..............................

Friday, May 15, 2009

အမှုမစစ်ဆေးမီ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် အတွင်း ထား

မင်းနိုင်သူ / ၁၄ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီး လိုသော ဘေးအန္တရာယ် ပုဒ်မ (၂၂) ရာဇသတ်ကြီး ပုဒ်မ (၁၀၉) ဖြင့် နအဖ စစ်အစိုးရက အင်းစိန် အထူးတရားရုံးတွင် တရား စွဲဆိုလိုက်ပြီ ဖြစ်ကြောင်း အမှုကိုင် ရှေ့နေ တဦးဖြစ်သူ ဦးအောင်သိန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် (၇) နာရီခန့်တွင် နေအိမ်မှ အင်းစိန်ထောင်ရှိ အထူး တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ရာ အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိလည်း လိုက်ပါသွားခဲ့ရသည်။

အမှုကိစ္စအတွက် ယနေ့နံနက် (၉) နာရီတွင် အင်းစိန် အထူးတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်း၊ ဦးအောင်သိန်း၊ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ လိုက်သွားကြသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း သားအမိ၊ နေအိမ်သို့ ရေကူး ၀င်ရောက်ခဲ့သည်ဆိုသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံယက်တော တို့ကို ရုံးတင် ခဲ့သော်လည်း ဒေါက်တာ တင်မျိုးဝင်းကို မတွေ့ရဟု ဦးအောင်သိန်းက ပြောသည်။

၎င်းက “ဒီနေ့ အင်းစိန်အထူးတရားရုံးမှာ နှစ်ပါးထိုင် အဖြစ် တရားသူကြီး ဦးသောင်းထွန်းနဲ့ ဦးညီညီစိုးတို့က အမှုကို စတင်ကိုင်တွယ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကို အခုလ (၁၈) ရက်မှာ စတင် ကြားနာမှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ခွင့် မပြုဘဲ အင်းစိန်ထောင် ဧည့်ဆောင်မှာ ထိန်းသိမ်းထားတယ်” ဟု ပြောသည်။

ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ပုဒ်မများဖြင့် စွဲဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ၀င်ရောက် နေထိုင်ခဲ့သည်ဆိုသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံယက်တော ကိုမူ ပုဒ်မ(၂၂)အပြင် လ၀က ပုဒ်မ (၁၃/၁) နှင့် စည်ပင်သာယာ ပုဒ်မ (၂၈) တို့ဖြင့် တရားစွဲဆို ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ဒေါ်အောင်ဆန်းစုကြည်အား ယင်းကဲ့သို့ တရားစွဲဆိုမှုမှာ မလုပ်သင့် မလုပ်ထိုက်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို ၂၀၀၃ ခုနှစ် မေလ (၃၀) ရက် ညပိုင်းတွင် ဒီပဲယင်းမြို့နယ် ကျီစု ကျေးရွာအနီး စစ်အစိုးရ လိုလားသူများက ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို နအဖ စစ်အစိုးရက နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁၀/ခ) ဖြင့် နေအိမ် အကျယ်ချုပ်ချထားခဲ့သည်။

အဆိုပါဥပဒေကို ၁၉၇၅ ခုနှစ် စတင်ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်အထိ ဖမ်းဆီး ချုပ်နှောင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ် ကျခံနေရသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး (၅) နှစ်အထိ ချုပ်နှောင်ထားနိုင်သည်ဟု စစ်အစိုးရက ပြင်ဆင် သတ်မှတ်ခဲ့သည်။

ထို့နောက် ဒီပဲယင်းအရေးအခင်းအပြီး တတိယအကြိမ် ထိန်းသိမ်းခံရချိန်တွင် (၅) နှစ် ပြည့်မြောက်သော်လည်း (၆) နှစ်အထိ ချုပ်နှောင်ပိုင်ခွင့် ရှိသည်ဆိုကာ ၂၀၀၇ ခုနှစ် မေလ (၂၅) ရက်တွင် နအဖ စစ်အစိုးရက အကျယ်ချုပ် သက်တမ်း တနှစ်ထပ်တိုးခဲ့သည်။

ထိုကဲ့သို့ထပ်တိုးခြင်းသည် ဥပဒေနှင့်လျော်ညီမှု မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက ထောက်ပြ ပြောဆိုခဲ့ပြီး အယူခံလွှာ တစောင်ကိုလည်း ၂၀၀၈ ခုနှစ် အောက်တိုဘာ (၉) ရက်တွင် နအဖ၀န်ကြီးချုပ်ထံ တင်သွင်းခဲ့သည်။

သို့သော် နအဖစစ်အစိုးရဘက်မှ အကြောင်းပြန်ကြားမှု မရှိသဖြင့် အယူခံအမှုကို ကြားနာပေးပါရန် မေတ္တာရပ်ခံစာ လေးကြိမ် ထပ်မံ ပေးပို့ခဲ့သော်လည်း နအဖ ၀န်ကြီးချုပ်ဘက်မှ အကြောင်း မပြန်ခဲ့ပေ။

ထို့နောက် ဧပြီ (၂၈) ရက်တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက် မေတ္တာရပ်ခံစာကို ပေးပို့ခဲ့သည်။

နအဖစစ်အစိုးရဘက်မှ ဧပြီ (၃၀) ရက်တွင် ယင်းအယူခံမှုကို ပလပ်လိုက်ကြောင်း တရားဝင် အကြောင်း ပြန်ကြားခဲ့သည်။

အယူခံပယ်ချကြောင်း ပြန်ကြားချိန်သည် နအဖ သတ်မှတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားခွင့်မှ ပြန်လွှတ်ပေးရမည့်ရက် (၂၇) ရက်အလိုတွင် ဖြစ်သည်။

ထို့နောက် မေလ (၇) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ အမေရိကန် နိုင်ငံသားတဦး ၀င်ရောက် နေထိုင်ခဲ့ကြောင်း နအဖ သတင်းစာများက ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချထားခွင့် ကုန်ဆုံးရန် (၂၁) ရက်အလိုတွင် ယင်းကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့နောက်ပိုင်း ယနေ့နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် အထူးတရားရုံးသို့ ခေါ်ဆောင်သွားပြီး တရားစွဲဆို လိုက်ခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့