..............................

Saturday, July 25, 2009

ဖြစ်နိုင်တာကတော့ သမိုင်းလူပြက်ပဲ

ရဲဘော်ဖိုးသံချောင်း
၂၄ ဇူလိုင် ၂၀၀၉

ဒီတလော ဗမာပြည်နိုင်ငံရေးမှာ အတော် ကျယ်ကျယ်လေး ကြားလာရတဲ့ အယူအဆ တခုက “နိုင်ငံရေး လုပ်တယ်ဆိုတာ ဖြစ်နိုင်တာကို လုပ်တဲ့ အနုပညာပဲ” ဆိုတာပါ။ ဒါကို ဂျာနယ်တခုရဲ့ အယ်ဒီတာ့ အာဘော်မှာ တွေ့ရသလို မောင်(ဦး)စူးစမ်းရဲ့ အင်တာဗျူး တခုမှာလည်း တွေ့လိုက်ရပါတယ်။ ဒါတွေနဲ့ တဆက်တည်း ဖော်ပြလေ့ ရှိတဲ့ ယူဆနည်းက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဗမာပြည်မှာ နဂိုက လုံးဝလှုပ်ရှား လုပ်ကိုင်ခွင့် မရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အဖို့ လှုပ်ရှားဖို့ခွင် (သူတို့အ သုံးအနှုန်းအရ ဆိုရင် Space) ရတာပဲ၊ ဒါကို မုချ အသုံးချရမယ်။ လုပ်ငန်းအားလုံးဒီကနေ အစပြုရမယ် လို့လည်း ဆိုကြပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးအတွက် အစပြုချက် ဖြစ်တယ်လို့ ဖော်မြူလာ ထုတ်ပေး ကြပါတယ်။ ဒီလှုပ်ရှားဖို့ ခွင်ဆိုတဲ့အယူအဆကို တင်သူတွေထဲမှာ နိုင်ငံခြားသားတွေလည်း မနည်းဘူး ဆိုတာကို သတိထားမိပါတယ်။

“ဘာမှမရှိတာထက်စာရင် နည်းနည်းရှိတာက တော်သေးတယ်”၊ ဘာဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ မရှိတာနဲ့ စာရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတာဟာ ပိုကောင်းတယ်ဆိုတဲ့ အယူအဆ ထွက်လာပြီးနောက် ဆက်တိုက် ပေါ်လာတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ခါတော် မီအယူအဆတွေလို့ ဆိုရင် မမှားပါဘူး။

နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နအဖရဲ့ လမ်းပြ မြေပုံထဲက နံပါတ် (၆) အဆင့်ကို အကာ အကွယ်တွေပေးတာ၊ ထောက်ခံတာတွေ ဆက်တိုက် ပေါ်ထွက်လာတယ် လို့ နားလည် မိပါတယ်။ စစ်အစိုးရ အဆက်ဆက် လက်ထက်မှာ ရာစုနှစ် တဝက်နီးပါး အသက်ရှင်လာခဲ့သူ တဦးအနေနဲ့ ဒီလို အချိန်အခါမှာ ဒီလို ရေးသူတွေ ပေါ်တယ်ဆိုတာက တရားတခုလို့ပဲ သဘောထားမိပါတယ်။ မအံ့သြမိကြောင်း ဝန်ခံ လိုက်ပါရစေ။ ဘယ်သူတွေက ရေးမလဲ။ ဘယ်လိုတွေ ရေးမလဲဆိုတာဘဲ စောင့်ကြည့်မိခဲ့တာပါ။ အခုတော့ အစီအရီ၊ အယူအဆ တမျိုးစီနဲ့ ထွက်လာကြပါပြီ။ ဒီနေရာမှာ တမျိုးစီဆိုလို့ အနှစ်သာရနဲ့ ရည်ရွယ်ချက်ဟာ တခုနဲ့တခု ကွဲပြားတယ်လို့ မဆိုလိုပါဘူး။ အဲဒီသဘောနဲ့ ပြောရရင်တော့ ဗြိဇုံနဲ့ဗြုံဇိတွေပါ။

ကိုယ့်အယူအဆတခုကိုတင်ရာမှာ ဒီအယူအဆ ခိုင်လုံမှုကို ပြောတာထက် ဒါကို ဆန့်ကျင်တဲ့ လူတွေဟာ “စိတ်ကူး ယဉ်တာ၊ လက်တွေ့မကျတာ” လို့ တိုက်ခိုက်ပါတယ်။ ဒါက နည်းနည်းတော်ပါသေးတယ်။ သူနဲ့ မတူသူတွေဟာ “လေကြီးမိုးကြီးသမားတွေ၊ လက်ဝဲစွန်း သမားတွေ၊ မရိုးသားတဲ့ လူတွေ၊ အယောင်ဆောင် သမားတွေ” စသဖြင့်လည်း ပြစ်ပြစ်နှစ်နှစ် တွယ်လိုက်ပါသေးတယ်။ ဒီလို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်လို့ ရတာချည်းပဲပေါ့။ မောင်(ဦး)စူးစမ်းဟာ သူ့ကိုယ်သူ နိုင်ငံရေး သမားလို့တောင် မခံယူရဲ တော့ဘူး ပဲဟာ။ သူဟာပစ်ပြီးသား ကျည်ခွံဖြစ်သွားပြီလို့ သူကိုယ်တိုင် ရေးနေတာပါ။ ကိုယ့်အယူအဆနဲ့ မတူသူတွေကို ပုဒ်မ အမျိုးမျိုးတပ်တာ၊ အစိုးရနဲ့ ရန်တိုက်ပေးတာ စတဲ့လုပ်နည်းတွေဟာ ဘယ်နိုင်ငံ၊ ဘယ်ခေတ်မဆို ရှိတတ်တာချည်းမို့ အဲဒီလိုလူမျိုးတွေက အဲဒီလိုပဲ လုပ်တတ်တယ်လို့ အောက်မေ့လိုက်ပါမယ်။

အခုဒီ “ဖြစ်နိုင်တာကိုလုပ်တဲ့အနုပညာပဲ” ဆိုတာကို စောကြောကြည့်ပါမယ်။ သူတို့ ပြောတဲ့ ဖြစ်နိုင်တာ ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘယ်သူ့အနေနဲ့ ဖြစ်နိုင်တာကို ပြောတာလဲ။ တကယ်က သူတို့ပြောတဲ့ ဖြစ်နိုင်တာဆိုတာဟာ နအဖက ခွင့်ပြုတာတွေကို ဆိုလိုတာပါ။ ဒါကို ပြန်လှန်ပြောရရင် နအဖ ခွင့်မပြုတာ မှန်သမျှဟာ မဖြစ်နိုင်တာပါ။ မဖြစ်နိုင်တာတွေ မလုပ်ချင်ပါနဲ့။ နအဖ ခွင့်မပြုတာတွေ မလုပ်ချင်ပါနဲ့ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကိုပဲ သူတို့က “အနုပညာ” လို့ ကင်ပွန်းတပ် ပေးထားပါတယ်။

မောင်(ဦး)စူးစမ်းကဆိုရင် ဒီနေ့ နိုင်ငံရေးမှာ “ဘယ်သူက Dictate လုပ်နေတာလဲ” ဆိုပြီး “စစ်တပ်နော်-စစ်တပ်” လို့ မပြောရုံ တမယ် ဖြဲခြောက်ပါသေးတယ်။ နောက်တခါ သူက “မနူးမနပ်တွေ Anti-military (စစ်တပ် ဆန့်ကျင်ရေး) မလုပ်ကြနဲ့” လို့လည်း သတိ ပေးလိုက်ပါသေးတယ်။ ဗိုလ်အောင်ကြီး တယောက်တော့ အရေးအခင်း ကာလမှာ “စစ်တပ်ကိုလုံးဝ မပြစ်မှားနဲ့” လို့ ပြောခဲ့တာနဲ့ပဲ နိုင်ငံရေး အမှိုက်ပုံထဲကို ရောက်သွားခဲ့ ပါတယ်။ အခုလည်း စစ်အာဏာရှင်တွေကို စိတ်နဲ့တောင် ပြစ်မှားခွင့်မရှိတဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကို အရိုးများသလေး၊ ချေးခါးသလေး မပြောကြနဲ့လို့ သူတို့တတွေက မာမာတင်းတင်း ပြောနေကြပါတယ်။

မဆလခေတ်တုန်းက ‘ခ’ သုံးလုံးပေါ်လစီ (ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောနဲ့)၊ ထောင်ထဲမှာ ပြောလေ့ရှိတဲ့ “ပေးတာယူ၊ ကျွေးတာစား၊ စကားမများနဲ့”၊ ခေါင်းထဲမှာ ပြန်ပေါ်လာတာတွေ အများကြီးပါပဲ။ သူတို့ရေးတာတွေ ထဲမှာ ထူးထူးခြားခြား မြင်သာတဲ့ အချက်တချက်ကတော့ နအဖ အစိုးရဘက်ကို တစက်မှ အပြစ်မတင်၊ နအဖဘက်က ဘယ်အချက်ဖြင့် လျှော့ပေး သင့်တယ်ဆိုတာမျိုး တကြောင်း တပါဒမျှ မရေးတာပါဘဲ။

နအဖစစ်အာဏာရှင်တွေက ရေးဆွဲတဲ့လမ်းပြမြေပုံကနေ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားမယ့် လွှတ်တော်ကို မွေးထုတ် လိုက်ပါတယ်။ တခါ အဲဒီလို လွှတ်တော်ကနေ စစ်တပ်က ရေးဆွဲပြီး မတရား အတည်ပြုထားတဲ့ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင် အတည်ဖြစ်ကြောင်း ကြေညာပါမယ်။ ဒီကနေ ပေါ်ထွက် လာမယ့် ဒီမိုကရေစီကနေ ဘယ်လို နိုင်ငံရေး၊ ဘယ်လို ဒီမိုကရေစီတွေ ဆက်ထွန်းကားမယ် ဆိုတာ ရှင်းနေတာပါ။ အဲဒီလို နိုင်ငံရေးဘောင်၊ နိုင်ငံရေးခွင်ကိုပဲ “လှုပ်ရှားနိုင်တဲ့ခွင်” လို့ ထောက်ပြပြီး အားလုံးကို ပုံအော ခိုင်းနေကြတာပါ။ ဒါကိုပဲ ဖြစ်နိုင်တာလို့ပြောပြီး သူတို့နဲ့ မတူသူတွေကို မဖြစ်နိုင်တာပြောတဲ့ စကားကြီး စကားကျယ် သမားတွေ၊ လက်တွေ့ မကျသူတွေလို့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒါဟာ လာလတ္တံ့သော နအဖရဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ရဲ့ ရှေ့ပြေး လုပ်နည်းလုပ်ဟန်တွေ များလား၊ မစဉ်းစားဘဲ မနေနိုင်ပါဘူး။

ကောင်းပါပြီ။ အဲဒီ “ခွင်” မှာ ဘာလုပ်လို့ရမှာလဲ။ ပါတီ ဆိုင်းဘုတ်တွေ ထောင်ခွင့် ရပါမယ်။ အမတ်တွေ ဖြစ်လာ ပါမယ်။ ဒါပေမယ့် “နိုင်ငံတော် အကြီးအကဲများ” နဲ့ “တပ်မတော်” ကို ဝေဖန်ပြောဆို ရေးသားခွင့် ရှိမလား။ ဆန့်ကျင် ဆန္ဒပြခွင့် ရှိမလား။ (နိုင်ငံရေး ပါတီတွေ အချင်းချင်း ဝေဖန် တိုက်ခိုက်ခွင့်တွေ ပေးမှာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး)။ နောက်ပြီး ကုန်လွန်ခဲ့တဲ့ အနီးခေတ် သမိုင်းကို အမှန်အတိုင်း ရေးသားဖော်ပြခွင့်ရှိမလား။ အဲဒါတွေမပါတဲ့ နိုင်ငံရေးမျိုးတော့ အခုလည်း လုပ်ကိုင်ခွင့် ရနေတာပဲ မဟုတ်ဘူးလား။

“ခွင်” ဆိုတာတော့ပေးပါရဲ့၊ အဲဒီ “ခွင်” ကနေ ငါတို့ကို ကြိုက်သလောက် ချီးကျူးစမ်း ကွာလို့ ဖွင့်ပေးထားတာမျိုး ဆိုရင်တော့ မဖြစ်ဘူးထင်ပါတယ်။ “ခွင်” ထဲမှာ ဘုရင်လုပ်ခွင့် မပေးဘဲ မျောက်လောင်းပဲ လုပ်ခိုင်းနေတယ် ဆိုရင် ဘယ့်နှယ် ပြောပါ့မလဲ။ ခွင်တခု ပေးတယ်ဆိုတိုင်း ခွဲခြားမှု မရှိဘဲ ထောက်ခံ ကြိုဆိုနေတာ မှားပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ အယူအဆကို တင်ပြသူတွေထဲက ဘယ်တယောက် ကမှ နအဖ စစ်ဗိုလ်တွေဟာ တဖြည်းဖြည်းနဲ့ အယူ အဆတွေ၊ လုပ်နည်းလုပ်ဟန်တွေ ပြောင်းကုန်မှာ၊ ဒါမှမဟုတ် သူတို့ကို ပြောင်းယူမယ်လို့ မပြောကြပါဘူး။ ဒါ့အပြင် သူတို့က လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းနဲ့ သမ္မတနေရာ၊ နောက်ပြီး အရေးကြီးတဲ့ ဝန်ကြီးနေရာတွေကို စစ်တပ်ကို ထာဝရယူထားခွင့် ပြုမယ်လို့ အာမခံတဲ့သဘော ဖြစ်နေပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ တို့ရဲ့ ဟိုဘက်မှာ လူတချို့ အမတ်ဖြစ်လာမယ် ဆိုတာလောက်က လွဲလို့ သူတို့ဟာ ဘာမှ ဝမ်းပါးလောက်အောင် ထောက်မပြနိုင်ကြပါဘူး။ စစ်တပ် ကိုယ်စားလှယ် ပါဝင်မှုကို (၂၅) ရာခိုင်နှုန်းကနေ တဖြည်းဖြည်း လျော့သွားအောင် လုပ်ယူမယ်လို့တောင် ဘယ်သူမှ မပြောဝံ့ပါဘူး။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ဝမ့်စွေ့” ကြွေးကြော်ဖို့ အမတ်လုပ်ရတာ ဆိုရင်တော့ သမိုင်းလူပြက်တွေ ဖြစ်ကုန် ပါလိမ့်မယ်။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့