..............................

Wednesday, July 22, 2009

ဒေါ်အောင်ဆန်းစုကြည်အား မဟတ္တမဂန္ဒီဆုချီးမြှင့်

NEJ / ၂၁ ဇူလိုင် ၂၀၀၉

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက နိုင်ငံက နိုင်ငံတကာ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မဟတ္တမ ဂန္ဒီဆုကို ယမန်နေ့က ချီးမြှင့်လိုက်သည်။

အကြမ်းမဖက်သည့် မဟတ္တမဂန္ဒီကျင့်စဉ် ကျင့်သုံးသူများအား ချီးမြှင့်သည့် ၂၀၀၉ ခုနှစ်အတွက် ယခု ဆုချီးမြှင့်ပွဲ အခမ်းအနားကို တောင်အာဖရိက နိုင်ငံ ဒါဗာမြို့တွင် ကျင်းခဲ့ခြင်းဖြစ်သည်။

အာဖရိက အမျိုးသားကွန်ဂရက်ပါတီအမတ်ဖြစ်သူ အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ၏ မြေးဖြစ်သူ အီလာဂန္ဒီ ဦးဆောင်သည့် ဂန္ဒီ ဖွံ့ဖြိုးရေး အဖွဲ့က ယခုဆုကို ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည်။

တောင်အာဖရိကနိုင်ငံတွင် တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့သည့် အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ အမှတ်တရ အဖြစ် ဆုကို ၂၀၀၃ ခုနှစ်မှစပြီး ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဆုလက်ခံရယူခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခြင်း ခံရကာ အမှုရင်ဆိုင်နေရပြီး အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခြင်း ခံနေရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့