..............................

Wednesday, July 22, 2009

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေး ဒုရဲအုပ် (၁) ဦးနှင့် ပွဲစား (၂၇) ဦးကို ဖမ်းဆီး

NEJ / ၂၁ ဇူလိုင် ၂၀၀၉

ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် ပြည်တွင်း အခွန်ဦးစီးဌာန ရုံးတို့ကို နေပြည်တော်မှ အထူးအဖွဲ့ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒု-ရဲအုပ် (၁) ဦးနှင့် ပတ်စ်ပို့ ပွဲစား (၂၇) ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒု-ရဲအုပ်တဦးက “ရုံးက လူကြီးတွေ ကျနော်တို့ကို ပြောတာကတော့ နေပြည်တော်က တပ်မတော် အရာရှိတချို့ ထွက်ပြေး တိမ်းရှောင်နေတာ ရှိတယ်။ တချို့ ရိုးရိုးသာမန် ပတ်စ်ပို့လုပ်ပြီး ရန်ကုန်လေဆိပ် ကနေပဲ နိုင်ငံခြား ထွက်သွားခဲ့တယ်လို့ ဆိုတယ်။ ဒီအထဲမှာ ယူကရိန်းက နျူကလီးယား သိပ္ပံပညာ လေ့လာခဲ့တဲ့ အရာရှိငယ် တယောက်လည်း ပါသွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် အသည်းအသန် ခုလို နေပြည်တော်က အထူးအဖွဲ့ ဆင်းလာပြီး ဖမ်းဆီး စစ်ဆေးနေတာလို့ သိရတယ်” ဟု ပြောသည်။

နေပြည်တော်မှဆင်းလာသည့် စသုံးလုံး၊ စီအိုင်ဒီနှင့် အခြား အဖွဲ့ဝင်များပါသည့် အထူးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်မှ စတင်ကာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးတွင် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်း အတုနှင့် ပတ်စ်ပို့ စာအုပ်လုပ်သည့် ကိစ္စများကို အဓိကထား စစ်ဆေးပြီး ယင်းကိစ္စများနှင့် ဆက်စပ်နေသည့် ပွဲစားများကိုပါ လိုက်လံရှာဖွေ ဖမ်းဆီး စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

ပုံစံ (၁၉) ထုတ်ပေးရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့လည်း ယမန်နေ့က အထူးအဖွဲ့ ရောက်လာပြီး လူစာရင်းတောင်းကာ တယောက်ချင်း စစ်ဆေးရေး စတင်နေပြီ ဖြစ်ကြောင်း ယင်းရုံးမှ ဦးစီး အရာရှိ တဦးက အတည်ပြု ပြောကြားသည်။

နေပြည်တော်မှ တပ်မတော်အရာထမ်းအချို့ တိမ်းရှောင် ထွက်ပြေးသည့်ကိစ္စနှင့် ပတ်သက်၍ “ပြီးခဲ့တဲ့ တလလောက် တုန်းက နေပြည်တော် စစ်ရုံးချုပ်က တပ်ကြပ်ကြီး စာရေး အဆင့် စုစုပေါင်း (၁၁) ဦး ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ သိရတယ်။ တချို့က ခွင့်နဲ့သွားပြီး ပြန်မလာတာ ရှိသလို တချို့ကတော့ ပျဉ်းမနားဘက်ကို အားလပ်ချိန် ထွက်သွားပြီး ပြန်မလာတော့တာ။ သူတို့ထဲမှာ ရုရှားပြန် တချို့လည်း ပါတယ်လို့ သိရတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သည့် တပ်မတော် အရာရှိဟောင်း တဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးသွားသည့် တပ်မတော်အရာထမ်းများ၏ မိဘ၊ ဆွေမျိုး နေအိမ်များကို ၀င်ရောက် စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ထူးခြားသည်ဟု မကြားသိရကြောင်း၊ ရန်ကုန် ပတ်စ်ပို့ရုံးကို နေပြည်တော်က အထူးအဖွဲ့ ဝင်ရောက် ဖမ်းဆီး စစ်ဆေးနေခြင်းသည် ယင်း တပ်မတော်သားများ ထွက်ပြေးမှုနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ပြောသည်။

“အခုလို ထွက်ပြေးသွားတဲ့ တပ်ကြပ်ကြီးစာရေးအဆင့် တပ်မတော်သားတွေ ထဲမှာ တပ်မတော် မှတ်တမ်းရုံး ကလည်း ပါတာကြောင့် လောလောဆယ် အင်တာနက်နဲ့ နိုင်ငံခြား သတင်းဌာန တွေမှာ ပျံ့နှံ့နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား လျှို့ဝှက် ခရီးစဉ်မှတ်တမ်း၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားခရီးစဉ် မှတ်တမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ် မှတ်တမ်း၊ ဗိုလ်ချုပ်ဌေးဦးရဲ့ အစည်းအဝေး မှတ်တမ်း စတာတွေဟာ သူတို့ ဖြန့်ဖြူးတာ ဖြစ်နိုင်တယ်” ဟု အဆိုပါ တပ်မတော် အရာရှိဟောင်း တဦးက သုံးသပ်သည်။

ရန်ကုန် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသည် တနိုင်ငံလုံးမှ ပြည်သူများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ သံတမန်များအား ပတ်စ်ပို့ ထုတ်ပေးသည့် လာဘ်ပေးလာဘ်ယူ အများဆုံး ရုံးတရုံးဖြစ်ပြီး တာဝန်ကျရဲနှင့် လဝက ဝန်ထမ်းများ ဝင်ငွေ အဖြောင့်ဆုံး ရုံးလည်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်၍ နအဖ စစ်အစိုးရက အခက်အခဲ ပေါင်းစုံ ဖန်တီးထားသည့် အတွက် လာဘ်ပေးလာဘ်ယူ မှုများ ပေါ်ပေါက်နေခြင်း ဖြစ်ပြီး ငွေတတ်နိုင်သူ မည်သူမဆို မှတ်ပုံတင် အတု၊ သန်းခေါင်စာရင်း အတု စသည်များ ပြုလုပ်နိုင်ကာ တရားဝင် နိုင်ငံကူးလက်မှတ် တခု အထိ ပြုလုပ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

ယခုကဲ့သို့ နေပြည်တော်အထူးအဖွဲ့၏ စစ်ဆေး ဖမ်းဆီးမှုများသည် မကြာခင် မြို့နယ်အဆင့် လဝက ရုံးများနှင့် ပြည်တွင်းအခွန် ဦးစီးဌာန ရုံးများအထိ ပျံ့နှံ့သွားနိုင်သည်ဟု ၀န်ထမ်းများက ပြောဆိုနေကြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့