..............................

Monday, January 5, 2009

ဦးသန့် အဆိုအမိန့် မျက်နှာဖုံးတွင် ပါရှိသည့် မြန်မာသစ် မဂ္ဂဇင်း ထုတ်ဝေခွင့် မကျသေး

နန်းဒေ၀ီ-05 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဓာတ်ပုံဖြင့် မျက်နှာဖုံး ခွင့်ပြုချက် ပယ်ချခံရပြီးနောက် ယခုလထုတ် မြန်မာသစ်မဂ္ဂဇင်းကို မျက်နှာဖုံးပြောင်းကာ စာပေစိစစ်ရေးသို့ ထပ်မံ တင်ပြခဲ့သော်လည်း ယနေ့တိုင် ခွင့်ပြုချက် မကျသေးကြောင်း ရန်ကုန် စာပေအသိုင်းအ၀ိုင်းက ပြောသည်။

ဦးသန့် ရာပြည့် အထိမ်းအမှတ်အဖြစ် ယခုလတွင် ထုတ်ဝေမည့် မြန်မာသစ်မဂ္ဂဇင်းကို ဦးသန့်ဓာတ်ပုံ မျက်နှာဖုံး ထားရှိရာ ခွင့်မပြုသည့်အတွက် မျက်နှာဖုံးဓာတ်ပုံ ပြောင်းလဲ၍ စာပေစိစစ်ရေးသို့ တင်ပြခဲ့သည်မှာ ရက်သတ္တတပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း ယခုထိ ထုတ်ဝေခွင့် မကျသေးခြင်း ဖြစ်သည်။

"မထွက်နိုင်သေးဘူးခင်ဗျ။ ဒီနေ့ စိစစ်ရေးကို ဖုန်းဆက်မေးတော့ စစ်ဆေးနေတုန်းလို့ ပြောတယ်။ တင်ထားတာ တပတ်ကျော်ပြီ" ဟု မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုဘုန်းသက်ပိုင်က မဇ္ဈိမကို ပြောသည်။

မျက်နှာဖုံးတွင် ဦးသန့် ဓာတ်ပုံအစား ဦးသန့်၏ အဆိုအမိန့်တခုဖြစ်သည့် 'မယဉ်ကျေးသေးတဲ့ နိုင်ငံသားချင်း ဘယ်လောက်ပဲ ကွဲလွဲချက်ရှိနေပါစေ၊ ယဉ်ကျေးပြီးဖြစ်တဲ့ အာရှတိုက်သားတယောက်ဟာ ယဉ်ကျေးပြီးဖြစ်တဲ့ ဥရောပတိုက်သားနဲ့ပဲဖြစ်ဖြစ်၊ အမေရိကန်တယောက်နဲ့ပဲဖြစ်ဖြစ် ဘာမှ မတူညီစရာ၊ ကွဲလွဲစရာ မရှိနိုင်ပါဘူး' ဟူသည့် စာတမ်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတံဆိပ်ကို ယခုတင်ပြသည့် မျက်နှာဖုံး၌ ထည့်သွင်းဖော်ပြထားသည်။

ဦးသန့် ဓာတ်ပုံနှင့် မျက်နှာဖုံးကို စိစစ်ရေးက ပယ်ချခဲ့သည့်အပြင် ဦးသန့် ရေးသားခဲ့သည့် ဆောင်းပါး ၂ ပုဒ်၊ ဦးသန့်အကြောင်း ပြန်လည်ပြောပြသည့် အိန္ဒိယနိုင်ငံ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ဝါဒီ မဟတ္တမဂန္ဓီ၏ မိန့်ခွန်းတို့ကိုပါ အဖြုတ်ခံခဲ့ရသည်။

ထို့အပြင် ကဗျာ ၁၅ ပုဒ်အနက် ၆ ပုဒ်ကိုသာ စာပေစိစစ်ရေးက ခွင့်ပြုခဲ့သည်။

အလားတူ ယခုတပတ်ထုတ် ဂျာနယ်များတွင် စစ်အစိုးရ၏ ၀ါဒဖြန့် သတင်းဆောင်းပါးဖြစ်သည့် "အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ မှိုင်းတိုက် မြှောက်ပေးမှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်ကြောင့် NLD လူငယ် ၉ ဦးကို သက်ဆိုင်ရာက ထိန်းသိမ်းခဲ့ရ" ကို NLD ဆန္ဒပြလူငယ် ၉ ဦး၏ ဓာတ်ပုံနှင့်တကွ မထည့်မနေရဟူ၍ စာပေစိစစ်ရေးက ညွှန်ကြားထုတ်ဝေစေခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့