..............................

Wednesday, December 10, 2008

မျက်လှည့်ဆရာ စစ်အုပ်စု

န၀တ၊ နအဖ စစ်အုပ်စုအဆက်ဆက်တို့သည် ၄င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူနှင့် ကမ္ဘာကို မျက်လှည့်ပြလေ့ရှိကြသည်။ သို့ပေမယ့် ၄င်းတို့မျက်လှည့်ပညာကပဲ မကျွမ်းကျင်၍လား၊ ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကပဲ ပါးနပ်လွန်းနေ၍လားမသိ။ ယင်းတို့၏ မျက်လှည့်ပြကွက်များမှာ ရှေ့ကဖုံး၊ နောက်ကပေါ်ဖြစ်ကာ မြင်မကောင်း၊ ရှူမကောင်းဖြင့် ဇာတ်သိမ်းမလှ ဖြစ်တတ်လေ့ရှိသည်။

၁၉၈၈ တွင် မဆလပါတီဇာတ်သိမ်း၍၊ လူထုတိုက်ပွဲ အရှိန်ရလာသည်ကို အာဏာသုံး၍ ရက်ရက်စက်စက် ဖြိုခွဲခဲ့ကြသည်။ ယင်းသို့ မဆင်မခြင် ရမ်းရမ်းကားကား နိုင်ငံတော် လူသတ်မှု ကျူးလွန်မှုများကြောင့်၊ ကျောင်းသားတပ်မတော် ပေါ်ပေါက်လာသည်။ စစ်ရေးဒေသ အသီးသီးတွင် လက်နက်ကိုင်လှုပ်ရှားမှုများ အားကောင်းလာသည်။ နိုင်ငံတကာမှ အာရုံစိုက်မှု မြင့်တက်လာသည်။
ဤသည်ကို ကုစားရန်က န၀တတွင် မျက်လှည့်ပြကွက်တခုသာရှိသည်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း နည်းလမ်းများအရ၊ တိုင်းပြည်အာဏာကို ခေတ္တထိန်းသိမ်းသော ကြားဖြတ်အစိုးရဆိုလျှင် နိုင်ငံတကာ အာရုံစိုက်မှု လျော့ကျသွားနိုင်သည်။ လူထု၏ တော်လှန်ရေး အရှိန်ငြိမ်ကျသွားနိုင်သည်။ တော်လှန်ရေး အင်အားစုများအကြားတွင် ပလက်ဖောင်းမျိုးစုံဖြင့် တိုက်ပွဲဝင်မှုများ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် အင်အားစုများ ပြန့်ကျဲသွားနိုင်သည်။ ဤတွက်ကိန်းဖြင့် န၀တက တရားဝင် ပါတီထောင်ခွင့်များ ပေးလိုက်သည်။ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပရန် ကြေညာသည်။ ပြည်တွင်းအင်အားစုများ ပါတီများ၊ ရွေးကောက်ပွဲကိစ္စများနှင့် ရှုပ်ကုန်ကြသည်။ ထိုအချိန်တွင်မှ ပစ်မှတ်ကို လက်နက်ကိုင် အင်အားစုများဘက်သို့ ဦးတည်လိုက်သည်။ စစ်ရေး၊ စည်းရုံးရေး နည်းလမ်းမျိုးစုံဖြင့် မီးစတဘက်၊ ရေမှုတ်တဘက် လမ်းစဉ်ကို ကျင့်သုံးသည်။ စစ်ဆင်ရေးများ တဘက်က ဆင်နွှဲနေစဉ်ဝယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား စည်းရုံးရေးလုပ်ငန်းများ စတင်လုပ်သည်။ အခွင့်အရေးများပေးသည်။ ဤနည်းဖြင့် တိုင်းရင်းသားအဖွဲ့များ တဖွဲ့ပြီး တဖွဲ့ န၀တထောင်ချောက်ထဲ ရောက်ကုန်ခဲ့ကြသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် န၀တ မျက်လှည့်ပြကွက်က လှပသယောင်ထင်ရပါသည်။ သို့ပေမယ့် မျက်လှည့်ဆရာ စစ်အုပ်စုတို့၏ ပြကွက်ကြောင့် ကို ၉၀ ရွေးကောက်ပွဲရလာဘ် ထွက်ပေါ်လာတော့သည်။

န၀တစစ်အုပ်စုတို့အတွက် ၉၀ ရွေးကောက်ပွဲရလာဘ်သည် လောင်းကြေးကြီးကြီးပေး၍ ကစားခဲ့ရသော ပွဲတခုသဖွယ် ဖြစ်သွားခဲ့သည်။ တစညကို မည်သို့ပင် အားပေးအားမြှောက် လုပ်ခဲ့သော်လည်း၊ လူထု၏ အသဲကြားက မဲတပြားကို မတားဆီးနိုင်ခဲ့။ ဤမှာတင် စစ်အုပ်စုတို့ မျက်လုံးပြူးကြတော့သည်။ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည့် ဗိုလ်စောမောင်ကို အမြန် ဖြုတ်ချပစ်လိုက်သည်။ ၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးရန် ရည်ရွယ်ချက်ဟူ၍ ကြေညာသည်။ အမျိုးသား ညီလာခံကျင်းပသည်။ သို့ပေမယ့် ဤမျက်လှည့်ပြကွက်ကို ပြည်သူနှင့် နိုင်ငံတကာက လက်မခံကြ။ စင်ပြိုင်အစိုးရက ပေါ်ပေါက်လာသည်။ နောက်ဆုံးအနိုင်ရပါတီကပါ ညီလာခံကို ကန့်ကွက်လိုက်သည့် အချိန်ကျတော့ နအဖတို့ ထွက်ပေါက်မဲ့သွားသည်။ အမျိုးသားညီလာခံကို နှစ်ရှည်လများကြာအောင် အချိန်ဆွဲထားသည်။ တစညသည် ကောက်ကာငင်ကာ ဖွဲ့လိုက်ရသည့် နိုင်ငံရေးထိုးစစ် အဖွဲ့တခုဖြစ်သောကြောင့်၊ ပိုမို အင်အားကြီးမားသည့် နိုင်ငံရေးထိုးစစ်အဖွဲ့ တခုဖွဲ့ရန် စစ်အုပ်စုတို့ ယူဆလိုက်ပုံရသည်။ ဤမှာပင် စစ်အုပ်စုအတွေးထဲသို့ local people ကို အသုံးပြုရန် လမ်းညွှန်ထားသည့် အတိုက်အခံ ချေမှုန်းရေး principle တခုက ၀င်ရောက်လာခဲ့သည်။ အဆိုပါလမ်းစဉ်ဖြင့် ကြံ့ဖွတ်အဖွဲ့ကို ဖွဲ့စည်းကြတော့သည်။ တချိန်တည်းမှာပင် စစ်ရေးထိုးစစ်အဖြစ် နိုင်ငံရေးလှုပ်ရှားမှုများ၏ ဗဟိုချက်မဖြစ်နေသော မာနယ် ပလောကို မြှားဦးလှည့်တော့သည်။ သို့ပေမယ့် နအဖ မျက်လှည့်ပြကွက်များက သိပ်မထိရောက်လှ။ အတိုက်အခံများ၏ လက်နက်ကိုင်လှုပ်ရှားမှု စစ်မျက်နှာတွင် အားလျော့သွားသော်လည်း နိုင်ငံတကာ စစ်မျက်နှာက ပိုမိုအားကောင်းလာခဲ့သည်။ နိုင်ငံတကာ၏ အရေးယူမှုများ အဆက်မပြတ် ပေါ်ပေါက်လာခဲ့သည်။ ၉၆ ကျောင်းသားလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ စီအာပီပီ ပေါ်ထွက်လာသည်။

သို့ဖြစ်ရာ စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ စစ်မျက်နှာကို ထပ်မံဖွင့်လှစ်ကြရတော့သည်။ မြန်မာ့အရေး လှုပ်ရှားသူများအား ခွဲထုတ်ဖဲ့ခြွေသည့် နည်းလမ်းများ၊ နိုင်ငံရေးစစ်မျက်နှာ ကျွမ်းကျင်သူ အချို့အား ငွေပေးဝယ်၍ ၀ါဒဖြန့်ချိရေး နည်းလမ်းများသုံးခဲ့ကြသည်။ ပြည်တွင်းမှ လူထုကိုလည်း နေ့စဉ်လုပ်ငန်းတာဝန်များဖြင့် အလုပ်ရှုပ်နေစေရန် အာရုံပြောင်းထားသည်။ ချဲထီများ၊ နှစ်လုံးထီများဖြင့် လောင်းကစားဘက်သို့ အာရုံရောက်နေစေရန် ယုတ်မာစွာ ကြံစည်ကြသည်။ ၁၉၉၆ မှ ၂၀၀၀ အထိ နှစ်ရှည်လများ ကျောင်းရက်ရှည်ပိတ်၍ ကျောင်းသားမျိုးဆက်ကို ခါးဆက်ဖြတ်လိုက်သည်။ တက္ကသိုလ် များကို ဝေးလံသော နေရာများသို့ ပြောင်းရွှေ့သည်။ အဆိုပါတက္ကသိုလ်သစ်များသို့ သွားရာလမ်း တလျှောက်တွင် တံတားကြီးများ ထားရှိခြင်းမှာ စစ်ဗျူဟာကျကျ ပြုလုပ်ထားကြခြင်းဖြစ်သည်။ လူထုနှင့် ကျောင်းသားကို ပညာပါပါဖြင့် ခွဲထုတ်ထားခြင်းဖြစ်သည်။ ထောက်လှမ်းရေး ကြိုးကိုင် ဂျာနယ်များ၊ ရုပ်မြင်သံကြား လိုင်းသစ်များဖြင့် လူထု၏ နိုင်ငံရေးအသိစိတ်ကို ချိုးနှိမ်ပစ်လိုက်ကြသည်။ ထိုသို့ ယုတ်မာသော နည်းလမ်းများဖြင့် မျက်လှည့်ပြထားသည်ကို အောင်မြင်ပြီဟု ယူဆသောအခါ၌ လူထုခေါင်းဆောင်ကို လွှတ်ပေးလိုက်သည်။ ဤမှာတင် စစ်အုပ်စုမျက်လှည့်ဆရာတို့ ၄င်းတို့ ပြပွဲ မအောင်မြင်ကြောင်း သိလိုက်ရပြန်သည်။

တောရော၊ မြို့ပါမကျန် ပြည်သူလူထု၏ ရင်ထဲမှ သဘောထားဆန္ဒများမှာ ပျောက်ကွက်သွားခြင်း မရှိခဲ့။ ၂၀၀၂၊ ၂၀၀၃ ခုနှစ်ကာလ လူထုခေါင်းဆောင်၏ မြန်မာပြည်အနှံ့ ခရီးစဉ်များ ခြိမ့်ခြိမ့်သဲ အောင်မြင်ခဲ့ လေသည်။ စစ်အုပ်စုထဲတွင်လည်း အပြောင်းအလဲ လုပ်လိုသူများ၏ လျှို့ဝှက်ကြံစည်ချက်များက ပေါ်ထွက်လာသည်။ လူထုခေါင်းဆောင်အင်အားစုနှင့် အဆိုပါအင်အားစုတို့ ပေါင်းစည်းသွားပါက အကျပ်အတည်း ဖြစ်တော့မည်ကို စစ်အုပ်စုတို့ သဘောပေါက်ကြသည်။ သို့ဖြစ်၍ လူထုခေါင်းဆောင် အင်အားစု ချေမှုန်းရေး၊ အပြောင်းအလဲအတွက် လျှို့ဝှက်ကြံစည်နေသော စစ်အုပ်စုဂိုဏ်းသား ချေမှုန်းရေး စသည်များ ပေါ်ပေါက်လာတော့သည်။ လမ်းပြမြေပုံ အဆင့်ခုနစ်ဆင့်ကို ဒုံးစိုင်း၍ အကောင်အထည် ဖော်ကြတော့သည်။ အမျိုးဖျက်ညီလာခံကို အပြီးသတ်ကြတော့သည်။ ဒီမိုအင်အားစုများ အတွေးအခေါ် ရှုပ်ထွေးစေရန် မြှားဦးလှည့်ကြတော့သည်။ တတိယအုပ်စုဆိုသူများ ပေါ်ပေါက်လာသည်။ နအဖနှင့် အတိုက်အခံများ တိုက်ပွဲဖြစ်၍ လူထုမှ ကြားနေစေရန် လှုံ့ဆော်သည့် ကြားနေအုပ်စုများ ပေါ်ထွက် လာသည်။ ပြည်သူနှင့် အာဏာရှင်အစိုးရကြားမှ တိုက်ပွဲသဏ္ဍာန်ကို အသွင်ပြောင်းရန် နည်းမျိုးစုံဖြင့် ကြိုးစားကြတော့သည်။

သို့ပေမယ့် လူထု၏ တော်လှန်ရေးအရှိန်ကား ပြုတ်ကျမသွားခဲ့။ မျက်လှည့်ဆရာတို့ ရှုံးကြပြန်လေပြီ။ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် လူထုနှင့် အာဏာရှင်တို့ ရန်စည်း၊ ငါစည်းပြတ်သွားသည်။ ပါးစပ်မှ ဖွင့်မပြောသေးလျှင်သာ ရှိမည်။ စစ်အုပ်စုဆိုသည်ကို အလွန်ပင် ခါးသီးရွံရှာနေသော စိတ်များက မြန်မာ အားလုံး၏ ရင်ထဲတွင် ရှိနေကြပြီ။ ရေရှည်ဆိုလျှင် လူထုတိုက်ပွဲကြီး အရှိန်အဟုန်နဲ့ ပေါ်ပေါက် လာတော့မည်ကို စစ်အုပ်စုတို့ စိုးရိမ်လာကြသည်။ သို့ဖြစ်ရာ လက်နက်ကိုင်အင်အားစုများကို အပြီးသတ် ထိုးစစ်ဆင်ရေး စီမံချက်အား အကောင်အထည် မဖော်ကြတော့ပဲ၊ Referendum ကိစ္စနှင့် ရွေးကောက်ပွဲ ကိစ္စကို ဇောင်းပေးလိုက်ကြသည်။ လူထုအရှိန်ကို ခေတ္တလျော့ကျ သွားစေရန် အာရုံပြောင်းလိုက် ကြခြင်းဖြစ်သည်။ နိုင်ငံတကာကို မျက်လှည့်ပြရန် ကြံစည်လိုက်ခြင်းဖြစ်သည်။ သို့ပေမယ့် အဖြေ ရလာဘ်သည် တရားမျှတသော ရလာဘ်တခု မဟုတ်ကြောင်း အားလုံးက သဘောပေါက် နေခဲ့ကြသည်။ နာဂစ်မုန်တိုင်းတွင် စစ်အုပ်စုတို့၏ အသုံးမကျသော တိုင်းပြည်အုပ်ချုပ်မှု စွမ်းရည်ကိုလည်း မြင်နေကြပြီး ဖြစ်သည်မို့ စစ်အုပ်စုသိက္ခာက အလွန်အမင်း ကျဆင်းနေခဲ့ပြီ။

ယခု ၂၀၁၀ ရွေးကောက်ပွဲသည်ကား စစ်အုပ်စုတို့၏ မဲပြာပုဆိုး မျက်လှည့်ပြကွက်များထဲမှ တခုသာ ဖြစ်လေသည်။ သို့ပေမယ့် ယခုမျက်လှည့်ပြကွက်ကိုတော့ အားလုံး သတိပြုကြရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်အုပ်စုသည် ယင်းတို့ အင်မတန်ကြောက်သော ၉၀ ရွေးကောက်ပွဲရလာဒ်ကို ချေဖျက်နိုင်ရန် ရည်ရွယ်ထားသည့်ပွဲ ဖြစ်နေသောကြောင့်ဖြစ်သည်။ နိုင်ငံတကာ စစ်မျက်နှာထိုးစစ်၊ ၀ါဒဖြန့်ချီရေး ထိုးစစ်များကိုလည်း အရှိန်အဟုန်ဖြင့် ပြုလုပ်နေကြသည်။ ဒီမိုအင်အားစုများအား ဖဲ့ခြွေရေး၊၊ အတိုက်အခံနှင့် လူထုအား ခွဲထုတ်ရေး လမ်းစဉ်များကိုလည်း တစိုက်မတ်မတ် ပြုလုပ်နေကြသည်။ သို့ရာတွင် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် ဆိုသည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူထုလူတန်းစား ကွဲပြားမှုများတွင် အလယ်အလတ်လူတန်းစား တိုးတက်များပြားလာမှု၊ ဒီမိုကရေစီစနစ်ကို အကောင် အထည် ဖော်သည့် နိုင်ငံတော်ဖြစ်တည်မှုနှင့် political institutions များရှိမှု၊ Civil Society အားကောင်းမှု၊ နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ်၊ International engagements စသည့် Explanatory factors ခြောက်ရပ်အပေါ်တွင် မူတည်ပါသည်။

ထိုအချက်များနှင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ခြေအနေနှင့် နအဖဖွဲ့စည်းပုံကို ချိန်ထိုးကြည့်ပါက ရွေးကောက်ပွဲပြီး၍ အရပ်သား အစိုးရတက်လာမည် မှန်သော်လည်း ထိုအရပ်သားအစိုးရကို ကြိုးကိုင်မည့် သူများမှာ စစ်အုပ်စုသာဖြစ်ခြင်း၊ အမတ်ဝင်ရွေးရန် နအဖတို့ စီမံရွေးချယ်နေသူများမှာ စစ်အုပ်စုကြိုးဆွဲ စီးပွားရေးသမားများနှင့် ကြံ့ဖွတ်၊ စွမ်းအားရှင်များဖြစ်ခြင်း၊ ရွေးကောက်ပွဲကို အခြေခံပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီနည်းလမ်းမကျသော အချက်များစွာ ပါဝင်နေခြင်း၊ စီးပွားရေး လုပ်ငန်းများအား လက်ရှိစစ်အုပ်စုဝင်များ၏ ဆွေတော်မျိုးတော်များနှင့် ဆက်စပ်သူများမှသာ ဦးဆောင် လုပ်ခြင်း၊ Civil Society ထွက်ပေါ်မှုကို ထိန်းချုပ်မှုများစွာရှိခြင်း၊ အလယ်အလတ်လူတန်းစား မထွက်ပေါ်ပဲ နအဖနှင့် ဆက်စပ်သူများသာ ချမ်းသာသထက် ချမ်းသာလာ၍ ပြည်သူလူထုမှာ ဆင်းရဲသထက် ဆင်းရဲနေခြင်း၊ Intra- state conflicts များကို ဖြေရှင်းနိုင်မည့် နိုင်ငံတော် ဖွဲ့စည်းပုံမရှိခြင်း၊ နိုင်ငံရေး ယဉ်ကျေးမှုနှင့် အတွေးခေါ်များ မပြန့်ပွားစေရန် နည်းမျိုးစုံဖြင့် ထိန်းချုပ်ထားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ မည်သို့မျှ အောင်မြင်နိုင်မည် မဟုတ်ပါ။

မြန်မာ့ရေးရာ ပြဿနာများကို မျက်လှည့်ရွေးကောက်ပွဲများနှင့် မဖြေရှင်းနိုင်ပါ။ ဖြေရှင်းနိုင်မည့် နည်းလမ်းများမှာ ဒီမိုကရေစီ နည်းလမ်းကျသော ဖွဲ့စည်းပုံ၊ ဒီမိုကရေစီနည်းလမ်းကျသော ရွေးကောက်ပွဲ၊ တိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှ အခွင့်အရေးကို အာမခံပေးနိုင်သော ဖဒရယ်ပြည်ထောင်စုစနစ်၊ မှန်ကန်တိကျသော စီးပွားရေးပေါ်လစီ၊ ဖြောင့်မတ်သော နိုင်ငံခြားရေးပေါ်လစီ၊ အောင်မြင်သော နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတော်ကာကွယ်ရေးပြုလုပ်သော လူမှန်နေရာမှန် တပ်မတော်၊ တိုးတက်သော နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ်ရှိသည့် လူ့အဖွဲ့အစည်း၊ လူတိုင်းအတွက် ပညာရေး၊ ကျန်းမာရေးစနစ် စသည်များသာ ဖြစ်ပါသည်။ ဤနည်းလမ်းများကို အကောင်အထည် ဖော်ရန်မှာကလဲ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ်ရော၊ စစ်အာဏာရှင် ရုပ်သေးကြိုးဆွဲ စနစ်ရော ပျောက်ကွယ် သွားမှသာ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ပါသည်။ သို့ဖြစ်ရာ မြန်မာ့ပြဿနာ၏ အရင်းခံမှာ မျက်လှည့်ဆရာ စစ်အုပ်စုတို့သာ ဖြစ်ပါသည်။ စစ်အုပ်စုရှိနေသရွေ့ အေးချမ်းသာယာသော ခေတ်မှီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်ဆိုသည်မှာ မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။

သို့ဖြစ်၍ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများအပါအ၀င် ပြည်သူလူထုတရပ်လုံးမှ မျက်လှည့်ဆရာ စစ်အုပ်စုအား ၀ိုင်းဝန်းတိုက်ဖျက်၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့်၊ စစ်မှန်သော ဒီမိုကရေစီစနစ် ရှင်သန်ပေါ်ထွန်းသည့်၊ အမျိုးသားတန်းတူညီမျှရေး၊ သွေးစည်းရေးနှင့် ငြိမ်းချမ်းရေး ရှိသည့် မြန်မာနိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပေသည်။

ခင်မမမျိုး

0 comments:

အပေါ်သို့