွဲတိုင်းမှာ ဒီစကားလုံးက ထိပ်ဆုံးမှာ နေရာယူလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူထုတွေအကြား၊ နိုင်ငံတကာ အစိုးရတွေအကြားမှာ legitimacy ရဖို့က အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် legitimacy ဟာ အစိုးရနဲ့သာ ထိုက်တန်တယ်။ ပုန်ကန်သူတွေ၊ တော်လှန်ရေးသမားတွေနဲ့ မထိုက်တန်ဘူးဆိုတဲ့ အချက်ကို လူထုလက်ခံလာအောင် လုပ်ဖို့ လိုအပ်တဲ့အကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ လိုအပ်တဲ့အကြောင်း COIN နည်းဗျူဟာက ထောက်ပြထားပါတယ်။
အနှစ်နှစ်ဆယ် နအဖ လုပ်ငန်းဆောင်တာတွေကို ကြည့်လိုက်တော့ နအဖဟာ စစ်အစိုးရပီပီ ဒါကို တိတိကျကျ လိုက်နာခဲ့ကြောင်း သိသာပါတယ်။ ကြံ့ဖွတ်၊ စွမ်းအားရှင်တို့လို သူတို့ နောက်လိုက်နောက်ပါ အင်အားစုတွေ မွေးယူတာတွေ၊ သတင်းစာ၊ တီဗွီတွေကနေ ၀ါဒဖြန့်ချိရေးလုပ်တာတွေ၊ ၀န်ထမ်းတွေကို မတက်မနေရ ပြည်သူ့ဝန်ထမ်းသင်တန်းတွေ ခေါ်ပေးတာတွေဟာ ဒီနည်းဗျူဟာနဲ့ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ချက်ချင်းအာဏာပြန်မသိမ်းပဲ၊ လူထုထဲကို သူတို့လူတွေလွှတ်ပြီး၊ ခေါင်းဖြတ်သတ်ပွဲတွေ ဖန်တီးတာတွေ၊ လုယက်မှုတွေ၊ ဖရိုဖရဲတွေဖြစ်အောင် လုပ်တာဟာလဲ ဒီဗျူဟာ အခင်းအကျင်းပုံစံပါပဲ။ သမိုင်းဝင် လူထုတော်လှန်ရေးတရပ်ကို အရေးအခင်းပုံစံအသွင်ဖြစ်အောင် ပြောင်းလဲယူပြီး၊ နိုင်ငံတော်မှာ သူတို့အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ကို လူထုထဲ ရိုက်သွင်းတာ ဖြစ်ပါတယ်။
ဒါပေမယ့် အနှစ်နှစ်ဆယ် သမိုင်းကို ကြည့်ခြင်းအားဖြင့် နအဖဟာ ဒီဗျူဟာကို နိုင်နင်းစွာ မကနိုင်ပါဘူး။ ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေကို အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ပြီး နောက်ပိုင်းမှာ ဒါတွေက ပိုထင်ရှားမြင်သာလာပါတယ်။ အခုလဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ political legitimacy ရယူဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဓိကကတော့ နိုင်ငံတကာ စစ်မျက်နှာအတွက် ဖြစ်ပါတယ်။ လူထုကြားထဲမှာ legitimacy မရနိုင်တော့ဘူးဆိုတာ စစ်တင်ဘာတော်လှန်ရေးမှာ ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာသွားပါတယ်။ ဒါကြောင့်လဲ ၂၀၁၀ ကို အတင်းတွန်းလုပ်ခဲ့ကြတာပါ။
ဒါကိုတော့ ကျွန်မတို့အတိုက်အခံတွေ ဂရုတချက်စိုက်ရပါလိမ့်မယ်။ ၂၁ ရာစုရဲ့ နိုင်ငံတကာ အခင်းအကျင်းပုံစံတွေကို နားလည်ရပါလိမ့်မယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တတိယဒီမိုကရေစီ လှိုင်းလုံးကြီးမှာ ပါမသွားပဲ ကျန်ခဲ့တဲ့ နိုင်ငံတနိုင်ငံပါ။ ၂၁ရာစုသစ်မှာ ဒီလှိုင်းလုံးကြီးက ၂၀ရာစု နှောင်းပိုင်းကလို အင်အားသိပ်မကြီးတော့ပါဘူး။ အီရတ်နဲ့ အာဖဂန်နစ်စတန် ကိစ္စရပ်တွေ နောက်ပိုင်းမှာ Military Intervention ဆိုတဲ့ သဘောတရားအပေါ်မှာ ဝေဖန်မှုတွေ အများကြီး ဖြစ်နေကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ economic sanctions ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး၊ အပြန်အလှန်ငြင်းခုံမှုတွေ၊ ထင်မြင်ချက်တွေက အမျိုးမျိုးဖြစ်နေကြပါတယ်။ တဘက်က ဒီမိုကရေစီကို ဇောင်းပေးပြောဆိုကြသလို၊ ဒီမိုကရေစီဟာ နိုင်ငံတော်လုံခြုံရေးကို အားနည်းစေတယ်ဆိုတဲ့ စွဲချက်တွေကလဲ ဖြစ်နေကြပါတယ်။ နိုင်ငံတကာ ဇာတ်ခုံကြီးဟာ အတွေးအခေါ်ပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ လုပ်နည်းဆောင်တာမျိုးစုံနဲ့ သပွတ်အူကြီးလို ရှုပ်ထွေးနေပါတယ်။
ဒီလိုရှုပ်ထွေးနေတဲ့ နိုင်ငံတကာဇာတ်ခုံကြီးပေါ်မှာ အာရှတိုက်ထဲက နိုင်ငံငယ်လေးတခုဖြစ်တဲ့ (ဖြစ်နေတဲ့ ပကတိတရားကို အမှန်အတိုင်း လက်ခံဖို့လိုပါတယ်) မြန်မာပြည်အရေးလောက်ကို ရေးကြီးခွင်ကျယ် ကိစ္စကြီးတခုအနေနဲ့ နိုင်ငံတကာ အစိုးရများက အသိအမှတ်မပြုပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြတဲ့ ပြဿနာတိုင်းသာ အဖြေထွက်လာနိုင်ခဲ့ရင် အခုကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းဆိုးတွေရဲ့ လေးပုံသုံးပုံလောက်ကို ကြားရမှာတောင် မဟုတ်ပါဘူး။ အီရတ်ကို အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ၀င်နိုင်ဖို့ ဆယ်စုနှစ်တွေ ဘယ်လောက်ကြာခဲ့သလဲဆိုတာ ပြန်တွက်ချက်ကြည့်စေလိုပါတယ်။ သေချာတာတခုကတော့ မြန်မာနိုင်ငံဟာ ဒုတိယအီရတ် လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပထ၀ီဝင် အနေအထားအရ ဒုတိယတောင်အာဖရိကလဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ပကတိအခြေအနေမှန်ပါ။
ပြီးတော့ ကမ္ဘာပေါ်မှာ မြန်မာ့အရေးထက် ပိုအရေးကြီးတဲ့ ကိစ္စရပ်များစွာ ကလဲ ရှိနေပါသေးတယ်။ ဒါတွေကို မမြင်လို့ပဲဖြစ်ဖြစ်၊ တမင်တကာ မျက်စိပိတ်ပြီးပဲဖြစ်ဖြစ်၊ မြန်မာပြည်က စစ်အုပ်စုကို နိုင်ငံတကာ ဖိအားတွေပေးပြီး၊ ဒိုင်ယာလော့ခ်လမ်းကြောင်း ပေါ်တက်လာအောင်လုပ်မယ်ဆိုတဲ့ မဟာဗျူဟာကြီးတွေ ချမှတ် အကောင်အထည်ဖော်နေတာကတော့ တလွဲဆံပင်ကောင်း လုပ်နေတာနဲ့ အတူတူပါပဲ။ နိုင်ငံတကာဇာတ်ခုံမှာ legitimacy နဲ့ ပတ်သက်ပြီး state actors နဲ့ non-state actors ပြိုင်ပွဲတွေ ဖြစ်တဲ့အခါ ဘယ်သူကနိုင်ပြီး၊ ဘယ်သူတွေက ရှုံးတတ်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံရေး သမိုင်း စာမျက်နှာတွေမှာ အတိအလင်း လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီမဟာဗျူဟာကြီးနဲ့ပဲ ဆက်လက် တိုက်ပွဲဝင်နေရင်တော့ အဲဒီအတိုင်းတွေပဲ ဖြစ်သွားပါလိမ့်မယ်။ ပြောမထွက်ရက်လို့ ကျွန်မ မပြောချင်ပါဘူး။ အချိန်က စကားပြောလာပါလိမ့်မယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ ခြေလှမ်းတွေကို နောက်နှစ်နှစ်အတွင်းမှာ စောင့်ကြည့်လိုက်ပါ။
အဲဒီလိုအဖြစ်မခံပဲ မြန်မာ့နိုင်ငံရေးတိုးတက်မှုကို တကယ်ဖြစ်စေချင်တယ် ဆိုရင်တော့ legitimacy နည်းနဲ့ တိုက်ခိုက်နေတဲ့ စစ်အစိုးရကို အနိုင်ယူအောင်ပွဲခံနိုင်စေတဲ့ အင်အားကြီးတခုကတော့ ရှိနေပါတယ်။ ဒါကတော့ ပြည်သူလူထုပါ။ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကိုပဲ လိုလားကြပါတယ်။ စစ်အုပ်စုရဲ့ မတရားမှုတွေကိုလဲ နေ့စဉ်နဲ့ အမျှ ခံစားနေကြရတာမို့ ခံပြင်းစိတ်တွေ လူတိုင်းရဲ့ရင်ထဲမှာ ရှိနေပါတယ်။ စစ်အုပ်စုရှိနေသရွေ့၊ နောက်ကွယ်က ကြိုးကိုင်နေသရွေ့ မြန်မာပြည်ကြီး တိုးတက်မှာမဟုတ်ဘူး ဆိုတာကိုလဲ အများစုက နားလည်ကြပါတယ်။ ပြည်သူလူထုရဲ့အားကို ယူခြင်းကသာ အောင်ပွဲဆီကို ဦးတည်နိုင်ပါစေလိမ့်မယ်။ စစ်အုပ်စုဟာ COIN နည်းဗျူဟာအတိုင်း Legitimacy ရဖို့အရေးကို အသည်းအသန် ကြိုးစားနေဆဲ ဖြစ်ပေမယ့် ပြည်သူလူထုကြားမှာတော့ အခုအချိန်ထိ legitimacy မရသေးပါဘူး။ ဒီအချက်ကို ဇောင်းပေးပြီး လုပ်သင့်တာလုပ်ကြဖို့ လိုပါတယ်။ ပြင်ဆင်သင့်တာကို တညီတညွတ်တည်း ပြင်ဆင်ကြဖို့ လိုပါလိမ့်မယ်။ စစ်ပွဲဆိုတာ စစ်မြေပြင်မှာပဲ တိုက်ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်မြေပြင်လို့ ကျွန်မဆိုလိုတာက ပြည်တွင်းကို ပြောတာဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ရေးနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ်နိုင်ဖို့ တော်လှန်ရေးစစ်မျက်နှာ ငါးရပ်ဖြစ်တဲ့ စစ်ရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊ လူမှုစီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် ခံယူချက် စစ်မျက်နှာ၊ နိုင်ငံတကာစစ်မျက်နှာစတဲ့ စစ်မျက်နှာအားလုံး လိုအပ်လှပါတယ်။ တနေရာတည်းမှာ အားသာနေတာမဟုတ်ပဲ အားလုံးဟန်ချက်ညီပေါင်းစပ်မှုကို ဆိုလိုတာဖြစ်ပါတယ်။ အမြောက်ပစ်ကူတချက် ပေးဖို့အရေး၊ အမြောက်လုပ်ဖို့ သံတုံးထိုင်သွေးနေသူတွေရဲ့ လက်ထဲကို စစ်ပွဲတခုလုံးရဲ့ ကံကြမ္မာကို မထည့်လိုက်မိပါစေနဲ့။ စခန်းကုန်းလေးတခု သိမ်းပိုက်နိုင်တာနဲ့ပဲ အောင်ပွဲရပြီ။ ဒါလေးကိုပဲ မပျောက်မပျက်အောင် ထိန်းထားမယ်ဆိုသူတွေရဲ့ လက်ထဲကိုလဲ command power မထည့်လိုက်မိပါစေနဲ့။
အဲဒီလို ဖြစ်လာရင် လူထုဟာ သူတို့ လက်မခံနိုင်တဲ့ အစိုးရတရပ်ရဲ့ legitimacy ကို အသိအမှတ် မပြုပေမယ့်၊ ပုန်ကန်ခြားနားသူတွေ၊ တော်လှန်ရေးသမားတွေနဲ့လဲ ကင်းကွာ သွားနိုင်ပါတယ်။ လူထုနဲ့ တသားတည်းမရှိတဲ့ တော်လှန်ရေးဟာ အောင်ပွဲနဲ့ လွဲနေမှာ အသေအချာပါပဲ။ အခုဆက်လက်ပြီး COIN နည်းဗျူဟာတရပ်ဖြစ်တဲ့ လူထုနဲ့ တော်လှန်ရေးကင်းကွာအောင် ပြုလုပ်ခြင်း အချက်ကို ဆက်လက်တင်ပြပါမယ်။ ဒီနည်းဗျူဟာကိုလဲ စစ်အုပ်စုက ကျင့်သုံးနေပါတယ်။
(၂) လူထုနှင့် တော်လှန်ရေးသမားများအား ကင်းကွာအောင် ပြုလုပ်ခြင်း
တော်လှန်ရေးနဲ့ပတ်သက်ပြီး၊ နာမည်ကျော်ကြားလှတဲ့ theorist တဦးဖြစ်တဲ့ မော်စီတုန်းရဲ့ အဆိုအမိန့်ကို ထည့်သွင်းပြောကြားလိုပါတယ်။ မော်စီတုန်းက ပင်လယ်ထဲမှာ ငါးလေးတွေ ကူးခတ်နေသလိုပဲ တော်လှန်ရေးသမားများဟာလဲ လူထုထဲမှာ လှုပ်ရှားရမယ်လို့ ဆိုပါတယ်။ လူထုနဲ့ တော်လှန်ရေးဟာ ကင်းကွာလို့မရပါဘူး။ ဒီနေရာမှာ လူထုနဲ့ တော်လှန်ရေးနီးကပ်မှု၊ တသားတည်းဖြစ်မှုဆိုတာနဲ့ ပတ်သက်ပြီး အတွေးအခေါ်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး ရှိနေတတ်ပါတယ်။ တချို့က လူထုထဲမှာပဲ တော်လှန်ရေးသမားက နေရမယ်၊ တချို့ကျတော့လဲ လက်နက်ကိုင်တော်လှန်ရေး စစ်မျက်နှာမှာပဲ နေရမယ်၊ တချို့ကကျတော့လဲ တခြားစစ်မျက်နှာတွေမှာလဲ ပါဝင်ရမယ်စသဖြင့် အမျိုးမျိုး ဆိုတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးစစ်မျက်နှာ ငါးရပ်ဖြစ်တဲ့ စစ်ရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊ လူမှုစီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် ခံယူချက် စစ်မျက်နှာ၊ နိုင်ငံတကာစစ်မျက်နှာစတဲ့ စစ်မျက်နှာ တရပ်ရပ်မှာ ပါဝင်နေမှုအားလုံးဟာ တော်လှန်ရေးရဲ့ အင်အားတွေပဲဖြစ်ပါတယ်။ ဒီစစ်မျက်နှာအားလုံးမှာ ဟန်ချက်ညီနေဖို့  အထူး လိုအပ်လှပါတယ်။ ဘယ်လိုစစ်မျက်နှာမျိုးမှာပါတာပဲဖြစ်ဖြစ် အဓိကကတော့ တော်လှန်ရေးအပေါ်မှာ လူထုရဲ့ ထောက်ခံမှု ရှိနေဖို့ပဲ ဖြစ်ပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ရှိနေသရွေ့၊ တော်လှန်ရေးသမားတွေအပေါ်မှာ လူထုက လေးစားမှုရှိနေသရွေ့၊ တော်လှန်ရေးခေါင်းဆောင်တွေ အပေါ်မှာ လူထုက ယုံကြည်မှုရှိနေသရွေ့ တော်လှန်ရေး ချိန်ခွင်လျှာက တော်လှန်ရေးသမားတွေဘက်မှာ ရှိမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်တော့ပဲ လူထုက တော်လှန်ရေးကို ယုံကြည်မှု အားနည်းလာခဲ့ရင်၊ ချိန်ခွင်လျှာက COIN operations ဆင်နွှဲတဲ့ အစိုးရပဲဖြစ်ဖြစ်၊ အာဏာရှင်တွေပဲဖြစ်ဖြစ်၊ သူတို့ဘက်ကို ယိမ်းသွားတတ်ပါတယ်။
ဒါကြောင့်လဲ COIN နည်းဗျူဟာက လူထုနဲ့ တော်လှန်ရေးကို ခွဲထုတ် ရမယ်လို့ ဆိုထားပါတယ်။ ဒီလိုကင်းကွာအောင် လုပ်ရာမှာ ပထမ တနည်းကတော့ တော်လှန်ရေးသမားတွေ အ၀င်အထွက်ရှိတဲ့ ရွာတွေကို ပြောင်းရွှေ့မှုပါ။ ဘိုအင်းစစ်ပွဲကာလ၊ မလေးရှားနိုင်ငံအရေးပေါ်ကာလတွေမှာတုန်းက ဗြိတိသျှစစ်တပ်က ဒီနည်းလမ်းတွေကို အများဆုံးအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကာလတွေမှာကျတော့ ဒီနည်းလမ်းအသုံးပြုမှုတွေကို နိုင်ငံတကာကရော၊ ပြည်တွင်းပြည်သူလူထုတွေကပါ လက်မခံကြတော့ပါဘူး။ စစ်မဟာဗျူဟာလေ့လာရေးပညာရှင် Kilcullen ကတော့ ဒီဘက်ခေတ်တွေမှာ ဒီနည်းလမ်းတွေ အသုံးမပြုသင့်တော့ဘူးလို့ ဆိုထားပါတယ်။ သူက ဒီလိုလုပ်ခြင်းအားဖြင့် လူထုနဲ့ တော်လှန်ရေးကို လူချင်းကွဲကွာအောင်လုပ်လိုက်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာကျတော့ တော်လှန်ရေးသမားတွေကို လူထုက ပိုမိုထောက်ခံမှုပေးသွားနိုင်တယ်လို့ ဆိုထားပါတယ်။
နောက်တမျိုးကတော့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ လူထုကို ကင်းကွာအောင် ပြုလုပ်နည်းပါ။ ဒီနည်းကတော့ ပိုမိုသိမ်မွေ့ပြီး၊ ရွာတွေပြောင်းရွှေ့မှုလိုမျိုး လူအများကို ထိခိုက်တာမဟုတ်ပေမယ့် လက်တွေ့မှာ ပိုမိုထိရောက်ပါတယ်။ အရေးပါတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှု (targeted assassinations)နဲ့ နှစ်ရှည်လများ ဖမ်းဆီးထောင်ချမှု (long-term imprisonment) နည်းလမ်းတွေနဲ့ လူထုနဲ့ ခေါင်းဆောင်တွေ ကင်းကွာအောင် လုပ်တာတွေကို COIN ဆင်နွှဲတဲ့ အစိုးရတော်တော်များများက ပြုလုပ်လေ့ရှိတတ်ပါတယ်။ ဒီနည်းလမ်းဟာ လူပုဂ္ဂိုလ်ကိုးကွယ်မှု ပြုလုပ်တတ်လေ့ရှိတဲ့ အာရှနဲ့ အာဖရိကနိုင်ငံတချို့မှာ ပိုပြီးထိရောက်ပါတယ်။ ဒီလိုလူ့အဖွဲ့အစည်းတွေမှာဆိုရင် ပေါ်ပေါက်ခဲ့ဖူးတဲ့ ခေါင်းဆောင်တွေအပေါ်မှာပဲ သစ္စာရှိမှု၊ ယုံကြည်ကိုးကွယ်မှုတွေ ရှိနေတတ်တာဖြစ်တဲ့အတွက် ဒီခေါင်းဆောင်တွေ ကျဆုံးသွားရင်၊ အကျဉ်းကျသွားရင် တော်လှန်ရေးတခုလုံးဟာ ဖရိုဖရဲဖြစ်တော့တာပါပဲ။ ဒါတွေကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် ခေါင်းဆောင်တွေပေါ်လာဖို့ဆိုတာ အလွန်ပဲ ခဲယဉ်းတတ်သလို၊ ပေါ်ပေါက်လာခဲ့ရင်လဲ အရင်ခေါင်းဆောင်ဟောင်းရဲ့ နောက်လိုက်တွေက သူတို့ခေါင်းဆောင်ကို အစားထိုးတယ်လို့ ယူဆပြီး၊ တိုက်ခိုက်ခွဲထွက်မှုတွေ ဖြစ်လာတော့တာပါပဲ။ အာရှ၊ အာဖရိကတိုက်မှာ COIN operations တွေ အောင်မြင်ခဲ့မှုဟာ အစိုးရတွေရဲ့ အရည်အချင်းဆိုတာထက် ဒီနည်းဗျူဟာရဲ့ ထိရောက်မှုကြောင့်လို့ ဆိုရင် မမှားပါဘူး။ တော်လှန်ရေးအဖွဲ့အစည်း၊ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ ဒီလိုစိတ်ဓာတ်တွေကို မပြင်နိုင်သရွေ့ တော်လှန်ရေးချိန်ခွင်လျှာဟာ တော်လှန်ရေးသမားတွေဘက်ကို ရောက်ဖို့ မလွယ်ပါဘူး။
နောက်နည်းလမ်းတခုကတော့ လူထုက တော်လှန်ရေးအပေါ် ယုံကြည်မှု ကင်းမဲ့အောင် ပြုလုပ်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရမှာ အနိမ့်ဆုံးပုဂ္ဂိုလ်ရေးရာ အပုပ်ချမှုတွေကနေ အမြင့်ဆုံး တော်လှန်ရေး တရပ်လုံးရဲ့ image ကို ပျက်စီးစေတဲ့အထိ အဆင့်ဆင့် ဆောင်ရွက်မှုတွေဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ ပထမဆုံးအနေနဲ့ လူထုရဲ့ တန်ဖိုးထားမှု အသွင်အမျိုးမျိုးကို ဖော်ထုတ်ရပါတယ်။ ပြီးတဲ့အခါမှာကျမှ ဒီတန်ဖိုးထားမှုတွေနဲ့ ပဋ္ဋိပက္ခ ဖြစ်စေနိုင်တဲ့ တော်လှန်ရေးသမားတွေရဲ့ အားနည်းချက်တွေကို ရှာဖွေရပါတယ်။ လူအများနဲ့ စုဖွဲ့ ထားတဲ့ တော်လှန်ရေးအဖွဲ့ အစည်းဖြစ်တဲ့ အတွက်ကြောင့် ဘယ်လိုမှရှောင်လွှဲလို့ မရတဲ့ ပုဂ္ဂိုလ်ရေး အားနည်းချက် တွေကတော့ အများကြီး ရှိနေတတ်တာပါပဲ။ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက် အမှားအယွင်းတွေ လုံးဝကင်းစင်တဲ့ တော်လှန်ရေးဆိုတာ ကမ္ဘာပေါ်မှာ မရှိခဲ့သေးပါဘူး။ အရေးကြီးဆုံး ကတော့ လူနဲ့ စနစ်ကို ခွဲထုတ် မြင်တတ်မှုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအမြင် ခိုင်ခိုင်မာမာ မရှိသေးတဲ့ လူ့အဖွဲ့အစည်း တွေမှာကျတော့ ပုဂ္ဂိုလ်ရေး အားနည်းချက်တွေကို အသုံးပြုပြီး၊ လူထုက တော်လှန်ရေးအပေါ်၊ တော်လှန်ရေး သမားတွေအပေါ် ယုံကြည်မှုကင်းမဲ့အောင် ပြုလုပ်တဲ့နည်းက ထိရောက်လှပါတယ်။ ဒီနည်းကြောင့် လူထုက အစိုးရဘက်မှာ ပါသွားတာ မဟုတ်ရင်တောင်၊ တော်လှန်ရေးဘက်မှာလဲ မရှိတော့ပဲ ကြားနေဆိုတဲ့ လူတန်းစားကြီး တရပ် ထုနဲ့ထည်နဲ့ ပေါ်ပေါက်လာတတ်တော့တာပါပဲ။ ဒါကြောင့် တော်လှန်ရေးတရပ်မှာ ၀ါဒဖြန့်ချိရေးယန္တရားတခု ခိုင်ခိုင်မာမာ ရှိနေသင့်တယ်လို့ တော်လှန်ရေးတွေနဲ့ ပတ်သက်တာတွေကို လေ့လာသူတွေက အဆိုပြုထားခဲ့ကြတာပါ။ ဒီလို တော်လှန်ရေးတရပ်မှာ ၀ါဒဖြန့်ချိရေး ယန္တရားရှိဖို့ လိုအပ်သလို၊ တော်လှန်ရေး သမားတွေဘက် ကလဲ မိမိတို့ တော်လှန်ရေးရဲ့ အတွင်းရေး ကိစ္စတွေကို မပေါက်ကြားအောင် ထိန်းသိမ်း တတ်နိုင်မှုကလဲ လိုအပ်လှပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တချို့က ပွင့်လင်းမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ စကားလုံးတွေကို အသုံးပြုပြိး။ အတွင်းရေးရာ ကိစ္စတွေကို ပြောသင့်တယ်လို့ ပြန်လှန် ငြင်းဆိုမှုတွေ ရှိတတ်ပါတယ်။ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မှန်ပေမယ့်၊ စစ်ရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး ကိစ္စတွေမှာ အရာအားလုံးကို လွတ်လပ်စွာ ပြောဆိုခွင့် တခုတည်းနဲ့ တိုင်းတာသတ်မှတ်လို့မရပါဘူး။ “ငါတို့ အမေရိကန်တပ်တွေတော့ ဘယ်နေ့ ဘယ်ရက်၊ ဘယ်အချိန်မှာ အီရတ်ကို ကျူးကျော်တော့မယ်ဟေ့” လို့ ဘယ်ပင်တဂွန် အရာရှိကမှ ထုတ်ပြောခဲ့မှာ မဟုတ်ပါဘူး။ စစ်ရေး၊ နိုင်ငံရေး၊ အဖွဲ့အစည်း ရေးရာတွေမှာ လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရပါမယ်။ ရိုးသားပွင့်လင်းမှုဆိုပြီး၊ သမ္မတ ကျမ်းကျိန်ပွဲကျမှ “ငါ လေးတန်းတုန်းကလေ၊ သူငယ်ချင်း တယောက်ဆီက ငွေတမတ်ခိုးဖူးတယ်။ အခုမှ ဒါဟာ မရိုးသားမှုဆိုပြီး နောင်တရနေမိတယ်”လို့ ထပြောတဲ့ သမ္မတတွေလဲ ကမ္ဘာမှာ ရှိမယ် မထင်ပါဘူး။ တချို့သော အကြောင်းအရာ တွေဟာ မလိုအပ်ပဲနဲ့ အကျိုးမရှိပဲ တော်လှန်ရေး ပုံရိပ်ကို ထိုးနှက်ဖို့ ရန်သူ့ လက်နက်တွေ ဖြစ်သွား တတ်ပါတယ်။
COIN နည်းဗျူဟာကတော့ ဒီလိုနည်းမျိုးစုံကို အသုံးချပြီး လူထုနဲ့ တော်လှန်ရေးကို ကင်းကွာအောင်လုပ်ဖို့ လမ်းညွှန်ထားပါတယ်။ ဒီလိုပြုလုပ်ဖို့ အကောင်းဆုံးလူတွေကတော့ လက်နက်ချလာသူတွေပါ။ သူတို့ကို အသုံးပြုရင် ပိုပြီးအောင်မြင်နိုင်တယ်လို့ အဆိုရှိထားပါတယ်။ ဒီနေရာမှာ လက်နက်ဆိုတာနဲ့ ပတ်သက်ပြီး၊ ငြင်းခုန်မှုတွေ ရှိတတ်ပါတယ်။ လက်နက်ဆိုတာက လက်နက်ကိုင်တော်လှန်ရေး၊ စစ်ရေး စစ်မျက်နှာမှာဆိုရင် လက်နက်ခဲယမ်းမီးကျောက်တွေကို ဆိုလိုတာဖြစ်ပြီး၊ နိုင်ငံတကာစစ်မျက်နှာမှာဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ထောက်ခံမှုရယူဖို့ စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။ ကိုယ်လုပ်တာကို ထောက်ခံမှုလို့ ကျွန်မဆိုထားပါတယ်။ သူတို့ လုပ်ခိုင်းတာကို လိုက်လုပ်မှု၊ သူတို့ပဲ လုပ်ပေးပါဆိုပြီး အားကိုးမှုကို ကျွန်မဆိုလိုတာ မဟုတ်ပါဘူး။ လူမှု၊ စီးပွား စစ်မျက်နှာမှာဆိုရင်တော့ ရံပုံငွေရှာဖွေရေး၊ ရဲဘော်ရဲဘက်များအချင်းချင်း သာရေး၊ နာရေးကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်ရေး၊ တဘက်ရန်သူရဲ့ စီးပွားရေးယန္တရားကို ထိုးနှက်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။ နိုင်ငံရေး စစ်မျက်နှာမှာဆိုရင်တော့ လူထုစည်းရုံးရေး၊ မြေအောက် ကလာဘ်စည်းတည်ဆောက်ရေး၊ သတင်းအချက်အလက်စုဆောင်းရေး စတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။ အတွေးအခေါ်ခံယူချက် ရေးရာ စစ်မျက်နှာကတော့ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးအယူအဆအတွေးအခေါ်များ ပြန့်နှံ့ရေး၊ စာပေဖြင့် စည်းရုံးလှုံ့ဆော်ရေးစတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။ ဒီလိုစစ်မျက်နှာမျိုးစုံက နည်းလမ်းတွေကို အသုံးပြုပြီး တော်လှန်ရေးမှာ ပါဝင်တာမဟုတ်တော့ပဲ၊ ဘေးထွက်ထိုင်နေတာလဲ မဟုတ်တော့ပဲ၊ မိမိရဲ့ အတွေးအခေါ် ခံယူချက်တွေမှားယွင်းခဲ့ပါတယ်ဆိုပြီး၊ တဘက်ရန်သူထံကို အညံ့ခံလိုက်တဲ့အခါမှာ တော်လှန်ရေး သမားတယောက် လက်နက်ချသွားတယ်လို့ သတ်မှတ်ပါတယ်။ COIN နည်းဗျူဟာကတော့ ဒီလို လက်နက်ချလာသူတွေကို တော်လှန်ရေး ပုံရိပ် ကျဆင်းစေရန် ထိုးနှက်မှုတွေအတွက် အသုံးပြုရမယ်လို့ ဆိုထားပါတယ်။
(၃) အစိုးရအုပ်ချုပ်ရေးယန္တရားခိုင်မာအောင် တည်ဆောက်ခြင်း
တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မထိန်းချုပ်နိုင်တဲ့ အစိုးရဟာ လူထုရဲ့ ထောက်ခံ အားပေးမှုရဖို့ မလွယ်ပါဘူး။ စစ်ရေးပညာရှင် Thompson ဆိုခဲ့သလိုပဲ သင့်လျော်ထိရောက်တဲ့ အစိုးရယန္တရားမရှိပဲ COIN operations အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိုးရအုပ်ချုပ်ရေး ယန္တရားကို ခိုင်မာအောင် တည်ဆောက်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေး ယန္တရားမှာ နားလည် တတ်ကျွမ်းတဲ့ အရပ်သား ပညာရှင်တွေ ခန့်အပ်ပြီး၊ bureaucratic routines, fiscal responsibility, legal procedures ဆိုတဲ့ အရေးကြီးလုပ်ငန်း တာဝန်ကြီးတွေကို စနစ်တကျ အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။
တိုင်းပြည်တခုရဲ့ ဖရိုမရဲဖြစ်နေချိန်တွေမှာ၊ တော်လှန်ရေး ကာလတွေမှာ အုပ်ချုပ်ရေး ယန္တရားက အရေးကြီးဆုံးပါ။ တခါတရံမှာ တော်လှန်ရေး သမားတွေဘက်က အားသာပြီး၊ အစိုးရဘက်က ရှုံးနိမ့်နေတာတွေ ဖြစ်လာတတ်ပါတယ်။ တချို့သော နိုင်ငံတွေမှာ စစ်ရေးနဲ့ လူထုတိုက်ပွဲ ပူးပေါင်း ဖော်ဆောင်မှု ရလာဒ်ကြောင့် အုပ်ချုပ်နေတဲ့ အစိုးရရဲ့ အာဏာသက်ရောက်မှု လျော့နည်းသွားတာမျိုးတွေလဲ ဖြစ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အုပ်ချုပ်ရေးယန္တရားကို မြန်မြန်ဆန်ဆန် အသက်သွင်းနိုင်တဲ့ဘက်က အနိုင်ရတာပါပဲ။ ဒါကြောင့်လဲ COIN နဲ့ ပတ်သက်တဲ့ ပညာရှင်တွေက political stability မရှိတဲ့ နိုင်ငံတခုရဲ့ အစိုးရဟာ အုပ်ချုပ်ရေး ယန္တရားတခုလုံး တော်လှန်ရေးသမားတွေ လက်ထဲ မကျရောက်နိုင်အောင် မြေပြင်၊ ဝေဟင် အတားအဆီးတွေ ပြုလုပ်ထားရမယ်လို့ အကြံပြုထားကြပါတယ်။ တော်လှန်ရေးသမားတွေ အနေနဲ့ကလဲ အစိုးရ ဖြုတ်ချရုံ ဆိုတာတခုနဲ့ မပြီးသေးပဲ အုပ်ချုပ်ရေး ယန္တရားကို အချိန်တိုအတွင်း မောင်းနှင် အသက်သွင်း နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှ စစ်မှန်တဲ့ အောင်ပွဲက ကိုယ့်လက်ထဲ ရောက်မှာဖြစ်ပါတယ်။ ဒီအထိ မပြင်ဆင်ထားပဲနဲ့ ဆိုရင် အချိန်ကုန်၊ လူပမ်းပြီး၊ ပေးဆပ်ရတဲ့ အသက်နဲ့ ဘ၀တွေ အလဟဿဖြစ်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကားတစီးကို မိမိတို့ ယုံကြည်ရာလမ်းကြောင်းပေါ်မှာ မောင်းနှင်နိုင်ဖို့အရေးမှာ ကားကို ကျောက်ခဲနဲ့ လှမ်းထုရုံ၊ ကားပေါ်တက်ထိုင်ပြီး မောင်းမယ့်သူကို ဆွယ်တရားဟောရုံနဲ့ ရဖို့မလွယ်ပါဘူး။ ကားကိုရပ်တန့်နိုင်အောင် ပြုလုပ်ပြီး၊ driving seat ကို ၀င်ထိုင်နိုင်အောင် ကြိုးပမ်းရပါမယ်။ ၀င်ထိုင်ပြီးလဲ ကားမောင်းတတ်ဖို့တော့ လိုပါသေးတယ်။ သူတပါးမောင်းလာတဲ့ ကားကိုရပ်တန့်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိတိုင်းလဲ ကားကို ကျင်လည်အောင် မောင်းတတ်မယ်လို့ ဘယ်သူမှ မပြောနိုင်သလို၊ ကားမောင်းတတ်သူတိုင်းလဲ သူတပါးမောင်း လာတဲ့ကားကို ရပ်တန့်အောင် လုပ်ချင်မှ လုပ်နိုင်ပါလိမ့်မယ်။ ဒီလိုပဲ အစိုးရပြုတ်ကျအောင် တော်လှန်ရေးလုပ်တတ်တဲ့လူရှိသလို၊ အုပ်ချုပ်ရေး ယန္တရားမှာပဲ ကျွမ်းကျင်သူတွေလဲ ရှိပါတယ်။ အချိန်အခါနဲ့အညီ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။
၁၉၅၀ ၀န်းကျင် ကာလတွေမှာတုန်းက ကမ္ဘာနဲ့အ၀ှမ်းမှာ နိုင်ငံ တော်တော်များများ လွတ်လပ်ရေး ရလာပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရစ နိုင်ငံတိုင်းလိုလိုမှာ ပြည်တွင်းစစ်တွေ တောက်လောင် ခဲ့ပါတယ်။ အုပ်ချုပ်ရေး ယန္တရားတွေကို စနစ်တကျ မတည်ဆောက် နိုင်ခဲ့ကြပါဘူး။ အဓိက ပြဿနာကတော့ အချိန်အခါနဲ့အညီ၊ လူမှန်၊ နေရာမှန်ဖြစ်ဖို့ ကိစ္စတွေမှာ သဘောထား ကွဲကုန်ကြတာပဲ။ သူတပါး တိုင်းပြည်အောက်က လွတ်မြောက်ဖို့လွတ်လပ်ရေး ကြိုးပမ်းမှုတွေမှာပဲဖြစ်ဖြစ်၊ မိမိတို့တိုင်းပြည်တွင်းက အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေမှာပဲဖြစ်ဖြစ် အသက်၊ သွေး၊ ချွေး ပေးဆပ်ရတာတွေ ရှိပါတယ်။ ဘ၀တွေ ပေးဆပ်ရတာတွေရှိပါတယ်။ ဒီလိုနဲ့ လွတ်မြောက်လာတဲ့အခါ ပေးဆပ်ခဲ့သူတွေမှာလဲ ဖြစ်စဉ်သမိုင်းအတွက် မိမိကိုယ်ကို ဂုဏ်ယူဝမ်းမြောက်မှုတွေ ရှိနေတတ်သလို၊ အုပ်ချုပ်ရေးယန္တရားမှာ ယခင်အာဏာရှင်တွေလက်ထက်ကတည်းက ပါဝင်နေကြတဲ့ အရာရှိ၊ ၀န်ထမ်းများကလဲ ကောင်းခဲ့သည်ဖြစ်စေ၊ ဆိုးခဲ့သည်ဖြစ်စေ အုပ်ချုပ်ရေးရာယန္တရားမှာ အတွေ့အကြုံရှိသူတွေအဖြစ် မိမိကိုယ်ကို ခံယူထားတတ်ကြပါတယ်။ တခါ နှစ်ဖက်စလုံးမှာ မပါဝင်ခဲ့တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကလဲ သူတို့ရဲ့ တိုင်းရေးပြည်ရာ အသိဥာဏ်ပညာနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို ဂုဏ်ယူ ၀မ်းမြောက်နေတာတွေ ရှိနေတတ်ပါတယ်။
ဒီနေရာမှာတင် ဒီလူတန်းစားသုံးမျိုး ပဋ္ဋိပက္ခဖြစ်ကြတော့တာပါပဲ။ တော်လှန်ရေးသမားဟောင်းတွေက ယခင်အာဏာရှင်ဟောင်းလက်ထက်က အုပ်ချုပ်ရေးဝန်ထမ်းတွေကို ဗျူရိုကရက်တွေလို စွပ်စွဲမယ်။ ပညာရှင်တွေကိုလဲ တကယ်ပေးဆပ်ရတဲ့ကာလတုန်းက မပါခဲ့ပဲ အခုမှ ရေကန်အသင့် နေရာလာမယူနဲ့လို့ စွပ်စွဲမယ်။ တခါ အုပ်ချုပ်ရေး ၀န်ထမ်းဟောင်းတွေကလဲ အစိုးရ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ရင် လုပ်ဖူးလို့လားလို့ ပြန်လှန်ငြင်းခုံကြမယ်။ ပညာရှင်တွေ ကလဲ ဘယ်သူကဘယ်လောက်တတ်လို့လဲ။ သူတို့က ဘယ်လိုကမ္ဘာကျော်တက္ကသိုလ်တွေက ဆင်းလာတာ၊ ဘာဘွဲ့တွေရလာတာလို့ ပြန်ပြောတာတွေရှိမယ်။ ဒါမျိုးတွေက အကူးအပြောင်းကာလတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ ဒါတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာလဲ ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေကို သင်ခန်းစာပြန်ယူပြီး၊ ရှောင်ရှားတတ်ဖို့ အရေးကြီးပါတယ်။ ၁၉၆၀ ပြည့်လွန်ကာလများမှာ လွတ်လပ်ရေးရပြီးစ နိုင်ငံတော်တော်များများမှာ စစ်အာဏာသိမ်းယူမှုတွေ ဖြစ်ပွားခဲ့တဲ့ အဓိက အကြောင်းရင်းဟာ အုပ်ချုပ်ရေးယန္တရားကို စနစ်တကျ အသက်သွင်းနိုင်မှုမရှိပဲ၊ နိုင်ငံရေးလောကမှာ သူဘာလဲ၊ ငါဘာလဲ ငြင်းခုံနေရာလုမှုတွေကြောင့် ဖြစ်ပါတယ်။ အာဖရိကနိုင်ငံများမှာဆိုရင် အုပ်ချုပ်ရေးစနစ်လုံးဝမရှိတော့ပဲ သူတလူ၊ ငါတမင်းဖြစ်ကုန်တဲ့အထိ ဖြစ်ခဲ့ရဖူးပါတယ်။ စစ်အာဏာရှင်တွေအတွက်တော့ ဒါတွေဟာ အာဏာသိမ်းယူဖို့ ဖိတ်ခေါ်နေတဲ့ အပြုအမူတွေပါပဲ။
(၄) အချိန်ယူ၍ သွေးခွဲခြင်း၊ အယူအဆ ကွဲပြားအောင်ပြုလုပ်ခြင်း
COIN နည်းဗျူဟာတွေထဲက နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ အချိန်အတန်ကြာယူပြီး သွေးခွဲခြင်းနဲ့ အယူအဆ ကွဲလွဲအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ စစ်ရေးကျွမ်းကျင်သူတွေက common sense ကို အသုံးပြုဖို့ အကြံပြုကြပါတယ်။ စစ်ပွဲရဲ့ အဆုံးသတ်အောင်ပွဲဆိုတာ ရန်သူကို သတ်ဖြတ်ချေမှုန်းတာ၊ ဖမ်းဆီးလိုက်နိုင်တာတခုပဲ မဟုတ်ရဘူးလို့ သူတို့က ဆိုထားပါတယ်။ အဓိကကတော့ အတွေးအခေါ်၊ အယူုအဆတွေကိုေ၀၀ါးအောင် ပြုလုပ်ပြီး အောင်ပွဲယူရမယ်လို့ ဆိုပါတယ်။ တော်လှန်ရေးခရီးဆိုတာ ကြမ်းတမ်းပါတယ်။ အချိန်ကြာပါတယ်။ မျိုးဆက်တဆက်ကနေတဆက် လက်ဆင့်ကမ်းပြီး လုပ်ကြရတဲ့ အခြေအနေမျိုးအထိလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျိုးဆက်တခုနဲ့ တခုကြားက အတွေးအခေါ် လက်ဆင့်ကမ်းမှုတွေကို ဖြတ်တောက်နိုင်ရင် တော်လှန်ရေးခါးဆက်ဟာ ပြတ်သွားတတ်ပါတယ်။ COIN operations ပြုလုပ်မယ့်သူတွေက ဒီအချက်ကို အခွင့်အလမ်းအဖြစ် သတ်မှတ်ရမယ်လို့ သူတို့က ဆိုပါတယ်။
ဒီလို တော်လှန်ရေးခါးဆက်ပြတ်သွားအောင် ပြုလုပ်နိုင်ခဲ့ရင် တော်လှန်ရေးဟာ တစတစ ပိုပြီး အချိန်ကြာပါတယ်။ အချိန်ကြာတာနဲ့အမျှ မျိုးဆက်ဟောင်းတွေအကြားမှာ အယူအဆကွဲလွဲမှုတွေ တစတစ ပိုမိုကြီးထွားလာပါတယ်။ စစ်မျက်နှာအသီးသီးမှာ လှုပ်ရှားနေသူတွေ အချင်းချင်း သူ့စစ်မျက်နှာက ထိရောက်တယ်၊ သူ့စစ်မျက်နှာက မထိရောက် စသဖြင့် အငြင်းပွားမှုတွေ များပြားလာပါတယ်။ ဟန်ချက်ညီလုပ်ဆောင်နိုင်မှုထက် ပြိုင်ဆိုင်မှုတွေ၊ သူမှန်တယ်၊ ငါမှန်တယ် ငြင်းခုန်မှုတွေ၊ အချိန်ကြာနေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သူ့အပြစ်၊ ကိုယ့်အပြစ်ပုံချမှုတွေက ပိုမိုကြီးထွားလာပါတယ်။ ဒါတွေဟာ အချိန်ကြာနေတဲ့ တော်လှန်ရေးတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတွေပါပဲ။ "Walking the walk” လို့ စစ်မဟာဗျူဟာလောကမှာ ခေါ်ဆိုကြတဲ့ ဒီနည်းလမ်းဟာ အစိုးရတွေအတွက်တော့ အတော်ကို ထိရောက်တဲ့ နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေကို အသုံးပြုပြီး၊ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းတွေအကြားမှာ သွေးခွဲမှုတွေ၊ စိတ်ဓာတ်ကျစေမှုတွေ၊ အယုံအကြည်ကင်းမဲ့မှု ဖြစ်စေနိုင်လို့ပါပဲ။ အာဖဂန်နစ်စတန် စကားပုံတခုက ဆိုထားသလိုပဲ "You have the watches, we have the time” ဆိုတဲ့ အခြေအနေမျိုးပါ။ တော်လှန်ရေးသမားတွေအနေနဲ့ ဒါကို အထူးသတိပြုဖို့ လိုအပ်လှပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုကျွန်မ အထက်မှာ ရေးသားပြထားတဲ့ နည်းလမ်းတွေဟာ စစ်ရေးကျွမ်းကျင်သူများက Counterinsurgency နဲ့ ပတ်သက်ပြီး အသုံးပြုဖို့ ဖော်ထုတ်သုတေသနပြုထားကြတာတွေပါ။ နိုင်ငံပေါင်းများစွာက ဖြစ်ရပ်တွေ၊ သင်ခန်းစာယူစရာ အချက်များစွာဟာ ဒီနည်းလမ်းတွေနဲ့ ဆက်စပ်နေပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက စစ်အုပ်စုဟာ စစ်အစိုးရပီပီ ဒီနည်းလမ်းတွေကို အသုံးပြုခဲ့၊ အသုံးပြုနေဆဲပဲဆိုတာ သမိုင်းဖြစ်စဉ်တွေနဲ့ ယှဉ်ထိုးကြည့်ရင် မြင်သာထင်ရှားလှပါတယ်။ ဒီနည်းလမ်းတွေရဲ့ ထောင်ချောက်တွေထဲကို မကျရောက်နိုင်ဖို့ တော်လှန်ရေးသမားတွေအနေနဲ့ ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်ပြီး၊ တော်လှန်ရေးချိန်ခွင်လျှာ ကိုယ့်ဘက်မှာ အလေးပိုသာနိုင်ဖို့အရေးအတွက် ရှေးရှုလုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
Ref: ခင်မမမျိုး (၂၉၊ ၄၊ ၂၀၀၉)
Sunday, May 10, 2009
COIN အကြောင်း တစေ့တစောင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment