..............................

Monday, May 11, 2009

ဒေါ်အောင်ဆန်းစုကြည် ဆေးကုသမှုလိုအပ်၊ မိသားစု ဆရာဝန် အဖမ်းခံရ

မေကျော်
စနေနေ့၊ မေလ 09 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်သည် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေပြီး၊ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း အဖမ်းခံ နေရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုသည်။

ယခုလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်က ဒေါက်တာ တင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်း အတွင်း ပုံမှန် ဆေးကုသရန် သွားရောက်သည့်အခါ ဝင်ခွင့်မရရှိဘဲ၊ နေအိမ်သို့ ပြန်လာပြီးနောက် အာဏာပိုင်များက သူ့ကို လာရောက် ခေါ်ဆောင်သွားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်ကို ပြည်တွင်း သတင်းထောက်တဦးက မဇ္ဈိမကို ပြန်လည် ပြောပြခြင်း ဖြစ်သည်။

သို့သော် ဆရာဝန်၏ ဆေးအကူ မပြုံးမိုးအိ ကို အာဏာပိုင်များက ယမန်နေ့ နေ့လယ်ပိုင်းတွင် အကြောင်းကြား သဖြင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို ၃ နာရီခန့်အကြာ ကျန်းမာရေး စစ်ဆေးခွင့် ရရှိခဲ့ပြီး၊ အကြောဆေးလည်း သွင်းပေးခဲ့ကြောင်း သိရသည်။

အဖွဲ့ချုပ် သတင်းပြန်ကြားရေး ကော်မတီဝင် ဦးအုန်းကြိုင်ကလည်း “ဒေါက်တာ တင်မျိုးဝင်းကို ဘာလဲတော့ မသိဘူး။ ခေါ်သွားတယ်လို့ ကြားတယ်။ ဒေါ်စု ကျန်းမာရေး အခြေအနေ နည်းနည်း စောင့်ရှောက်နေရတယ်လို့ ကြားတယ်။ နည်းနည်း အရေးပေါ် ကုသမှု လိုတယ်လို့ ပြောတယ်” ဟု ဆိုသည်။

သို့သော်လည်း ပြည်ပခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေရာ တာဝန်ခံ ဦးညိုအုန်းမြင့်က “ဒေါက်တာ တင်မျိုးဝင်းကို ကြာသပတေးနေ့က ဝင်ခွင့်မပေးဘူး။ ညနေထိ သူ့အိမ်ကို ဖုန်းဆက်တော့ အိမ်မှာ မရောက်လာသေးဘူး။ အိမ်ပြန်မလာသေးဘူးလို့ ပြောတယ်။ အခုလို လုပ်နေတာက ဒေါ်စုကျန်းမာရေးကို သတင်း မပေါက်ကြားဖို့ ထိန်ချန်ဖို့ ထိန်းထားတာလို့ ယူဆရတယ်။ မနေ့က ညနေတော့ အိမ်ပြန်လေ့ရှိတဲ့ လူက အိမ်ပြန်မလာတော့ဘူး ဆိုတော့ ချုပ်နှောင်ထားတယ်လို့ ပြောနိုင်တယ်” ဟု ပြောသည်။

“ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို ပြည်သူတွေလည်း သိသင့်တယ်။ တကမ္ဘာလုံးကလည်း သိသင့်တယ်။ အခုလက်ရှိ သူ ဘာဖြစ်နေတယ်ဆိုတာ ဖော်ပြသင့်တယ်” ဟု သူက ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့