..............................

Thursday, January 8, 2009

မူးယစ်ဆေးသယ်သူ စစ်ဗိုလ်တဦး ဖမ်းဆီးခံရ

Wednesday, 07 January 2009

ပြီးခဲ့သည့် လကုန်ပိုင်းက ရန်ကုန်တိုင်း မှော်ဘီ အခြေစိုက် ခြေမြန် တပ်ရင်း ၇၀၁ မှ ဒုအရာခံ ဗိုလ်တဦး မူးယစ်ဆေးဝါး သယ်ဆောင် မှုဖြင့် ဖမ်းဆီး ခံရကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် သတင်း ရပ်ကွက်မှ သိရသည်။

“သူက မူးယစ်ဆေး ရောင်းတာတော့ မဟုတ်ဘူး။ ရောင်းတဲ့သူတွေဆီ ရောက်အောင် ကယ်ရီ လုပ်ပေးတာပါ”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ စစ်သားတဦးက ပြောပြသည်။ ရရှိသည့် လစာမှာ မိသားစုရပ်တည်ရေးအတွက် လုံလောက်မှုမရှိသဖြင့် ထိုသို့ လုပ်ကိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်-မန္တလေး လမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်တခုတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။ သယ်ဆောင်သည့် မူးယစ်ဆေးအမျိုးအစားကို မသိရပေ။

“တပ်ရိက္ခာလည်း မရဘူးဆိုတော့ အိမ်အတွက် မိသားစုအတွက် အစားအစာ အသုံးအဆောင် ၀ယ်ဖို့အတွက် ပိုက်ဆံက လိုလာပြီ”ဟု ခမရ ၇၀၁ မှ တပ်ကြပ်ကြီးတဦးက ပြောပြသည်။

တပ်မတော်သားများသည် ဆက်ကြေးတောင်းခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း အပါအ၀င် ဥပဒေနှင့် ငြိစွန်းသည့် လုပ်ငန်းများဖြင့် အပိုဝင်ငွေ ရှာနေရကြောင်း စစ်တပ်အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြသည်။

တပ်ရင်းမှူးများသည် တပ်ရင်းရန်ပုံငွေရရှိရန်အတွက် စိုက်ပျိုးမွေးမြူရေး၊ အုတ်လုပ်ငန်း၊ သစ်လုပ်ငန်း စသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော်လည်း ရရှိလာသည့် တပ်ရင်းရန်ပုံငွေများမှာ တပ်တွင်းမိသားစုများအတွက် လုံလောက်ခြင်းမရှိဟု ဆိုသည်။

စစ်တပ်မှ အခြားအဆင့်စစ်သည်များမှာ အရာရှိငယ်များရရှိသည့် လစာနှုန်း၏ ထက်ဝက်သာ ရရှိသည်။ သာမန်ရဲဘော်တဦး၏ လစာမှာ ကျပ် ၂၁၀၀၀ (၁၆ ဒေါ်လာ) ဖြစ်ပြီး အရာခံဗိုလ်တဦး၏လစာမှာ ကျပ် ၅၀၀၀၀ (ဒေါ်လာ ၄၀) ဖြစ်သည်။

“ကျနော်တို့က ရှေ့တန်းမှာမဟုတ်ဘူး ဆိုပေမယ့် တပတ်ကို ၆ ရက် အလုပ်ဆင်းရတယ်ဗျာ၊ လစာလည်း ပိုနည်းတယ်” ဟု တပ်ကြပ်ကြီးက ပြောပြသည်။

“ပိုက်ဆံကိုရတဲ့နည်းနဲ့ ရှာနေရတာပဲ။ တရားတာ မတရားတာ ကြည့်မနေနိုင်တော့ဘူး”ဟု အခြား တပ်ကြပ်ကြီးတဦးက ပြောပြသည်။ ယနေ့ကာလတွင် သူ၏ ကလေးများကို ပြုစုပျိုးထောင်ရန် ငွေကြေး လိုအပ်သည်ဟု ဆိုသည်။

စစ်သားများ၊ စစ်ဗိုလ်ချုပ်တို့၏သားသမီးများ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ဆက်နွယ်သည့် သတင်းများမှာ အဆန်းတကြယ် မဟုတ်တော့ပေ။

ပြီးခဲ့သည့် မေလအတွင်းကလည်း ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၏ သားဖြစ်သူ ကိုအော်ဇော်ရဲမြင့်သည် သေနတ် ၆ လက်နှင့် မူးယစ် ဆေးဝါးများ တရားမ၀င် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးသည်။ အာဏာပိုင်တို့က ကိုအောင်ဇော်ရဲမြင့်ကို မူးယစ်ဆေး စွဲသူများအား ပြန်လည်ပျိုးထောင်ပေးရာဌာနတခုဖြစ်သော ၀က်ထီးကန်စခန်းသို့သာ ပို့ဆောင်ခဲ့သည်။ တရားစွဲ ထောင်ချခြင်းမရှိပေ။

ကိုအောင်ဇော်ရဲမြင့်သည် အာဏာပိုင်တို့၏ သားသမီးအချို့ အပါအ၀င် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်အချို့၊ ရုပ်ရှင်သရုပ်ဆောင်အချို့အတွက် မူးယစ်ဆေးများ ဖြန့်ဖြူးပေးသူအဖြစ် ထင်ရှားသည်။ ။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့