..............................

Friday, January 9, 2009

ကေအန်ယူနှင့် ဒီကေဘီအေ ပြန်ပေါင်းထုတ်ဖို့ လမ်းမရှိ

NEJ/ ၈ ဇန်နဝါရီ ၂၀၀၉

မကြာခင်က နေပြည်တော်တွင် နအဖခေါင်းဆောင်များနှင့် ဒီကေဘီအေ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေး သဘော တူညီချက်အရ ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြန်လည် ပေါင်းစည်းရေးမှာ လုံးဝဖြစ်နိုင်စရာ အခြေနေမရှိတော့ဟု ဒီကေဘီအေမှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ အရာရှိတဦးက “ကေအန်ယူနဲ့ ဒီကေဘီအေ ပြန်လည် ရင်ကြားစေ့ရေး ကိစ္စကို ကရင်အမျိုးသား အများစုက လိုလားတာမှန်ပေမယ့် ဒီကိစ္စဖြစ်မြောက်အောင် ဘယ်သူမှ မဆောင်ရွက် နိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့လက ဒီကေဘီအေက လူကြီးတွေနဲ့ အစိုးရလူကြီးတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတယ်။ စရဖ ဗိုလ်ချုပ်ကြီး ရဲမြင့်လည်း ပါတယ်လို့ သိရတယ်။ သူတို့က ဒီကေဘီအေကို လက်နက်မဖြုတ်ဘူး။ ဒါပေမယ့် နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေအဖွဲ့ကို အသွင်ပြောင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်နဲ့ ရပ်တည်သွားရမှာဖြစ်တယ်။ အဲဒါကို ကျနော်တို့ လူကြီးတွေကလည်း သဘောတူ လိုက်ပြီဆိုတော့ ၂၀၁၀ ကျရင် ဒီကေဘီအေ ကနေ နယ်ခြားစောင့်တပ်ဖွဲ့ အနေနဲ့ အသွင်ပြောင်းမှာ ဖြစ်တယ်။ ဒါကြောင့် နောင်ဆိုရင် ဒီကေဘီအေဆိုတာ ရှိတော့မှာမဟုတ်ဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလ (၄) ရက်နေ့ကလည်း ဒီကေဘီအေ (၉၉၉) တပ်ရင်း၌ ပြုလုပ်သည့် ကရင် အမျိုးသားများ ဆိုင်ရာ လူထုဟောပြောပွဲ တခုတွင် (၉၉၉) အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခမ်းအနား အပိတ် မိန့်ခွန်းတွင် အတည်ပြု ပြောကြားခဲ့သည်။

စောချစ်သူက “လာမယ့် ၂၀၁၀ ကျရင် ဖွဲ့စည်းပုံမူအရ ဒီကေဘီအေဟာ နယ်ခြားစောင့် တပ်ဖွဲ့အနေနဲ့ ဆက်လက် ရပ်တည်သွားရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအောက်မှာပဲ ရပ်တည်သွားမှာဖြစ်တယ်” ဟု ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီကေဘီအေတပ် အသွင်ပြောင်းမည့်ကိစ္စကို ဒီကေဘီအေတပ်ဖွဲ့များအတွင်း သဘောထားကွဲပြားမှုများ ရှိနေသော်လည်း ဗဟို၏ အမိန့်ဖြစ်သောကြောင့် လောလောဆယ် ဝေဖန်ထောက်ပြမှုများ မရှိသေးကြောင်း၊ အောက်ခြေတပ်ရင်း တပ်ဖွဲ့များ၏ သဘောထား အမှန်ကို မသိရှိနိုင်ကြောင်း တဖွဲ့လုံး အသွင်ပြောင်းမည့် ကိစ္စမှာ ဖြစ်နိုင်ခြေနည်းပြီး အချို့တောပြန်ခိုမည့် သူများပင် ရှိသည်ဟု သိရှိရကြောင်း ဘားအံမြို့နယ်မှ ဒီကေဘီအေ ကိုးကွယ်သည့် ကရင် ဘုန်းတော်ကြီးတပါးက မိန့်ကြားခဲ့သည်။

ဒီကေဘီအေနှင့် စီးပွားရေး ပူးတွဲလုပ်ကိုင်သည့် မြန်မာကုန်သည် တဦးဖြစ်သူ ကိုဆန်းမောင်က “ဒီကိစ္စ ကျနော်ရဲရဲကြီး ပြောရဲတယ်။ ဒီကေဘီအေတွေ ကေအန်ယူနဲ့ ပြန်ပြီးပေါင်းဖို့ဆိုတာ အခြေအနေအရ လုံးဝမဖြစ်နိုင်တော့ဘူး။ လက်ရှိ ကေအန်ယူ တဖွဲ့လုံး နယ်စပ်တကြောမှာ ခက်ခက်ခဲခဲ လှုပ်ရှားနေရတယ်။ ယိုးဒယားရဲ့ ဖိအားပေးမှုကလည်း ပိန်လိုက်ဖောင်းလိုက်နဲ့ အမျိုးမျိုး အခက်ခဲတွေကို ရင်ဆိုင်နေရတယ်။ အရင်လို ခေတ်မကောင်းတော့ဘူး။ ဒီကေဘီအေက အရာရှိတွေအားလုံး သူဌေးဖြစ်ကုန်ပြီ။ ဗဟိုအဆင့် ဆိုရင် အနည်းဆုံး သိန်းထောင်နဲ့ချီပြီး ချမ်းသာနေပြီ။ မြို့ပေါ်မှာ တိုက်နဲ့တာနဲ့ ကားနဲ့ ကောင်းကောင်းနေ၊ ကောင်းကောင်းစား မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်အထိ အိမ်တွေ ဝယ်ထားကြတာရှိတယ်။ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားတာ တပုံကြီးပဲ။ ဘန်ကောက်၊ အေပက်တက္ကသိုလ်မှာဆိုရင် တပုံ ကြီးပဲ။ စီးပွားရေးခွင်ကလည်း သစ်လုပ်မလား၊ ကုန်သွယ်ရေးလုပ်မလား၊ အခြား ပြောလို့မကောင်းတဲ့ စီးပွားရေး လုပ်ငန်းတွေလည်း အများကြီးရှိတယ်။ ဒီလောက် ကောင်းတဲ့ အခြေနေကို ဘယ်သူက ငတ်ငတ်ပြတ်ပြတ်နဲ့ နေရမယ့် တောထဲပြန်လာမှာလဲ။ စဉ်းစားကြည့်ပေါ့၊ ဒီအချိန်မှာ အစိုးရက လက်နက်အပ် ဆိုရင်လည်း အပ်မှာပဲ။ အသွင် ပြောင်းရုံမကလို့ ဘာပဲ ခိုင်းခိုင်း ခင်ဗျားဖြစ်ဖြစ်၊ ကျနော်ဖြစ်ဖြစ် ဘယ်ကောင်မှ ငတုံး မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွင် ဒီကေဘီအေနှင့်ပတ်သက်၍ သိထားသည်မှာ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများအပြင် တရားမဝင် မော်တော်ကားနှင့် ဆိုင်ကယ်များ တင်သွင်ခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံမှ တင် သွင်းခွင့် ပိတ်ပင်သည့် ပစ္စည်းများ တင်သွင်းမှု လုပ်ငန်းများအပြင် အချို့တပ်ဖွဲ့များမှာ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားမှုနှင့် ပါဝင်ပတ်သက်သည်ဟု ဆိုသော်လည်း အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍ လုံးဝမဟုတ်ကြောင်းကို ဒီကေဘီအေမှ အစဉ်တစိုက် ငြင်းဆိုကာ အမျိုးဘာသာ၊ သာသနာအတွက်သာ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

အသွင်ပြောင်းမည့်ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ဒီကိစ္စ ဒီကေဘီအေကို တိုက်ရိုက် ကျွန်ဇာတ်သွင်းလိုက်တာပဲ။ အသွင် ပြောင်းခံမယ်ဆိုတော့ ပြည်စောင့်ရဲတို့၊ နယ်စပ်ရဲတို့ ဖြစ်မယ်။ အားလုံး နအဖရဲ့ လက်ကိုင်တုတ်ပဲ။ ကိုယ့် အမျိုးသားရေးအတွက် လုပ်မယ်ဆိုပြီး ကြွေးကြော်ထားတဲ့ လူတွေ အာဏာရှင် တွေရဲ့ လက်ကိုင်တုတ် ဖြစ်သွားမယ်ဆိုရင်တော့ သမိုင်း မကောင်းဘူးပေါ့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကရင်မှန်း သိဖို့ အရေးကြီးတယ်။ ကျနော်တို့ကတော့ ဒီကေဘီအေပဲ ဖြစ်ဖြစ်၊ စောဌေးမောင် အဖွဲ့ပဲဖြစ်ဖြစ်၊ သူမူဟဲ အဖွဲ့ဖြစ်ဖြစ် ဘယ်အဖွဲ့မဆို အမြဲတမ်း တံခါးဖွင့် ကြိုဆိုနေပါတယ်။ အရေးကြီးရင် သွေးနီးရမယ်ဆိုတာကို အားလုံးသတိ ရှိစေချင်တယ်” ဟု ပြောသည်။

ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် နဝတ၏ ကျောထောက်နောက်ခံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ အဖွဲ့၏ နယကဆရာတော်မှာ ဦးသုဇနဖြစ်ပြီး ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်သည်။ ကေအန်ယူမှ စတင်ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေ တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ဌာနချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူတွင် ဖွင့်လှစ်ထားပြီး ၎င်းတို့ အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား (၄) ထောင်ခန့်ရှိသည်ဟု သိရှိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့