..............................

Wednesday, July 22, 2009

အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရှိနေသေးတယ်

NEJ / ၂၀ ဇူလိုင် ၂၀၀၉

နအဖရဲ့ အခြေခံဥပဒေကို မထောက်ခံကြောင်း မွန်ပြည်သစ်ပါတီက ကြေညာပြီးတဲ့ နောက်မှာ နအဖ စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ ဆက်ဆံရေး အခြေအနေနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မွန်ပြည်သစ်ပါတီအနေနဲ့ နအဖနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ ကာလအတွင်း ပါတီနဲ့ ပြည်သူလူထု အပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်ထွန်းခဲ့တယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်တို့မွန်ပြည်သစ်ပါတီအနေနဲ့ နအဖနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တဲ့ ကာလတွေ အတွင်းမှာ ပါတီအတွက် ရရှိတဲ့ အကျိုးတရားတွေ ကတော့ စစ်မတိုက်ရလို့ ထိခိုက်သေကျေမှု နည်းပါးလာတယ်။ အေးအေး ချမ်းချမ်း သွားလာအိပ်စက် နားနေခွင့်တွေ ရတယ်။ အတွင်းပိုင်းမှာ ရှိတဲ့ မိမိတို့ မွန်အမျိုးသား ပြည်သူတွေနဲ့ တွေ့ဆုံ ညှိနှိုင်း တိုင်ပင်ခွင့် အချို့ လုပ်ငန်းမှာ ပူးပေါင်း လုပ်ဆောင်ခွင့်တွေ ရခဲ့တယ်။

ပါတီအတွက် နစ်နာဆုံးရှုံးမှုတွေကတော့ တိုင်းရင်းသား အဖွဲ့အစည်း များနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစု၊ တိုင်းရင်းသား တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းထားတဲ့ တပ်ပေါင်းစုတွေ ပြန့်ကျဲ အားနည်းသွားရတယ်။ ဒါဟာ ကျနော်တို့ပါတီကိုရော၊ တော်လှန်ရေး တရပ်လုံးကိုပါ ထိခိုက်သွားစေတယ်။ ပါတီ ခေါင်းဆောင်အချို့၊ ပါတီဝင်နဲ့ ရဲဘော်အချို့တွေထဲမှာ တော်လှန်ရေး စိတ်ဓာတ်တွေ ယိုယွင်း ပျက်စီးသွားစေတယ်။ အပစ်အခတ် ရပ်စဲရေးကို မကြိုက်လို့ ပါတီနဲ့ တပ်မတော်ကနေ ခွဲထွက်ပြီး သီးခြားအဖွဲ့ ထောင်သွား တာတွေလည်း ရှိခဲ့တယ်။

ပြည်သူတွေအတွက် အကျိုးဖြစ်စေတာတွေကတော့ မိမိနယ်မြေ ဒေသ အတွင်းမှာ တိုက်ပွဲတွေ မရှိတော့ အေးအေးချမ်းချမ်း နေထိုင်ခွင့်တွေ ရခဲ့တယ်။ ယခင်လို ပေါ်တာ လိုက်ရတာမျိုး၊ သူပုန်အားပေး ဆိုပြီး ညှဉ်းပန်း နှိပ်စက် ခံရတာမျိုးကနေ သက်သာ ကင်းလွတ် သွားရတယ်။ စီးပွားရေး လုပ်ငန်းတွေကို အေးအေးချမ်းချမ်း လုပ်ကိုင်ခွင့် ရလာတော့ စီးပွားရေး အခြေအနေ အထိုက်အလျောက် ကောင်းမွန် တိုးတက်လာတယ်။ အချို့နယ်မြေ ဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေးတွေ ကောင်းလာပြီး သွားရေးလာရေး အဆင်ပြေ လာတယ်။ ကျေးရွာတွေ တိုးတက် ဖွံ့ဖြိုးလာတယ်။

ပြည်သူတွေ နစ်နာရတာတွေက တပ်ရင်းတပ်ဖွဲ့တွေ တိုးချလာလို့ လယ်ယာ ခြံမြေတွေ ဧကများစွာ သိမ်းဆည်းခြင်း ခံလိုက်ရတယ်။ တပ်စခန်းသစ် ဆောက်လုပ်ရာမှာ အဓမ္မ လုပ်အား ပေးရတာတွေ ရှိတယ်။ နအဖရဲ့ စစ်တပ်သြဇာ၊ အုပ်ချုပ်ရေး အဖွဲ့သြဇာ တွေ ပိုမိုလွှမ်းမိုး ကျယ်ပြန့်လာလို့ ကိုယ်စိတ် ဆင်းရဲမှုတွေ ပိုမိုထိတွေ့ ခံစားလာရတယ်။ ဒါတွေဟာ အပစ်အခတ် ရပ်စဲရေးရဲ့ သိသာတဲ့ ပါတီနဲ့ ပြည်သူအပေါ် သက်ရောက်မှုတွေပဲ။

မေး။ ။ ဒီ ၂၀၀၉ ခု ဇွန်လကုန်ပြီးရင် အပစ်အခတ်ရပ်စဲရေး သက်တမ်း ကုန်ဆုံးပြီလို့ နအဖက ထုတ်ပြောနေတဲ့ အပေါ် မွန်ပြည်သစ်ပါတီ အနေနဲ့ ဘယ်လို နားလည် ထားပါသလဲ။

ဖြေ။ ။ အပစ်အခတ်ရပ်စဲရေးအပေါ် ကျနော်တို့ နားလည် ခံယူတာက မပြေလည်တဲ့ နိုင်ငံရေး ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းလာခဲ့တာ နှစ်တွေ ကြာခဲ့ပေမယ့် ပြေလည်စရာ အကြောင်း မမြင်၊ ဆုံးရှုံး နစ်နာမှုတွေက များလွန်းလို့ နည်းနာအသစ်နဲ့ အပစ်ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းဖို့ဖြစ်တယ်။ ကျနော်တို့က ဒါကို လိုလားပြီ အပစ်ရပ်ခဲ့တယ်။ တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ ဒါကို အကြောင်း အမျိုးမျိုးပြပြီး ရှောင်ခဲ့တယ်။ ဒါထက်ပိုပြီး အချို့အဖွဲ့ အတွင်းရေး ကိစ္စမှာ ဝင်စွက်တာ၊ စစ်အင်အားသုံးပြီး ချေမှုန်းခဲ့တာတွေ ရှိခဲ့တယ်။ အားနည်းလာတဲ့ အဖွဲ့တချို့ကိုလည်း လက်နက်သိမ်းတာတွေ လုပ်ခဲ့တယ်။ အခု နောက်ဆုံး အပစ်ရပ်အဖွဲ့ အားလုံးကို တပ်အပ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြောလာနေတယ်။ ဒါတွေဟာ အပစ်အခတ် ရပ်စဲရေးရဲ့ ဦးတည်ချက်တွေကို သွေဖည်ပြီး တရားလက်လွတ် လုပ်တာပဲ။ ဒီလို တရားမစောင့်ရင် သမိုင်းကြောင်း ညစ်ထေးပြီး နောင်ကို နိုင်ငံရေးအရ ဖြေရှင်းဖို့ အခွင့်အလမ်းတွေ ပိတ်သွားပါလိမ့်မယ်။ နအဖအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာတာ လုံးဝ မလုပ်တော့ဘူး။ ယခင်က ပြောခဲ့ဖူးသလို နောက်တက်လာမယ့် ရွေးကောက်ခံ အစိုးရနဲ့လည်း ဆွေးနွေးဖို့ မရှိတော့ဘူးလား။ အပစ်အခတ် ရပ်စဲရေးကို ဖျက်သိမ်းချင်ရင် ပွင့်ပွင့်လင်းလင်း ကြေညာချက် ထုတ်ပါလို့ ပြောချင်တယ်။

မေး။ ။ အပစ်ရပ်ကြတုန်းက သဘောတူညီချက်တွေထဲမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ မပါဘူးလို့ မွန်ပြည်သစ် ပါတီက ပြောတာ ကြားရပါတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ လုံးဝ မပါခဲ့ဘူး။ ဒါက အခုမှ ပေါ်လာတဲ့ သူတို့ရဲ့အစီအစဉ်ပါ။

မေး။ ။ မွန်ပြည်သစ်ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကို ဘယ်လို ဆုံးဖြတ်မယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်ရတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ပါတီအတွင်းမှာ ကြိုတင် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ ရှိခဲ့ပါတယ်။ နိုင်ငံရေး ပြဿနာတွေ မဖြေရှင်းနိုင်ခင်မှာ ပါတီကို ဖျက်တာ၊ တပ်ကို ဖျက်တာ၊ ပါတီနဲ့တပ်ကို ခွဲခြားပစ်တာ ဒါတွေကို လက်မခံ နိုင်ဘူး။ ဒါတွေရှိနေတော့ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ တပ်ကို အပ်ရမယ် ဆိုတာ ပါတီဆုံးဖြတ်ချက်နဲ့ ငြိစွန်းနေတာက တကြောင်း၊ အမျိုးသား ညီလာခံမှာ ကျနော်တို့ ပါတီ အပါအဝင် အပစ်ရပ် (၁၃) ဖွဲ့က တင်ပြတဲ့ အချက်တွေကို တချက်မှ လက်မခံပယ်ချခဲ့လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ ကျနော်တို့ အပစ်ရပ် အဖွဲ့တွေရဲ့ ဆန္ဒသဘောထား လုံးဝ မပါတော့ပါဘူး။ ပြီးတော့ ကျနော်တို့ လက်မခံနိုင်တဲ့ အချက်တွေ အများကြီး ပါဝင်နေတယ်။ ဒါတွေကို ပြန်လည် သုံးသပ်ပြုပြင်ခြင်း မရှိဘူး ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည် ဖော်မယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

မေး။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ နအဖက မွန်ပြည်သစ် ပါတီကို ဖိအားပေးတာတွေ ရှိခဲ့ပါသလား။

ဖြေ။ ။ ကျနော်တို့ ခေါင်းဆောင်တွေကို ခေါ်ပြီး ဆွေးနွေးပြောပြခဲ့တာ ရှိပါတယ်။ အခြားအဖွဲ့တွေ လက်မခံသလို ကျနော်တို့ပါတီ လက်မခံနိုင်မှန်း သိလို့ နောက်ထပ် ခေါ်တွေ့ပြီး ပြည်သူ့စစ်အသွင်ကို လက်ခံမလား ဒါမှမဟုတ် ဘယ်လို အဆင့်မျိုး ဖြစ်ချင်လဲဆိုပြီး မေးလာတာရှိပါတယ်။ ဒီလိုနှုတ်နဲ့ ခေါ်ပြောတာအပြင် အခြား သိသာတဲ့ ဖိအားတွေ မတွေ့ရသေးပါဘူး။

မေး။ ။ တကယ်လို့ တခြားအပစ်ရပ်အဖွဲ့ကြီးတွေ ဥပမာ ဝတို့၊ ကေအိုင်အို တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းမယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် မွန်ပြည်သစ်ပါတီရဲ့ ရှေ့ဆက် ရပ်တည်ချက်အပေါ် တစုံတရာ သက်ရောက်မှု ရှိနိုင်ပါသလား။

ဖြေ။ ။ အပစ်ရပ်အဖွဲ့တွေရဲ့ ကံကြမ္မာတွေဟာ ဆက်စပ်နေပါတယ်။ ကိစ္စရပ် တခုခုမှာ အဖွဲ့အများစုက လက်ခံပြီး အနည်းစုက လက်မခံရင် နအဖက စစ်အင်အားနဲ့ တွန်းပြီး လုပ်သွားဖို့ ရှိလာမယ်လို့ မြင်ပါတယ်။ ဒါကြောင့် အပစ်ရပ်အဖွဲ့တွေ အချင်းချင်း ရပ်တည်မှု တူညီကြဖို့ လိုပါတယ်။

မေး။ ။ အခြေခံဥပဒေကို မထောက်ခံကြောင်း ကြေညာပြီးတဲ့ နောက်မှာ နအဖက မွန်ပြည်သစ် ပါတီကို အကျပ်ကိုင်တာတို့၊ ခြိမ်းခြောက်တာတို့၊ သွားလာရေး ကန့်သတ်တာတို့ ရှိခဲ့ပါသလား။

ဖြေ။ ။ သိသာထင်ရှားတဲ့ အကြပ်ကိုင်မှု၊ ခြိမ်းခြောက်မှု၊ ကန့်သတ်မှုတွေ မတွေ့ရသေးပါဘူး။

မေး။ ။ မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတော့ အပစ်အခတ် ရပ်စဲရေး အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူးရယ်လို့ အပြတ် မပြောရ သေးပါဘူး။ ပါတီ ဆုံးဖြတ်ချက်နဲ့ ငြိစွန်းနေတဲ့ အပိုင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ပြင်ဆင်လိုတဲ့ အပိုင်းတွေကို ပြောင်းလဲ ပြင်ဆင်မှု မလုပ်ဘူးဆိုရင် ကျနော်တို့ ပါတီအနေနဲ့ ပါဝင်လို့ရမှာ မဟုတ်ပါဘူး။ ဒီလို ရပ်တည်လို့ အပစ်အခတ် ရပ်စဲရေးကို ထိခိုက်မယ်၊ မထိခိုက်ဘူးဆိုတာ နအဖစစ်အစိုးရရဲ့ သဘောထား အပေါ်မှာ မူတည်ပါလိမ့်မယ်။

မေး။ ။ မွန်ပြည်သစ်ပါတီရဲ့ အဓိကတောင်းဆိုချက်က ဘာပါလဲ။ ဒီတောင်းဆိုချက်ကို စစ်အစိုးရဘက်က မလိုက်လျောဘူးဆိုရင် နောက်ထပ် ဘာဖြစ်မယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်တို့ပါတီရဲ့ အဓိကတောင်းဆိုချက် ကတော့ ဖြစ်ရှိနေတဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ခေါ်ပေးဖို့ဖြစ်တယ်။ ဒါကို မလိုက်လျောရင် ကျနော်တို့ နိုင်ငံအတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒီလို မတည်ဆောက်နိုင်ဘူး ဆိုရင် နိုင်ငံမှာ အေးချမ်းတည်ငြိမ်မှု မရနိုင်ဘူး။ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်မလာနိုင်ဘူး။ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတွေ ရှင်သန် ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။

မေး။ ။ အခုလက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ လောလောဆယ် အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရှိနေသေးတယ်။ အဆိုးဘက်ကို ဦးတည်သွားဖို့ အလားအလာ များနေတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လာမယ့် ရွေးကောက်ပွဲတွေဟာ ဖြစ်ရှိနေတဲ့ အခြေအနေ ဆိုးတွေကို ပြုပြင်ပေးနိုင်မယ့် အလားအလာ မရှိဘူး။ တဖက်သတ်တွန်းပြီး လုပ်သွားရင် ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ ပြန်လည် ထတောက်လာဖို့ ရှိနေတယ်။ ဒီလို ထတောက်လာရင် ပြည်သူတွေ ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ပိုမို များပြား လာလိမ့်မယ်လို့ မြင်တယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့