..............................

Monday, December 8, 2008

ဒီမိုပင်လေးစိုက်ချင်တယ်

Demo tree

အခုတလော မတင်မေတစ်ယောက် အရမ်းစိတ်ညစ်နေရတယ်။ အိမ်က ကိုပေါက်ကျော်နဲ့က လုံးဝ အဆင်မပြေဘူးလေ။ တကယ်တော့ ကိုပေါက်ကျော်ဆိုတာက အိမ်မှာခြံစောင့်ဖို့ ခေါ်ထားတဲ့ အလုပ်သမား တစ်ယောက်ပါ။ မိဘများဆုံးပါးသွားပြီးတဲ့နောက်၊ အဖော်များရလေမလားလို့ အိမ်မှာဆက်ထားမိပါတယ်။ မသမာတဲ့ ဥာဏ်နဲ့ အကောက်ကြံလိုက်တော့ အားနွဲ့သူမိန်းမသား မတင်မေမှာ အမှတ်တမဲ့နဲ့ ချောင်ပိတ် ခံလိုက်ရတာပေါ့။

ဒါပေမယ့်လဲ မတင်မေကသည်းခံပါတယ်။ မလွှဲသာမရှောင်သာ၊ ကိုယ့်အိမ်ထောင် ဦးစီးနေရာ အတင်းဝင်ယူ ထားတဲ့၊ ကိုပေါက်ကျော်အပေါ်မှာ စိတ်မကွက်ပဲ အိမ်ရှင်မတာဝန် ကျေပွန်ရှာပါတယ်။

အဲ.. ကိုယ့်နေရာကိုယ်မသိပဲ စိတ်ဖောက်ပြန်နေတာကတော့ ကိုပေါက်ကျော်ပဲပေါ့။ ကြောင်တောင်တောင် ပေါက်တောက်တောက်နဲ့  ဒီလိုသိပ္ပံခေတ်ကြီးမှာ သူ့ ကိုယ်သူ ဘုရင်မင်းတရားကြီးလို့လဲ ပြောလားပြောရဲ့။ သူ့အိမ်စုတ်လေးကို နေပြည်တော်ကြီးပါဆိုပြီး အရပ်တကာ လှည့်ကြွားနေတာ ဆိုတော့ အရပ်နဲ့ကလဲ သိပ်တည့်တာ မဟုတ်ဘူး။ မူးယစ်ရမ်းကားပြီး မတင်မေလေးကို နှိပ်စက်လိုက်တာလဲ မပြောပါနဲ့ တော့။

အိမ်ထောင်ဦးစီးဖြစ်ပြီး၊ ကိုယ့်အရိပ်မှာရှိနေတဲ့ မတင်မေအပေါ် မတရားရမ်းကား နှိပ်စက်နေတာတွေ အရပ်က မကြားရက်ပဲ ကြားနေရတာဆိုတော့ ပိုဆိုးတာပေါ့။ သူများ အိမ်တွင်းရေးကို အကြမ်းပတမ်း ဝင်မစွက်ချင်ကြလို့သာ ကိုပေါက်ကျော်ကို ခဏ ခဏ ခေါ် ခေါ်တွေ့ ပြီး နားချတဲ့နည်းကို သုံးနေကြတာ။

ဒါတောင် ကိုပေါက်ကျော်က ကျေနပ်တာမဟုတ်ဘူး။ စေတနာနဲ့ ပြောတဲ့လူတွေကိုများ ‘အိမ်တွင်းရေး ဝင်စွက်တဲ့လူတွေ၊ အနှောင့်အယှက်တွေ’ဆိုပြီး သူ့အိမ်လုံခြုံရေး စိုးရိမ်သတဲ့လေ။ တကယ်ဆို ဒီအိမ်မှာက သူရယ်၊ မတင်မေရယ် နှစ်ယောက်တည်းရှိတာ။ ရှိတဲ့ မတင်မေကိုလဲ သူကပဲ နှိပ်စက်နေတာဆိုတော့ အိမ်ရဲ့လုံခြုံရေးဖြစ်နိုင်ပါ့မလား။ သူ့ လုံခြုံရေးပဲပေါ့။
အချိန်တန်လို့ အရပ်ကမနေနိုင်ပဲ သူ့ကို ဝိုင်းရိုက်မှာတော့ ကြောက်တတ်သား။ သူများကို ရိုက်တတ်၊ နှိပ်စက်တတ်တဲ့ လူတွေဟာ၊ သူကိုယ်တိုင် အရိုက်ခံရမှာ၊ နှိပ်စက်ခံရမှာကိုတော့ သေမလောက် ကြောက်တတ်ကြတာ သဘာဝပဲကိုး။ အဲဒါနဲ့ပဲ အိမ်ကိုကာကွယ်ဖို့ ဆိုပြီး၊ ဓား၊ လှံ လက်နက်တွေ စုနေလိုက်တာ တစ်အိမ်လုံးလဲ လက်နက်တွေနဲ့ ပြည့်နေပါရောလား။

ဒီလိုနဲ့ ဒီလိုနဲ့ဆိုပါတော့။

တစ်နေ့မှာ မတင်မေလေးဟာ တခြားခြံတွေကို လှမ်းကြည့်နေရင်း ကြီးမားလှတဲ့ သစ်ပင်ကြီးတွေကို တွေ့သွားတယ်။ ‘အရွက်တွေကလဲ တဖားဖား၊ အသီးတွေကလဲ တဝင်းဝင်းနဲ့ ကြီးမား ခန့်ထည်နေလိုက်တာ’ အံ့မခန်းပါကလား။ သူမလဲ မနေနိုင်တော့ပဲ ဟိုဘက်ခြံက ဒေါ်ယိုးဒယားမကြီးကို ဘာပင်လဲ လှမ်းမေးတာပေါ့။ “ဒီမိုပင်”လို့ပြောပြီး အသီးတစ်ချို့ ပါလာပေးတယ်လေ။
ကိုပေါက်ကျော်ကြီး ကျွေးသမျှသာ မဝရေစာ စားနေရတာကြာပြီဆိုတော့ အသီးတွေကစားလို့ ကောင်းလိုက်တာမှ ။ ‘အိမ်မှာသာ ဒီအပင်မျိုးရှိရင် ဝဝလင်လင်စားရမှာ’ ဆိုပြီး ဒေါ်ယိုးဒယားမကြီးကို မေးကြည့်တော့ ရွာအနောက်ပိုင်းက မျိုးစေ့ရတာတဲ့။ အရမ်းကောင်းတဲ့အသီးမို့လို ရွာအနောက်ပိုင်း လူတွေက သူတို့လို စားစေချင်တယ် ဆိုပြီး မျိုးစေ့တွေ အလကားပေးနေတာဆိုပဲ အပင်ရှင်သန်အောင် စိုက်နည်း တွေပါ ပြောပြပေးသတဲ့။

အိမ်က အိမ်ထောင်ဦးစီးကြီးကို ပြောပြပြီး အိမ်ထဲမှာစိုက်ရရင် ကောင်းမှာပဲလို့  တွေးပျော်သွားမိတယ်။

“ဖြုံး၊ ဒိုင်း၊ဝုန်း”
မတင်မေရဲ့ အပျော်ဓာတ်လေးမကြာလိုက်ပါဘူး။ “ဒီမို”ဆိုတဲ့ အသံလေးစထွက်တာနဲ့ပဲ၊ တုတ်ဆွဲပြီး ထရိုက် နေလိုက်တာ မဆုံးနိုင်အောင်ပါပဲ။ အခန်းထဲလဲ ထည့်ပိတ်လားပိတ်ရဲ့။ ထွက်ခိုင်းလိုက်၊ ထပ်ရိုက်လိုက်၊ ပြန်ထည့်ပိတ်လိုက်နဲ့ မတင်မေလေးမှာ တော်တော်ခံလိုက်ရပါပကော။

ဒါပေမယ့်လဲ သူလေးက ဇွဲကောင်းရှာပါတယ်။ နောက်ဆုံးပြောမရတဲ့အဆုံး အပင်လေးကို တူတူစိုက်ပါ့မယ် ဆိုပြီး တောင်းပန်ပြောရှာတယ်။ ဒါတောင် ကိုပေါက်ကျော်က လှည့်ကြည့်တာမဟုတ်ဘူး။ သူလဲ ဒီလိုအပင်မျိုး စိုက်နေတယ်ဆိုပဲ။

ဟုတ်များဟုတ်မလားလို့ သွားကြည့်လိုက်တော့ ‘ဒီမိုပင်မှမဟုတ်တာ’။ အဲဒီ ‘လိုက်လျောညီထွေ ဒီမို’ဆိုတဲ့ အပင်ကြီးကနေ အနံ့အရသာနဲ့ ပြည့်စုံတဲ့အသီးတွေမသီးပဲ နံစော်ချဉ်စုပ်နေတဲ့ အသီးတွေ သီးလာတော့မှာ။ ကြည့်စမ်းပါဦး။ အပင်ရှင်သန်ဖို့ ဆိုပြီး မစင်တွေလောင်းထားရသတဲ့။

ဒါကြီးကိုကြည့်ပြီး၊ မတင်မေလေးတစ်ယောက် အရမ်း စိတ်ညစ်နေရပြီလေ။ ဇာတ်လမ်းအစက ဆိုခဲ့ သလိုပေါ့။ ဘာများလုပ်ရင်ကောင်းမလဲ။ တစ်ခုခု လုပ်ဖို့ တော့ အချိန်တန်ပြီမဟုတ်လား။

တစ်နေ့တော့ကိုပေါက်ကျော် အလစ်အငိုက် ခြံထဲကနေ ခဏခိုးထွက်သွားလိုက်တယ်။ တကယ်ဆို အပြီးအပိုင် ထွက်ခဲ့ရင်လဲ အရပ်ကဝိုင်းစောင့်ရှောက်ထားကြမှာပဲ။ ဒါပေမယ့် ဒီခြံဟာ မတင်မေပိုင်တဲ့ ခြံလေ။ ဘာလို့ခြံအပြင်မှာ အကြာကြီးနေရမှာလဲ။ သူမရည်ရွယ်ချက်က အိမ်နားနီးချင်းတွေနဲ့ ရွာ အနောက်ပိုင်းက လူတွေကို သွားပြီး စစ်ကူခေါ်ဖို့လေ။ သူမခြံလေးထဲမှာ ဒီမိုပင်ကြီး စိုက်ချင်ရှာတာကိုး။

တကယ်တန်းကျတော့ အထင်နဲ့ အမြင်က လွဲရရှာတယ်။ သူမခြံထဲမှာ ‘ဒီမို’ ပင်လေး ဝိုင်းဝန်း စိုက်ဖို့က ရွာအုပ်ချုပ်ရေး အဖွဲ့ကို တင်ပြရမယ်ဆိုပဲ။ သူမလဲ တင်ပြဖို့ ကြိုးစားရှာပါတယ်။ သူမတို့ ရွာကလဲ အကြီးသားဆိုတော့ ကိုယ့်အရေးလိုပဲ တခြားအရေးကြီးတဲ့ ကိစ္စတွေက ရှိသေးတယ်မဟုတ်လား။

ပြီးတော့ ဒီအဖွဲ့ကြီးထဲမှာ ကိုပေါက်ကျော်က အရှင်သခင်လို ကိုးကွယ်နေတဲ့ ကိုတရုတ်ကြီး ဆိုတာရယ်၊ ကိုပေါက်ကျော်ကို လက်နက်တွေရောင်းပြီး ငွေရှာနေတဲ့ ကိုရုရှား ဆိုတာကြီးရယ်က ပါနေတော့၊ မတင်မေ ထင်ခဲ့သလောက်တော့ အားကိုးလို့ မရတော့ဘူးပေါ့။ မတင်မေလေးရဲ့ မိတ်ဆွေလေး တစ်ချို့ကတော့ အားပေးရှာပါတယ်။ အခါအခွင့်သင့်ရင်သူတို့ ကူညီပါ့မယ်တဲ့။ ဘယ်တော့ဆိုတာတော့ သူတို့လဲ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့်မျိုးစေ့လေးလဲ ပေးလိုက်တဲ့အပြင် အပင်စိုက်ပျိုးနည်းတွေပါ သင်ပေးလိုက် ကြတယ်။

နောက်ဆုံးတော့စိတ်ညစ်ညစ်နဲ့ လပြည့်ညရဲ့ ရွာလမ်းလေးမှာ လျှောက်နေလိုက်တာ မမျှော်လင့်ပဲ ပညာရှင်ကြီး တစ်ယောက်နဲ့ တိုးပါလေရော။ ပညာရှင်ကြီးကို အကြောင်းစုံရှင်းပြတော့ သူက တစ်နေရာကို လက်ညှိုးထိုးပြလေရဲ့။ အမယ်။ မဘုတ်ဆုံတို့ သားအမိပါလား။ ဟုတ်ပါရဲ့။ သူတို့ တဲစုလေးနား ရောက်နေတာကိုး။ မဘုတ်ဆုံရဲ့သားလေးက မိုးပေါ်ကလမင်းကြီးကို ကြည့်ပြီး “ထမင်းဆီဆမ်း၊ ရွှေလင်ဗန်းကြီး” တောင်းနေလေရဲ့ ။

‘ငါ့သမီး၊ လမင်းကြီးဆီကနေ ရွှေလင်ဗန်း’ ရတဲ့ကလေး ဘယ်နှစ်ယောက် ရှိဖူးလို့လဲ။ အခုဆို သမီးအဖြစ်က ဒီကလေးလေးထက်တော့ သာပါတယ်။ မျိုးစေ့ချနည်း၊ အပင်စိုက်နည်းတွေလဲ သိခဲ့ရပြီပဲကွယ်။ ဘာလို့ ရွာအုပ်ချုပ်ရေးကို အားကိုးနေမှာလဲ။ ကိုယ့်အားလေးတော့ကိုယ်ကိုးဦး မှပေါ့။ နေရာတိုင်းမှာ သူများကူတာကို ချည်းထိုင်စောင့်နေရင် မိုးလင်းသွားလိမ့်မယ်။’ သူမအသိဥာဏ်လေးများ လင်းလက်သွားသလိုပဲ။ ပညာရှိကြီးက ဆက်ပြောတယ်။

‘အခုသမီးရဲ့ ဒီမိုပင်စိုက်ဖို့ကိစ္စမှာ အတားအဆီးဖြစ်နေတဲ့ ပေါက်ကျော်ဆိုတာဟာ တစ်ချိန်က သမီးရဲ့ အလုပ်သမား ဖြစ်ခဲ့တဲ့သူပါ။ ခြံစောင့်တယောက်ပါ။ သူအခုတုတ်ဆွဲ၊ ဓားဆွဲလုပ်နေတာ တကယ်တော့ သမီးကိုသူ ကြောက်နေလို့။ လူနဲ့လူချင်း ရင်မဆိုင်ရဲလို့ လက်နက်အားကိုးနေရရှာတာ။ ဒါကို သမီးက သူ့အလို ကျလိုက်ပြီး၊ သူတုတ်စဆွဲတာနဲ့ ကြောက်ပါပြီလုပ်နေတာကိုး။ ပြောချင်သမျှကိုလဲ ဒူးထောက်ပြီးမှ ပြောနေတာကိုး။ သူဗိုလ်ကျအနိုင်ယူရဲတော့မပေါ့”

စကားအဆုံးမှာမတင်မေလေးငိုင်ကျသွားတယ်။ ပြီးတော့မှအကြံလေးတစ်ခုရသွားပြီး ပညာရှင်ကြီးကို ဆက်မေးတယ်။
‘ဒါဆိုသမီးကလဲ တုတ်ဆွဲပြီး သူ့ကို ဝင်ရိုက်ရမလားအဘ’ ‘အဲဒီလိုလုပ်သင့်ရင်လဲ လုပ်ရမယ်။ မလုပ်ခင် သူ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး၊ ကိုယ်ဖြစ်ချင်တာကိုသာ ရဲရဲဝံ့ဝံ့ ပြောကြည့်လိုက်ပါ။ ဒီခြံဟာသမီး ခြံပဲလေ။ အပင်စိုက်ခွင့်ကို သူ့ဆီတောင်းဆိုရအောင် သူ့ခြံမှ မဟုတ်တာ။ သူ့အလုပ်ကခြံစောင့်။ ခြံစောင့်က ခြံစိုက်ချင်လို့မရဘူး။ သမီးရဲ့ စိတ်အင်အားကို စနစ်တကျ အရင်စုစည်း၊ နောက်တော့သူ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး ခြံစောင့်နေရာကို ပြန်တော့လို့ပြောလိုက်။ တကယ်တန်းကျတော့ သမီးရဲ့ စိတ်အင်အားစုစည်းမှုကို သူအနိုင်မယူနိုင်ပါဘူးကွယ်။ ဘာလို့လဲဆိုတော့ ဒီခြံရဲ့ အရှင်သခင် အစစ်အမှန်က သမီးဖြစ်နေတာကိုး။ တချို့ကိစ္စတွေမှာ ထိပ်တိုက်ရင်ဆိုင်မှ အောင်မြင်နိုင်တာတွေလဲရှိတယ် သမီးရဲ့တဲ့”

(မှတ်ချက် ။ ။ ဤအဖြစ်အပျက်များဖြစ်ပွားပြီး၊ များမကြာမီကာလ၌ မတင်မေခြံထဲတွင် သူမစိုက်ချင်သော ‘ဒီမိုပင်ကြီး’ ရှင်သန်ကြီးထွားလာသည်ကို လူအများတွေ့ မြင်ကြရလေသည်)
“သစ်ပင်စိုက်ချင်သူများအားလုံး၊ ကိုယ့်ခြံ၊ ကိုယ့်စိုက်ခင်းတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ကြပါစေသတည်း”

ခင်မမမျိုး (၂၀၀၆)

0 comments:

အပေါ်သို့