..............................

Thursday, July 23, 2009

မန့်ပန်ပြည်သူ့စစ်အဖွဲ့ ဒေသခံလူငယ်များ အဓမ္မ ကောက်ယူပြီး စစ်အစိုးရ တပ်ထံ အပ်နှံ

ဗုဒ္ဓဟူးနေ့၊ 22 ဇူလိုင်လ 2009

လားရှိုးအရှေ့ဘက် မန့်ပန်အခြေစိုက် ဗိုလ်မွန်း ဦးဆောင်သည့် မန့်ပန်ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့သည် ဒေသခံ လူငယ်ရာချီ အဓမ္မ ကောက်ယူပြီး စစ်အစိုးတပ်ထံ ပို့ဆောင် အပ်နှံနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက် ကဆိုသည်။

“အဓမ္မဆင့်ခေါ်တယ်၊ တအိမ်ထောင် ယောက်ျားလေး ၂ ယောက် ရှိရင် ၁ ယောက် ယူတာဘဲ။ ဂျွန်လ က စပြီး အခုထိ ပျဉ်းမနား နေပြည်တော်ကို ပို့ပေးတာ အယောက် ၂၀၀ ကျော်နေပြီ” - ဟု အမည် မဖေါ်လိုသည့် ဒေသခံ တဦးကဆို၏။

ယောက်ျားဦးရည်နည်းသည့် အချို့ရွာများ၌ ရွာလုံးကျွတ် ငွေအားစု၍ စစ်သားသစ် အတွက် လူငှား ပို့ပေးရကြောင်း၊ စာရင်း ပါပြီး အဓမ္မကောက်ခံ ခံရသည့် အချို့ပိုက်ဆံရှိ သားသမီးများကိုမူ တယောက် သုံးလေးသိန်းဖြင့် မိမိကလေးအား ပြန်လည် ရွေးယူရကြောင်း ဒေသခံများက ပြောပါသည်။

လားရှိုး ဒေသခံတဦးက - “ဗိုလ်မွန်းအဖွဲ့ကလေးတွေ အဓမ္မ ကောက်ယူပြီး ဗမာ စစ်တပ်ကို ပို့တာ ၂၀၀၅ က တည်းက၊ အဲဒီတုန်းက မြို့ပေါ်ရှောင်ပြေး/ ကိုရင်ဝတ်သူတွေ မကျန် လိုက်ဆွဲတော့ လားရှိုး ကန်မိုင်း ကျောင်းတိုက် ဆရာတော် နဲ့ တာပုံ ကျောင်းတိုက် ဆရာတော်တို့ မေတ္တာရပ်ခံရတယ်။ ဒီနှစ်တော့ မရတော့ဘူး။ တချို့မိဘတွေငိုယို သူတို့ကလေးကိုလူဝတ် လှဲခိုင်းပြီး ဗိုလ်မွန်း အဖွဲ့ကို သွားအပ်ရတယ်။ ကျနော် သိသလောက်ဆို ၆-၇ ယောက်ရှိပြီ” - ဟု ဆို၏။

မန့်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ စစ်သားသစ် အဓမ္မဆင့်ခေါ်သည့် ကျေးရွာများမှာ - လားရှိုးမြို့ အရှေ့ဘက် မိုင်းယန်း၊ မိုင်းယော်၊ မိုင်းဟက်၊ မိုင်းကြက်ကျေးရွာ အုပ်စု ၊ မန်မတ်၊ ဖာတန့်၊ မက်မြီးကျေးရွာ အုပ်စုနှင့် တန့်ယန်းမြို့နယ် အထိ၊ မိုင်းရယ် မြို့ရှေ့မြောက်ဘက် ပလောင် နှင့် သျှမ်းကျေးရွာများ ဖြစ်ကြောင်း သိရသည်။

သားယောက်ျားလေး ၂ ယောက်ရှိလျှင် ၁ ယောက်ပေးရကြောင်း၊ ၃ ယောက်ရှိလျှင် ၂ ယောက်ပေးရကြောင်း၊ “ သျှမ်းတပ် ဖွဲ့ထဲ ၀င်ဖို့တောင် ကျနော်တို့ သားကိုမလွတ်နိုင်ဘူး။ အခုဟာက မိမိကို နှိပ်စက်သည့် ဗမာတပ်ကိုကောက်ပေးတယ်ဆိုတော့ ပိုဆိုးတာပေါ့” -ဟု ကလေးမိဘ တဦးကဆိုသည်။

စစ်အစိုးရအရာရှိတဦး၏ ပြောကြားချက်ကို ကိုယ်ကားပြီး အမည် မဖေါ်လိုသည့် ကုန်သည်တဦးက - မန့်ပန်အခြေစိုက် ဗိုလ်မွန်းပြည်သူ့စစ်တပ်ဖွဲ့အား အပစ်ရပ်ကရင် DKBA အား KNU ကို တိုက်ခိုင်းသကဲ့သို့ တောင်ပိုင်း SSA တပ်ဖွဲ့နှင့် သွားတိုက် ရန် ခေါ်ယူမည်ဖြစ်ကြောင်း - ဆို၏။

အင်အား ၃-၄၀၀ ရှိမန့်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ၁၉၉၆ လက်နက်ချခဲ့သော ခွန်ဆာ ခေါင်းဆောင် MTA မုန်းတိုင်း တပ်မတော်မှဖြစ်ပြီး အထက် ဖေါ်ပြပါ ၃ မြို့နယ်ဒေသများ ချုပ်ကိုင်ရန် ဌာနေ ပြည်သူ့စစ် အဖြစ် လက်နက် ပြန်ကိုင်ခွင့် ပြုထားခဲ့သည်။ ခေါင်းဆောင် ဗိုလ်မွန်းအားလည်း ဗိုလ်ချုပ်ခင်ညွှန့်က လူမှုထူးခွန်ဆု ချီးမြင့်ခဲ့ဘူးသည်။ ဒေသခံများ ပြောပြချက်အရ အဝေမတည့်၍ သူ့လက်ထောက် (မိုင်းယော် သျှမ်းရပ် မိရပ်ဖတဦး၏ သမီးယူထားသည့်) ဗိုလ်အားလျဲန်အား ဗိုလ်မွန်းက လုပ်ကြံ သတ်ဖြတ် ခိုင်းခဲ့သည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့