..............................

Monday, January 5, 2009

၂၀၀၉ ခုအတွင်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမည်ဟု ဦးဝင်းတင်ခန့်မှန်း

မင်းနိုင်သူ/ ၅ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦး စမ်းချောင်းမြို့နယ်အတွင်း ဆန္ဒပြမှုသည် (အန်အယ်လ်ဒီ) ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့်ဟု ပြည်တွင်းဂျာနယ်အချို့တွင် စွပ်စွဲထားချက်နှင့် ပတ်သက်၍ အထူးတလည် ဖြေရှင်းရန် မလိုကြောင်းနှင့် ၂၀၀၉ ခုနှစ်အတွင်း အလားတူ ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ ဦးဝင်းတင်က ပြောသည်။

“ဒီလိုမဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတာမျိုးတွေကို ပြန်ပြီးတော့တောင် ဖြေရှင်း မနေချင်တော့ပါဘူး။ စာနယ်ဇင်း မျက်စိနဲ့ ကြည့်မယ် ဆိုရင် တစ်ကဘာလဲဆိုတော့ ၀ါဒမှိုင်းတိုက်တယ်ဆိုတာ ဘာတိုက်တာလဲ။ ဘယ်တုန်းကတိုက်တာလဲ။ ဘယ်သူတွေကို တိုက်တာလဲ။ ဘာကြောင့်တိုက်တာလဲ။ ဒီလိုအကြောင်းတွေကို ထည့်ရေးရမယ်၊ ပြောရမယ်ဗျာ။ အခုဟာ ဒါတွေတခုမှ မပါဘူး၊ ရေးမထားဘူး ဆိုတော့ ငြင်းဆိုခြင်းဆိုတာ လုပ်ဖို့တောင် ထိုက်တန်တဲ့ သတင်းတန်ဖိုးမရှိဘူးပေါ့။ ဆန္ဒပြလူငယ်တွေကို ဖမ်းတယ် ဆိုတာလောက်ထိက သတင်းရေးလို့ရတယ်။ ဘာမဟုတ်ဘဲနဲ့ ကျနော်တို့ကို ဆွဲထည့်ရုံ ထည့်တာသက်သက်နဲ့တော့ ကျနော်တို့က သာမန်အားဖြင့် ပြန်ဖြေရှင်းနေဖို့တောင် ထိုက်တန်တဲ့ သတင်းမဟုတ်ဘူးလို့ပဲ ပြောလို့ရတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်သို့ ရှင်းပြသည်။

အဆိုပါစွပ်စွဲရေးသားထားသော သတင်းကို True News၊ နံနက်ခင်းဂျယ်နယ် စသည့် ပြည်တွင်းသတင်းဂျာနယ်အချို့အား စာပေ စိစစ်ရေးရုံးက ဖိအားပေးထည့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအယ်ဒီတာတဦးက ပြောဆိုသည်။ ပြည်တွင်းဂျာနယ်များတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့အား ၀ါဒမှိုင်းတိုက်သူများအဖြစ် ဖော်ပြခဲ့ပြီး အန်အယ်လ်ဒီလူငယ်များကိုလည်း ကလေ က၀များသဖွယ် ရေးသားထားမှုမျိုးကို မိမိတို့အနေဖြင့် ပြုလုပ်မည်မဟုတ်ဘဲ ဖိအားများကြောင့်သာ ဖော်ပြခဲ့ကြရကြောင်း ၎င်းက ထပ်မံ ရှင်းလင်းပြောဆိုသည်။

အဆိုပါသတင်းတွင်း စွပ်စွဲမှုကို အထမြောက်စေနိုင်သည့် အကြောင်းပြချက် တစုံတရာမတွေ့ရှိရဘဲ ဖြစ်စဉ်အစဟုဆိုကာ ဒီဇင်ဘာ (၃၀)ရက်တွင် အန်အယ်လ်ဒီ ရုံးချုပ်၌ ဦးခင်မောင်ဆွေ ဟောပြောခဲ့သော “ပြည် သူနှင့် လွတ်လပ်ရေး’’ ဟောပြောမှုကို လူငယ်များ တက်ရောက်နားထောင်ခဲ့ကြောင်းသာ ဖော်ပြနိုင်သည်။ ဦးဝင်းတင်နှင့် စပ်လျဉ်းပြီး သတင်းအတွင်း ထည့်သွင်းရေးသားခြင်းမရှိသော်လည်း သတင်းခေါင်းစဉ်တွင်မူ ဦးဝင်းတင်အား ရှေ့တင် စွပ်စွဲရေးသားထားသည်။

“ကျနော့်ကို ခေါင်းစဉ်တင်ပြီး စွပ်စွဲထားပေမယ့် အကြောင်းပြမှု မရှိ၊ ဘာမရှိနဲ့ဆိုတော့ဗျာ ကျနော့်အတွက်က တော့ ဖြေရှင်း နေစရာတောင် မလိုပါဘူး။ ဆရာဦးခင်မောင်ဆွေရဲ့ ဟောပြောချက်တွေကို စွပ်စွဲတယ်ဆိုလည်းဗျာ။ ဦးခင်မောင်ဆွေရဲ့ လှုံ့ဆော်ချက်တွေက ဒါ့ထက်မက ကျယ်ပြန့်မယ်ဗျာ။ ဒါ့ထက်မက ထိရောက်မယ်။ ဒီဟောပြောပွဲကို တက်တဲ့လူက နှစ်ရာကျော် သုံးရာရှိတာ။ ဒီဆန္ဒပြတဲ့လူ လေးငါးရှစ်ယောက်တင် ဘယ်ကမလဲ။ အားလုံး ထွက်သွားတော့မှာပေါ့။ နောက်တခုက သူ့ ဟောပြောချက်မှာလည်း ဆန္ဒပြဖို့တို့ ဘာတို့နဲ့ ပတ်သက်တာမပါဘူး။ ကိုယ့်တိုင်းပြည်ကို ချစ်ဖို့ လွတ်လပ်ရေး အရသာ၊ လွတ်လပ်ရေးရဲ့ အကျိုး သက်ရောက်မှု ဒါတွေကိုပဲ ဆရာပြောသွားတာပဲဗျ ” ဟု ဦးဝင်းတင်က တုံ့ပြန်သည်။

“ဒါပေမယ့် ဒီသတင်းက နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေချ၊ ဝေးလံခေါင်ဖျားတဲ့ ထောင်တွေကို ပို့နေပေမယ့် ဒါတွေကို မကြောက်မရွံ့ဘဲ သူတို့ ဆန္ဒရှိတဲ့အတိုင်း ၊ သူတို့ရဲ့ နိုင်ငံရေးအမြင် အတိုင်း ဖော်ထုတ်ရဲတဲ့ လူငယ်တွေ ရှိသေးတယ်ဆိုတာကို လူထုသိအောင် message ပေးသွားတယ်လို့ ပြောလို့ရမယ်။ ဒီသတင်းတခုတည်းရဲ့ မက်ဆေ့ခ်ျက ဒါပဲဗျ။ လူတွေဟာ မကြောက်ဘူးဗျ။ ဒီလူငယ်တွေလို ဒီအစိုးရကို အန်တုလိုတဲ့စိတ်၊ မခံချင်တဲ့စိတ်၊ ဆန့်ကျင်လိုတဲ့ စိတ်ကတော့ လူအတော်များများမှာ ရှိနေတယ်ဗျ။ အံ့သြစရာကောင်းတယ်။ ၈၈ ကာလတုန်းက လူတွေရဲ့ စိတ်ခံစားမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။ အကြောင်း ကြောင်းကြောင့်သာ အန်တုနိုင်ခြင်းတို့ ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းတို့ မရှိတာ။ ဒါပေမယ့် ဒါတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်ဗျ’’ ဟု ၎င်းက ထပ်မံသုံးသပ်ပြောဆိုသည်။

နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့၏ ၀ါဒဖြန့်ချိမှု၊ အတိုက်အခံများအား ရှုတ်ချနှိပ်ကွပ်မှုများကို ၎င်းတို့ပိုင် သတင်းစာများတွင်သာမကဘဲ ပုဂ္ဂလိက ဂျာနယ်များတွင်ပါ ဆောင်းပါးများ မထည့်မနေရ ထည့်သွင်းစေရာမှ ယခုအခါ ပုဂ္ဂလိက ဂျာနယ်များမှ ဖော်ပြသည့်အသွင် သတင်းပုံစံဖြင့်ပါ ဖော်ပြလာခြင်းဖြစ်သည်။

ယင်းကဲ့သို့သော မတရားလုပ်ရပ်များနှင့် ပြည်တွင်း စီးပွားရေး ကျဆင်းလာနေခြင်း တို့ကြောင့် လူထုအတွင်း မကျေနပ်မှု များပြားနေရာ ၂၀၀၉ ခုနှစ်အတွင်း ဆန္ဒပြပွဲများထပ်မံ ဖြစ်ပွားလာလိမ့်မည် ဖြစ်ကြောင်း ဦးဝင်းတင်က သုံးသပ်လိုက်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့