..............................

Wednesday, January 7, 2009

ကွယ်လွန်သူ ဦးစောမြအောင်နေရာ အစားထိုးမည် ပါတီလှုပ်ရှားမှုရပ်မသွားဟု ဦးအေးသာအောင်ပြော

မင်းနိုင်သူ/ ၇ ဇန်န၀ါရီ ၂၀၀၉

စစ်အစိုးရက ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးစောမြအောင် ကွယ်လွန်ပြီး ဥက္ကဋ္ဌနေရာ လစ်လပ် သွားသော်လည်း ဥက္ကဋ္ဌနေရာ ပြန်လည်တင်မြှောက်ကာ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ခေတ်ပြိုင်သို့ ရှင်းလင်းပြောဆိုသည်။

“ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဥက္ကဋ္ဌလည်းဆုံးပြီ။ ဒု-ဥက္ကဋ္ဌနှစ်ယောက်လည်း ဆုံးပြီဆိုတော့ ဒါတွေကို အစားထိုးဖို့ကတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ စီအီးစီတွေနဲ့ တွေ့ဆုံဖို့ လိုပါတယ်။ သူတို့နဲ့ တွေ့ဆုံဖို့ဆိုတာလည်း တော်တော်လေး အခက်အခဲရှိတယ်။ လောလောဆယ်တွေ့ဆုံညှိနှိုင်းမှုတွေ မလုပ်နိုင်သေးပေမယ့် လုပ်ဆောင်သွားဖို့တော့ ရှိပါတယ်။ အခုချိန်တော့ ရန်ကုန်မှာရှိတဲ့ ဦးသာဘန်းတို့လို စီအီးစီတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကွယ်လွန်သွားသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) မှာလည်း ဥက္ကဋ္ဌနေရာ ယူထားသည့်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အသစ်ပြန်လည်တင်မြှောက်မည့် ဥက္ကဋ္ဌသည် စီအာပီပီတွင် မည်သည့် အခန်းကဏ္ဍမှ တာဝန်ယူမည် ဆိုသည်မှာမူ စီအာပီပီမှဖြစ်စေ ၊ ထို့ထက်ကျယ်ပြန့်သော အစည်းအဝေးတခုမှဖြစ်စေ စဉ်းစား ဆုံးဖြတ်ကြရမည် ဖြစ်ကြောင်း ဦးအေးသာအောင်က ရှင်းလင်းပြောဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်(၁၁) ခု၌ အနိုင်ရ ရွေးကောက် တင်မြှောက်ခံခဲ့ရ သော်လည်း ၁၉၉၂ ခုနှစ် မတ်လတွင် စစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရသည်။

“သူတို့က ဖျက်သိမ်းလိုက်တယ်ဆိုပေမယ့် အန်ကယ်တို့က လက်မခံဘူး။ ဘာကြောင့်လည်းဆိုတော့ အန်ကယ်တို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူအများစုက မဲဆန္ဒပေးထားတဲ့ အဖွဲ့ကြီးတခုဖြစ်နေသေးတယ်။ ရခိုင်ပြည်နယ်မှာ မဲဆန္ဒအများစုကို ရထားတဲ့ ပါတီတခုဖြစ်တဲ့အတွက် ဥက္ကဋ္ဌ၊ အတွင်းရေးမှုး၊ စီအီးစီတွေက လက်မခံဘူး။ ဒီတိုင်းပဲ ဆက်လုပ်ခဲ့တယ်လေ။ အခုလည်းပဲ ဒီလိုပဲ ဆက်လုပ်မှာပဲ။ ရံဖန်ရံခါ အစည်းဝေးတွေလုပ်တယ်။ ပြီးတော့ ပြည်နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာတွေ အရင်ကလုပ်ခဲ့ပါတယ်။ နောက်လည်း အခါအားလျော်စွာ လုပ်သွားမှာပါ” ဟု အဖွဲ့အနေဖြင့် ဆက်လက် လုပ်ဆောင် သွားဖွယ်များကို ၎င်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်းအဖွဲ့မှ စီအီးစီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသာဘန်းကလည်း “တို့က အဖျက်သိမ်းခံလိုက်ရပေမယ့် စုစည်းမှုက ရှိနေတာပဲလေ။ လုပ်ခဲ့တဲ့လူတွေ စုစည်းပြီးလှုပ်ရှားတယ်။ ၁၉၉၈ မှာလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေ စုစည်းပြီး လွှတ်တော်ခေါ်ယူဖို့ လုပ်ခဲ့ကြတာပဲလေ။ အဲဒီနောက်မှာလည်း စီအာပီပီတို့၊ အန်အယ်လ်ဒီတို့ တိုင်းရင်းသားလူမျိုးစုတွေ ပူးပေါင်းပြီး လွှတ်တော် ခေါ်ယူရေး ကော်မတီဖွဲ့တယ်။ ဒါမျိုးတွေ လှုပ်ရှားနေခဲ့ကြ တာပဲလေ။ လက်ရှိမှာလည်း အန်အယ်လ်ဒီနဲ့ ပူးပေါင်းလှုပ်ရှားနေတာပဲလေ” ဟု ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် စီအာပီပီအဖွဲ့တို့၏ ဥက္ကဋ္ဌ ဦးစောမြအောင်သည် ဇန်န၀ါရီ (၅)ရက်တွင် ၎င်းနေအိမ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥက္ကဋ္ဌနေရာကို မည်သည့်အချိန်တွင် ပြန်လည်အစားထိုး တင်မြှောက်သွားမည်ကို အတိအကျ ပြောနိုင်ခြင်း မရှိသေးသော်လည်း ပြန်လည် အစားထိုးတင်မြှောက်မှု ပြုလုပ်ကာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက တညီတညွတ်တည်း ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့