..............................

Wednesday, December 10, 2008

နိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးနှင့် မြန်မာ ပြည်ရေးရာ

National Security, International Security and Burma affairs

“Emancipation ဆိုတာ လူတဦးတယောက်ကို ဖြစ်စေ၊ အုပ်စုတခုကိုဖြစ်စေ လွတ်လပ်စွာ ရွေးချယ် ဆောင်ရွက်နိုင်မှုကို ပိတ်ပင်တားဆီးနေတဲ့ ကာယ၊ ဥာဏပိုင်းဆိုင်ရာ တားမြစ်ချက်တွေကနေ လွတ်မြောက် စေခြင်းဖြစ်တယ်။ လုံခြုံရေးနဲ့ Emancipation ဆိုတာဟာ ဒင်္ဂါးပြားတစေ့ရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ တကယ်တမ်း ကျတော့ ပါဝါကျင့်သုံးမှုနဲ့ အမိန့်ပေးမှုပေါ်မှာ အခြေမခံတဲ့ emancipation ကသာ မှန်ကန်သော လုံခြုံရေးကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်”။ ( ကင်ဘုဒ်၊ ၁၉၉၁)

နိဒါန်း
ဟိုတလောက အောက်စဖို့ဒ်တက္ကသိုလ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတခုကို တက်ရောက်ဖြစ်ခဲ့ ပါတယ်။ ဒီပွဲမှာ ယူကေနိုင်ငံမှ မဟာဗျူဟာလေ့လာရေးနဲ့ လုံခြုံရေးအထူးပြု သုတေသနဌာနတွေဖြစ်တဲ့ King's College London, Brunel University, University of Aberystwyth, Scottish Center for War Studies, University of Aberdeen, Defence College of Management and Technology (DCMT), Joint Services Command and Staff College တို့တွေက ပညာရှင်များနဲ့ သုတေသန ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အကြောင်းအရာများက စုံလင်လှပါတယ်။ Analyst's view, practitioner's view, policy maker's view စသည်ဖြင့် ရှုထောင့်အမြင်များကလဲ စုံလင်လှပါတယ်။ ဘယ်လိုပဲအမြင်တွေ၊ သုံးသပ်ပုံတွေ၊ ချဉ်းကပ် နည်းလမ်းတွေ ကွဲပြားပေမယ့် အားလုံးမလွဲမသွေ လက်ခံထားရတဲ့ သဘောတရားတခုကတော့ ရှိနေ ပါတယ်။ ဒါကဘာလဲဆိုတော့ လုံခြုံရေးဝန်းကျင် (security environment) ဟာ တစတစ ကျယ်ဝန်းနက်နဲ လာတယ်ဆိုတာပါပဲ။

လုံခြုံရေးကိစ္စရပ်ဆိုတာနဲ့ လူအများက စစ်ပွဲတွေ၊ ဗုံးပေါက်ကွဲမှု စတာတွေကိုပဲ မြင်ယောင်မိ တတ်ကြ ပါတယ်။ စစ်ရေးအင်အား၊ တရားဥပေဒေစိုးမိုးရေး စတာတွေကိုပဲ စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် နှစ်ဆယ့်တစ်ရာစုရဲ့ လုံခြုံရေး ဆိုတာမှာကျတော့ ဒါတွေတင်မကပဲ လူသားလုံခြုံရေး (Human Security)၊ လူ့အဖွဲ့အစည်းလုံခြုံရေး (Societal Security)၊ စီးပွားရေးရာလုံခြုံရေး (Economic Security)၊ သဘာဝ ပတ်ဝန်းကျင်လုံခြုံရေး (Environmental Security)၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဆိုင်ရာ လုံခြုံရေး (HIV/ AIDS Security) ဆိုတာတွေက ပိုမိုအရေးကြီးလာပါတယ်။ ဒါတင်မကပဲ ကျားမခွဲခြားဆက်ဆံမှု၊ လူအများအပြား သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းများ (weapons of mass destruction)၊ အကြမ်းဖက်မှု (Terrorism)၊ ကာကွယ်ရေးကုန်သွယ်မှု (Defence Trade)၊ ကလေးစစ်သားများ (Child soldiers) အသုံးပြုမှု၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ (Transnational crimes)၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများ စတဲ့ ကိစ္စရပ်များကလဲ နိုင်ငံတော် လုံခြုံရေးနဲ့ အပြည်ပြည် ဆိုင်ရာ လုံခြုံရေးကို ခြိမ်းချောက် နေပါတယ်။ နိုင်ငံတော် လုံခြုံရေး ဆိုတာကို အရင် လေ့လာ ကြည့်ကြ ရအောင်ပါ။

နိုင်ငံတော်လုံခြုံရေး (National Security)
နိုင်ငံတော်ဆိုတာက ရေမြေပိုင်နက်ပေါ်မှာ အခြေပြုထားတဲ့ entity တခု ဖြစ်ပါတယ်။ ဒီ entity တခုမှာ အုပ်ချုပ်မယ့်အစိုးရ ရှိရမယ့်အပြင် အခြားနိုင်ငံများမှလည်း နိုင်ငံ တနိုင်ငံအဖြစ် အသိအမှတ်ပြု ခံထားရပါမယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်နှစ်ခုက တောက်လျှောက်လွှမ်းမိုး လာခဲ့ပါတယ်။ ပထမတချက်က နိုင်ငံတကာ ရေးရာဇာတ်ခုံမှာ နိုင်ငံများဟာ ဗဟိုချက်မ သရုပ်ဆောင်များ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ အရေးကြီးဆုံး အချက်ဟာ နိုင်ငံတော် လုံခြုံရေး ဆိုတာပါပဲ။

နိုင်ငံတော်လုံခြုံရေး ဆိုတာမှာ အချက်လေးချက် ပါဝင်ပါတယ်။ ပထမ အချက်က အန္တရာယ် ကင်းရှင်းရေး (Safety)၊ ကိုယ်ပိုင်အုပ်ချုပ်ရေး (autonomy)၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး (Development) နဲ့ အုပ်စိုးမှု (rule) တို့ပဲ ဖြစ်ပါတယ်။ ဒီအချက်လေးချက်ဟာ နိုင်ငံတော် လုံခြုံရေးရဲ့ အခြေခံကျသော အချက်များ ဖြစ်ပါတယ်။

အန္တရာယ်ကင်းရှင်းရေးဆိုရာမှာ တိုက်ခိုက်ခံရမှုမှ ကင်းဝေးရေး ဖြစ်ပါတယ်။ နိုင်ငံသားများ အနေနဲ့ အန္တရာယ် ကင်းရှင်းစွာနဲ့ မိမိတို့ ဘ၀ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ရေးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ပြည်တွင်းရာဇ၀တ်မှုများ လျော့ပါးစေဖို့ ဥပဒေ ဘက်တော်သား ရဲတပ်ဖွဲ့ဝင်တွေ ရှိရပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုရာမှာ နိုင်ငံတော် အစိုးရဟာ ပြည်ပသြဇာ လွှမ်းမိုးမှုကင်းတဲ့ အစိုးရတရပ် ဖြစ်ရပါမယ်။ အစိုးရတရပ်မှာ အော်တိုနော်မီ ကျဆင်းလာပြီဆိုရင် ပြည်သူလူထုအနေနဲ့ အစိုးရ လုပ်ငန်းဆောင်တာများအပေါ်မှာ ယုံကြည်မှု တစတစ ကင်းမဲ့လာမှာဖြစ်ပါတယ်။ တော်လှန်ပုန်ကန်မှုများလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဥပမာ- တရုတ်အင်ပါယာကြီးကို ၁၉၁၁ ခုနှစ်မှာ ပျက်သုဉ်းစေခဲ့တဲ့ တော်လှန်ရေးဟာ အစိုးရရဲ့ အော်တိုနော်မီ ကျဆင်းလာမှုကြောင့် ဖြစ်ပါတယ်။

နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေး တိုးတက်မှုများကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူများဟာ နိုင်ငံသားများရဲ့ လူနေမှု အဆင့်အတန်း တိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ နိုင်ငံတော်ဂုဏ်သိက္ခာ မကျဆင်းရေး တို့အတွက် တတ်နိုင်သမျှ ကြိုးစား လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရတရပ်မှာ နိုင်ငံတော်အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေ ပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာ သုံးရပ်ကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှု ရှိရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း national security agenda ချမှတ်တဲ့အခါမှာ စစ်အင်အား (military power) သာမက အခြားသော အကြောင်းအရာများဖြစ်တဲ့ စီးပွားရေးအဆောက်အအုံ၊ ကုန်သွယ်ရေးစနစ်၊ မြေပိုင်နက်၊ ရေပိုင်နက်၊ မဟာမိတ်ဖွဲ့မှု၊ အများလက်ခံကျင့်သုံးတဲ့ နိုင်ငံရေးစနစ် စတာတွေကို ထည့်သွင်းကြရပါတယ်။ အတိုချုပ်ဆိုရရင်တော့ နိုင်ငံတော်လုံခြုံရေးဆိုတာဟာ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူ အများကို ကာကွယ်စောင့်ရှောက်ဖို့၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ရှိဖို့ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူ အစိုးရ တရပ်ဟာ နိုင်ငံတော် လုံခြုံရေးကို ကောင်းမွန်စွာ မဆောင်ရွက် နိုင်တော့တဲ့ အခါကျရင် ဒီဂယက်ဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်လာစေ ပါတော့တယ်။

အပြည်ပြည်ဆိုင်ရာလုံခြုံရေး
စစ်အေးတိုက်ပွဲကာလတုန်းက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးမှာ high politics ကိစ္စရပ်တွေ ဖြစ်တဲ့ စစ်နဲ့ငြိမ်းချမ်းရေး၊ နျူကလီးယား deterrence၊ summit သံတမန် ရေးရာ၊ လက်နက်ထိန်းချုပ်ရေး၊ မဟာမိတ် နိုင်ငံရေး ဆိုတာတွေက လွှမ်းမိုးခဲ့ပါတယ်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာ ကျတော့ low politics ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်၊ ရှားပါးသယံဇာတ၊ လူဦးရေ ပေါက်ကွဲမှု ထိန်းချုပ်ရေး၊ စွမ်းအင်ရေးရာ၊ ကူးစက်ရောဂါ၊ ကျားမရေးရာ ကိစ္စရပ်တွေက နေရာယူ လွှမ်းမိုးလာခဲ့ ပါတယ်။

လက်ရှိအပြည်ပြည်ဆိုင်ရာလုံခြုံရေးကို နိုင်ငံရေး ဆန်းစစ်ချက် တရပ် ဖြစ်တဲ့ Three Levels of Analysis နဲ့ အတိုချုံး တင်ပြပေးပါမယ်။ structural level ဆန်းစစ်ချက်အရ ဆိုရင် အမေရိကန်ဟာ ကမ္ဘာ့ရေးရာများမှာ ပါဝါလွှမ်းမိုးမှု ရှိနေဆဲဖြစ်ပါတယ်။ New Powers များဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံများ အင်အား ကြီးမားလာမှုဟာ အပြည်ပြည်ဆိုင်ရာစနစ်ရဲ့ ပါဝါချိန်ခွင်လျှာမှာ အနည်းနဲ့ အများတော့ သက်ရောက်မှု ရှိလာပါတယ်။ နိုင်ငံတော်လုံခြုံရေး agenda မှာ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေကို နိုင်ငံတနိုင်ငံချင်းစီရဲ့ ဦးစားပေးမှု ကွဲပြားပါတယ်။

Domestic institutional level ဆန်းစစ်ချက်အရဆိုရင် ဒီမိုကရေစီနဲ့ တံခါးဖွင့်စီးပွားရေး အရင်းရှင်စနစ်ဟာ နိုင်ငံအများစုမှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက လုပ်ဆောင်ပြသနေတဲ့ အာဏာရှင် အရင်းရှင်စနစ် 'authoritarian capitalism' အပေါ်မှာ နိုင်ငံတချို့က စိတ်ဝင်စားမှုရှိနေပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ငွေကြေးဂယက်ဟာ တရုတ်နိုင်ငံအပေါ်မှာ ဆိုးဝါးစွာ သက်ရောက်မှုတွေ ရှိနေတာကြောင့် စိတ်ဝင်စားမှု လျော့နည်းလာကြပါတယ်။

နောက်ဆုံးတဆင့်ဖြစ်တဲ့ Individual level ဆန်းစစ်ချက်အရ ဆိုရင်တော့ လူ့အခွင့်အရေး ကိစ္စရပ်များဟာ တကမ္ဘာလုံးက ပြည်သူလူထုအတွက် အရေးကြီးနေဆဲပါပဲ။ ဖွံ့ဖြိုးတိုးတက်ရေး၊ အန္တရာယ်ကင်းဝေးရေး၊ ရောဂါဘယ ကင်းရှင်းရေးတို့ဟာ လူပုဂ္ဂိုလ်တဦးချင်းအတွက် အရေးပါသော ကိစ္စရပ်များဖြစ်နေပါတယ်။ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိကတို့မှာ လူသားလုံခြုံရေး (Human Security) သဘောတရားက တစတစ နေရာယူလွှမ်းမိုးနေပါတယ်။

ဒီလိုကိစ္စတွေကြားထဲမှာ wildcards လို့ ကျွန်မတို့ လုံခြုံရေးအသိုင်းအ၀ိုင်းအတွင်းမှာ ခေါ်ကြတဲ့ ကိစ္စရပ် တွေကလည်း တစတစ ကျယ်ပြန့်လာပါတယ်။ ပထမတချက်က နည်းပညာအဆမတန် တိုးတက် မြင့်မားနေမှုပါ။ သတင်းနှင့်နည်းပညာ တော်လှန်ရေး (IT Revolution) က အရှိန်အဟုန်နဲ့ ဖြစ်ပွားနေ ပါတယ်။ ဇီဝနည်းပညာ တော်လှန်ရေး (Biotechnology Revolution) က စတင်နေပါပြီ။ နာနိုနည်းပညာ တော်လှန်ရေး (Nanotechnology Revolution) က အရှိန်စယူနေပါပြီ။ အခုလက်ရှိအချိန်မှာ တက္ကသိုလ် သုတေသနဌာနအများစုမှာ Nanotechnology သုတေသီများကို ဦးစားပေး ခန့်အပ်လာနေကြပါတယ်။ ပီအိတ်ခ်ျဒီ စကောလားရှစ်များပေးပြီး လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုကို လုပ်လာကြပါတယ်။ ဒီနည်းပညာက တိုးတက်ပြန့်ပွားလာရင် အသုံးဝင်မှုတွေ အများကြီးရှိလာမှာဖြစ်သလို တဘက်ကလဲ လုံခြုံရေး အမြင်အရ နယူးကလီးယား လက်နက်လိုပဲ ကြောက်စရာကောင်းပါတယ်။ ဥပမာ- ရုရှားထုတ် 'Father of All Bombs' ဆိုတဲ့ ဗုံးဟာ နျူကလီးယား လက်နက်မဟုတ်ပေမယ့် ပျက်စီးစေမှုစွမ်းရည် (destruction capabilities) မှာကျတော့ နျူကီးယားလက်နက်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီလို နည်းပညာ ပြောင်းလဲမှုတွေဟာ နိုင်ငံရေးတည်ငြိမ်မှု၊ စစ်အသုံးစရိတ်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေး စတာတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိနေသလို အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာလည်း ကြီးစွာသော သက်ရောက်မှု ဖြစ်နေပါတယ်။

နောက်ထပ် wildcard တခုကတော့ စွမ်းအားအရင်းအမြစ် (Energy resources) တွေနဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေ၊ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေဖြစ်ပါတယ်။ အဓိက စွမ်းအင်ဒေသတွေ ဖြစ်တဲ့ ပါရှန်း ပင်လယ်ကွေ့၊ ကော်ကေးဆပ်နဲ့ အာရှအလယ်ပိုင်း၊ ဆိုင်ဘေးရီးယား အရှေ့ဖျားပိုင်းတွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အခက်ခဲဆုံး ဒေသတွေ ဖြစ်လို့နေပါတယ်။ ဒီဒေသတွေအပေါ်မှာ ဖွံ့ဖြိုးဆဲ economies တွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့မှ ၀င်ရောက်ခြယ်လှယ်ရန် ကြိုးပမ်းမှုတွေကလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့် စွမ်းအင်အရေးဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းချောက်လာနိုင်တဲ့ အရေးကြီး ကိစ္စရပ်တရပ် ဖြစ်ပါတယ်။

ဒီလိုပဲ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတရပ်ကတော့ ရာသီဥတုပြောင်းလဲမှု (Climate Change) ကိစ္စရပ်ပါ။ ကမ္ဘာကြီးပူနွေးလာမှုဟာ ကြိုတင်မျှော်မှန်း တွက်ဆထားတဲ့နှုန်းတွေထက် ပိုမိုမြန်ဆန်လို့ နေပါတယ်။ သစ်တောပြုန်းတီးမှု၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ အပင်သေများနဲ့ သမုဒ္ဒရာကြမ်းပြင်မှ ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု စတဲ့ global biosphere response က ခန့်မှန်းရ အလွန် ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေပါတယ်။

အခုလို တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဘက်ပေါင်းစုံက ဖြစ်ပွားပြီး အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ခြိမ်းချောက်နေချိန်မှာ နိုင်ငံတော်လုံခြုံရေးကို စနစ်တကျ စီမံဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အစိုးရများကြောင့် ကမ္ဘာ့လုံခြုံရေး အခြေအနေဟာ တစတစ ဆိုးရွားလာရပါတယ်။ ဆက်လက်ပြီး မြန်မာပြည်အစိုးရအမည်ကို ဓားပြတိုက်ယူထားတဲ့ စစ်အုပ်စုကြောင့် နိုင်ငံတော်လုံခြုံရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာ ဆိုးကျိုး သက်ရောက်နေမှုများကို ရေးသားတင်ပြပါမယ်။

မြန်မာပြည်နှင့် နိုင်ငံတော်လုံခြုံရေး
မြန်မာနိုင်ငံရဲ့ လက်ရှိလုံခြုံရေးပေါ်လစီက စစ်မှန်တဲ့ နိုင်ငံတော်လုံခြုံရေး သဘောတရားပေါ်မှာ အခြေမခံပဲ သန်းရွှေနဲ့ အပေါင်းအပါ စစ်အုပ်စုများ လုံခြုံရေးအပေါ်မှာ အခြေခံထားပါတယ်။ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံ စည်းမျဉ်းလေးချက်ကို နားမလည်သူများကို မှားယွင်းတဲ့ သဘောတရား ရေးရာများ သွတ်သွင်းပြီး၊ ရာထူးအာဏာ အခွင့်အလမ်းများပေးကာ လက်ကိုင်တုတ်များအဖြစ် မွေးမြူထားပါတယ်။ စစ်အာဏာရှင် စနစ် အမြစ်တွယ်ရေးကို ကြိုးပမ်းတည်ဆောက်နေပါတယ်။ state formation (နိုင်ငံတည်ထောင်မှုပုံစံ) မှားယွင်းမှုကြောင့် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ intra-state conflicts များနဲ့ နိုင်ငံရေးစနစ် (political system) မှားယွင်းမှုကြောင့် ဖြစ်ပွားနေတဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို လက်ညိုးထိုးပြီး တပ်မတော် အခန်းကဏ္ဍကို အတင်းကာရော တိုးမြှင့်နေကြပါတယ်။ တကယ်တန်းကျတော့ လက်ရှိဖြစ်ပွားနေတဲ့ intra-state conflict အမျိုးအစားဟာ ဖယ်ဒရယ်ပြည်ထောင်စု ပုံစံနဲ့မှသာ တည်ငြိမ်မှု ရှိသွားမှာဖြစ်ပါတယ်။ စစ်ရေးအင်အားသုံးပြီး လက်နက်ချခိုင်းထားရုံနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး (national unity) ကို မတည်ဆောက် နိုင်ပါဘူး။ ဒီလိုပါပဲ။ နိုင်ငံရေးစနစ် မှားယွင်းနေမှုကိုလည်း လမ်းပြမြေပုံချရုံ၊ ရွေးကောက်ပွဲ ကျင်းပပေးရုံလောက်နဲ့ မဖြေရှင်းနိုင်ပါဘူး။ ပြည်သူလူထုက တောင်းဆိုနေတဲ့ စစ်မှန်သော ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် မစတင်မချင်း နိုင်ငံရေးလှုပ်ရှားမှုတွေက ရှိနေမြဲ ဖြစ်မှာပါပဲ။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချလိုက်ရုံနဲ့ ဒီပြဿနာဟာ ပြေလည်မှာ မဟုတ်ပါဘူး။ ဒီလို မပြေလည်နိုင်မယ့် ကိစ္စနှစ်ရပ်ကိုပဲ မီးမောင်းထိုးပြီး၊ နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်အနေနဲ့ သတ်မှတ်ထားကြ ပါတယ်။ တကယ်တန်းကျတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီး ဒီမိုကရေစီနဲ့ ဖဒရယ်ပြည်ထောင်စုကို ဖော်ဆောင်လိုက်တာနဲ့ စစ်မဟာဗျူဟာပညာရှင် ကားလ်ဗွန် ကလော့ဝတ်ဆိုခဲ့တဲ့ “အစိုးရရယ်၊ စစ်တပ်ရယ်၊ ပြည်သူရယ်” ဆိုတဲ့ “eternal trinity” သဘောတရား အတိုင်း အလိုအလျောက် သူ့နေရာနဲ့သူ ပြန်လည် တည်ငြိမ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလက်ရှိ နိုင်ငံတော်လုံခြုံရေး ပြဿနာ ဆိုတာတွေဟာ စစ်အာဏာရှင်စနစ် ရှိနေလို့သာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
နအဖစစ်အုပ်စုဟာ ဒီလိုမှားယွင်းတဲ့ သဘောတရားရေးရာတွေကို သွတ်သွင်းနေရုံမကပဲ၊ စစ်အုပ်စုပီပီ military power စစ်အင်အားကို နိုင်ငံတော်လုံခြုံရေး မူဝါဒမှာ ထိပ်ဆုံးက ထည့်သွင်းပြန်ပါတော့တယ်။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” လို့ ဆိုကြပြန်ပါတယ်။ တကယ်တမ်းကျသော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တပ်မတော်တရပ် တည်ဆောက်ရေးဆိုတာမှာက တိုင်းပြည်အင်အား အပေါ်မှာ အများကြီးမူတည်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှ တပ်မတော်အင်အားကိုလည်း တည်ဆောက်နိုင်မှာပါ။ စစ်အသုံးစရိတ် ခွဲဝေချထားရာမှာ % of GDP ဆိုတာက အရေးကြီးပါတယ်။ အာရှနိုင်ငံများရဲ့ စစ်အသုံး စရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ သုတေသန တခုကို စာရေးသူ ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ် % of GDPဟာ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားနေတယ် ဆိုတာပါပဲ။ အာရှတိုက်ရဲ့ အမြင့်မားဆုံး နိုင်ငံများမှာ ပါဝင်ပါတယ်။

သို့ပေမယ့် တခုစိတ်ပျက်စရာ ကောင်းတာက ရာခိုင်နှုန်းမြင့်မားနေပေမယ့် ပမာဏကတော့ အခြား အိမ်နီးချင်းနိုင်ငံများကို မမှီတာပါပဲ။ ငွေတဆယ်ရှိသူက ငါးဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ငါးကျပ်ကို ကစားစရာ သေနတ်ဝယ်ဖို့သုံးပြီး၊ ငွေတသိန်းရှိသူက ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေတသောင်းနဲ့ ရိုင်ဖယ် သေနတ်တလက် ၀ယ်သလိုမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ခေတ်မီတပ်မတော်တရပ် တည်ဆောက်မယ် ဆိုရင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို ကနဦးဦးစားပေး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စစ်ရေးအင်အားနဲ့ စီးပွားရေးအင်အား တွဲစပ်မှသာ နိုင်ငံတော်ဂုဏ်သိက္ခာကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နှစ်ဆယ့်တစ်ရာစုမှာ နိုင်ငံတိုင်းလိုလို ခေတ်မီတပ်မတော်တည်ဆောက်နေကြပါတယ်။ ဒါပေမယ့် မြေပြင်စစ် ထက်စာရင် sea power၊ Air Power ကို ဦးစားပေး တည်ဆောက်နေကြတာပါ။ မြန်မာပြည်ကတော့ Land warfare ကိုပဲ အာရုံစိုက်နေပါတယ်။ ဒါကြောင့် လတ်တလောဖြစ်သွားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ပဋ္ဋိပက္ခမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်၊ လေတပ်နဲ့ ယှဉ်ပြိုင်နိုင်လောက်အောင် မြန်မာတပ်မတော်မှာ sea power, Air power မရှိတာကြောင့် လက်မြှောက် တပ်ဆုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ စစ်အသုံးစရိတ် ရာခိုင်နှုန်းမှာ မြန်မာ % of GDP လောက် မမြင့်ပါဘူး။ ဒါပေမယ့် သုံးစွဲနိုင်မှု ပိုမိုများပြားပါတယ်။ ဒါကြောင့် ထိပ်တိုက်ဆုံတွေ့ချိန်မှာ ကလေးကစားစရာ သေနတ်နဲ့ ရိုင်ဖယ်သေနတ်လို အင်အားကွာဟနေတာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းပြည်အင်အားရှိမှသာ တပ်မတော်က အင်အားရှိမှာဖြစ်ပါတယ်။ တိုင်းပြည်က ပြည်သူလူထုကို ကလေးကစားစရာ သေနတ်နဲ့ အနိုင်ကျင့် ဗိုလ်ကျပြနေရုံနဲ့ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံစည်းမျဉ်းထဲက အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးမှာ ပါဝင်တဲ့ နိုင်ငံတော် ဂုဏ်သိက္ခာမကျဆင်းရေးကို မဆောင်ကျဉ်းပေးနိုင်ပါဘူး။

ဒါကြောင့် စစ်အင်အားတိုးတက်ဖို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရှိဖို့ လိုအပ်လှပါတယ်။ အမျိုးသားဖွံ့ဖြိုးရေး အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး တိုးတက်မှုတွေ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ဟာ တပ်မတော်နဲ့ ဘာမှမဆိုင်ပါဘူး။ အစိုးရနဲ့သာ ဆိုင်ပါတယ်။ ပြည်သူက ရွေးကောက် တင်မြှောက်တဲ့ အစိုးရက ဆောင်ကျဉ်းရမှာပါ။ ပြည်သူ့အစိုးရက တာဝန်ပေးတဲ့ ကျရာနေရာကနေသာ တပ်မတော်အနေနဲ့ အကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရမှာပါ။

ဒီလိုမဟုတ်ပဲ အုပ်ချုပ်ရေးယန္တရားကို မတန်မရာ နေရာဝင်ယူလိုက်တော့ eternal principle ဖြစ်တဲ့ အစိုးရရယ်၊ ပြည်သူရယ်၊ တပ်မတော်ရယ် ဆိုတာက ပျက်ယွင်းသွားပါတယ်။ ပြည်သူလူထုနဲ့ အစိုးရဓားပြ စစ်တပ်တို့ ထိပ်တိုက်ဖြစ်လာကြပါတယ်။ ထိပ်တိုက်ဖြစ်လာတော့ လူထုကို နည်းမျိုးစုံသုံးပြီး နှိမ်နင်း ပါတော့တယ်။ ဒီလိုနှိပ်နင်းပြန်တော့ ပြည်သူလူထု ဘေးအန္တရာယ် ကင်းဝေးရေး ဆိုတဲ့ နိုင်ငံတော်လုံခြုံရေး အခြေခံအချက်ကို ချိုးဖောက်လိုက်ပါလေရော။ တဆက်တည်းမှာပဲ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ တရားဥပဒေပြုရေး အာဏာတွေမှာ မမှန်မကန် ကျင့်သုံးဆောင်ရွက်မှုတွေ ဖြစ်လာတော့တယ်။ တခါ လူထုကို ခြိမ်းချောက်ဖို့ စစ်အင်အား တိုးချဲ့မှုတွေကို ပြည်သူ့ဘဏ္ဍာကနေ အလွန်အကျွံ သုံးစွဲမှုတွေ ဖြစ်လာတာရယ်၊ အုပ်ချုပ်ရေးယန္တရား အကျင့်ပျက် လာဘ်စားမှုတွေရယ်၊ ဗဟို ချုပ်ကိုင်စနစ်တွေရယ်၊ ဆွေတော်မျိုးတော် ကောင်းစားရေး ၀ါဒတွေရယ်ကြောင့် တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ပညာရေးက အဘက်ဘက်က ဆက်တိုက် ကျဆင်းလာတော့တယ်။ မတရားဖိနှိပ်မှုတွေများလာတော့ နိုင်ငံတကာက မနေနိုင်ပဲ ၀င်ရောက်ပြောဆိုမှုတွေက ထပ်ဖြစ်လာပြန်တယ်။ အဲဒီအခါမှာ နိုင်ငံတကာဖိအားကို အလေးမပြုပဲ နေနိုင်ရေးအတွက် အားကိုးရာရှာရတော့တယ်။ ရှာရင်း ပေါက်ဖော်ကြီးနဲ့ နအဖ သတို့သမီးတို့ ဆုံတွေ့ကြရာက တရုတ်ကြိုးဆွဲ ရုပ်သေးလေးဘ၀ကို ရောက်သွားပြန်တယ်။ အဲဒီမှာတင် နိုင်ငံတော် လုံခြုံရေးရဲ့ အခြေခံအချက်တခုဖြစ်တဲ့ အော်တိုနော်မီဟာ ကျဆင်းလာပါတော့တယ်။ ဒီလိုနဲ့ နိုင်ငံတော် လုံခြုံရေး အခြေခံအချက်လေးရပ်လုံးကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းမရှိပဲ ဖြစ်လာပြီး၊ နိုင်ငံတော်လုံခြုံရေးသာမက အပြည်ပြည်ဆိုင်ရာ လုံခြုံရေး အပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာပါတယ်။

မြန်မာပြည်နှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး
ပထမဦးဆုံး လူသားလုံခြုံရေး (Human Security) ကဏ္ဍကို အရင်ကြည့်ကြရအောင်ပါ။ ၁၉၉၄ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ဝေတဲ့ အစီရင်ခံစာမှာ လူသားလုံခြုံရေး ဆိုတာကို လူသားတဦးချင်း ဖွံ့ဖြိုးတိုးတက်ရေးကို ပိတ်ပင်တားဆီးနေတဲ့ အန္တရာယ်များမှ ကင်းဝေးရေး အခြေအနေ တရပ်အနေနဲ့ ဖော်ပြထားပါတယ်။ လူသားများဘ၀မှာ ရေရှည်ခြိမ်းချောက်မှုများ ဖြစ်နေတဲ့ ငတ်မွတ် ခေါင်းပါးခြင်း၊ ရောဂါဘယ ကူးစက်ပြန့်ပွားခြင်းနဲ့ အဖိနှိပ်အချုပ်ချယ်ခံရခြင်း စတာတွေက ကင်းဝေးဖို့ ဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး တရှိန်ထိုးကျဆင်းပြီး၊ စီးပွားရေး တိုးတက်မှု နှောင့်နှေးနေတာကြောင့် လူအများ ဆင်းရဲနွမ်းပါးမှုဒဏ်ကို မရှုမလှ ခံနေကြရပါတယ်။ ထမင်းနပ်မှန်အောင် မစားနိုင်သူ အရေအတွက်က တစတစ များပြားလာပါတယ်။ အစာရေစာ မလုံလောက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အများအပြား ဖြစ်နေပါတယ်။ ရောဂါဘယများကို စနစ်တကျကုသရန် ငွေကြေးမလုံလောက်မှုကြောင့် အသက်ဆုံးရှုံး ရသူများမှာလည်း ဒုနဲ့ဒေးဖြစ်လာပါတယ်။ ပိုပြီးဆိုးဝါးတာကတော့ နအဖစစ်အုပ်စုရဲ့ ဖိနှိပ်ချုပ်ချယ်မှုပါ။ စကားဟဟမပြောရဲ၊ ထမင်း၀၀ မစားရတဲ့ ဘ၀ကို ပြည်သူများ ရောက်ရှိနေပါတယ်။ လူအများစုကို အကြောက်တရားသွင်းပြီး ဖိနှိပ်မှုတွေကြောင့် လူတဦးချင်းဆီရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ များစွာ ထိခိုက်နေပါတယ်။ တိုင်းရင်းသား ပြည်သူများအပေါ် ရန်သူလိုသဘောထားပြီး လူမျိုးတုန်း စစ်ပွဲများဆင်နွှဲနေတာကြောင့် အခုဆိုရင် Internally Displaced persons (အိုင်ဒီပီ) အရေအတွက်ဟာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများကလဲ တစတစ များပြားလာပါတယ်။

ဒါနဲ့အတူ ဆက်စပ်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတခုဖြစ်တဲ့ လူကုန်ကူးမှုကပါ နောက်ဆက်တွဲ လာပါတယ်။ မြန်မာပြည်နိုင်ငံရေး မတည်ငြိမ်မှုပေါ်မှာ အခွင့်အရေးယူပြီး ၀င်ငွေရှာတဲ့ မသမာသူ နိုင်ငံရေး အရေခြုံများကလဲ စီးပွားဖြစ် လူကုန်ကူးမှုတွေ လုပ်ကိုင်လာကြပါတယ်။ နိုင်ငံတခုမှာ လူသားလုံခြုံရေးကို အုပ်ချုပ်သူတွေက တာဝန်မယူနိုင်တဲ့အခါ ဒီလိုဖြစ်ရပ်တွေက ပေါ်ပေါက်စမြဲပါပဲ။ ပြဿနာရဲ့ အရင်း အမြစ်က နအဖသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရှိတဲ့ ဖယ်ဒရယ် နိုင်ငံတရပ်အဖြစ် ပေါ်ထွက်လာခဲ့ရင် ဒီလို အခွင့်အရေးသမားတွေဟာ အလိုအလျောက် ကွယ်ပျောက် သွားမှာပါ။ နိုင်ငံရေးအရေခြုံများနဲ့ နိုင်ငံရေးသမားများကို ခွဲခြားရှုမြင်ဖို့ လိုအပ်လှပါတယ်။

ဒုတိယအနေနဲ့ လူ့အဖွဲ့အစည်း လုံခြုံရေး (societal security) ကို ကြည့်ကြရအောင်ပါ။ လူ့အဖွဲ့အစည်း လုံခြုံရေးကို စစ်ရေးနိုင်ငံရေး ခြိမ်းချောက်မှုများနဲ့ တင်ပြချင်ပါတယ်။ စစ်ရေးခြိမ်းချောက်မှု ဆိုတာက လူ့ အဖွဲ့အစည်းထဲမှ လူနည်းစုတိုင်းရင်းသားများကို အာဏာသိမ်း စစ်တပ်မှ လက်နက်အင်အားနဲ့ အနိုင်ယူ ဗိုလ်ကျ စိုးမိုးခြင်းဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားရွာငယ်များကို မီးရှို့ဖျက်ဆီးမှု၊ တိုင်းရင်းသူများကို မုဒိန်းကျင့်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ တိုင်းရင်းသား တပ်များကို အနိုင်ကျင့် လက်နက်ချခိုင်းမှုများဟာ လူ့အဖွဲ့အစည်းကို စစ်ရေးနည်းဖြင့် ခြိမ်းချောက်မှု ဖြစ်ပါတယ်။ နိုင်ငံရေး ခြိမ်းချောက်မှုဆိုတာကလဲ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ လူတစုကနေ ပြည်သူအများကို မတရား ဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် ခြိမ်းချောက်မှုဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူလူထုကို ဖိနှိပ်ထားရုံမက လူမိုက် လက်ကိုင်တုတ်များမွေးပြီး၊ လူထုရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထား တာကြောင့် လူ့အဖွဲ့အစည်း အပေါ်မှာ နိုင်ငံရေးခြိမ်းချောက်မှု ရှိနေပါတယ်။ ဒီလို လူ့ဘောင်အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ခြိမ်းချောက်နေခြင်းဟာ နိုင်ငံတကာအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်လာပါတယ်။

ဒီလိုနဲ့ မြန်မာ့ လူသားလုံခြုံရေး၊ လူ့အဖွဲ့စည်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို လူဦးရေရွေ့လျားမှု၊ နိုင်ငံရေး ခိုလှုံခွင့်၊ အိုင်ဒီပီ၊ ငတ်မွတ်ခေါင်းပါးမှု ရှုထောင့်များကနေ ဂယက်ရိုက်လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ နိုင်ငံတွေဟာ အဓိက ဇာတ်ကောင်တွေဖြစ်တယ် ဆိုပေမယ့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးသဘောတရားအရ state-centric security နဲ့ လူသားလုံခြုံရေး (Human security) တို့မှာ Human security ကို ဦးစားပေးရပါတယ်။ ဒါကြောင့် မြန်မာပြည်သူ ပြည်သားများ လုံခြုံရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြရတဲ့ အထိပါပဲ။ ကုလ သမဂ္ဂရဲ့ ဖွဲ့စည်းပုံဆိုင်ရာအားနည်းချက် (Structural failure) ကြောင့်သာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဗွီတို အာဏာ ကျင့်သုံးမှုကြောင့် မအောင်မြင်ခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရေးရာကတော့ ကမ္ဘာ့လုံခြုံရေး အပေါ်မှာ ဂယက်ရိုက်မှုတွေ ရှိနေခဲ့ပါပြီ။
တတိယပိုင်းအချက်အနေနဲ့ စီးပွားရေးရာ လုံခြုံရေး (economic security ) ကဏ္ဍကနေ လေ့လာ ကြည့်ရအောင်ပါ။

လက်ရှိမြန်မာပြည်မှာ စီးပွားရေးတိုးတက်မှုနှောင့်နှေးခြင်း၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု စတာတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံနေကြရပါတယ်။ စီးပွားရေး လုပ်ငန်း အများစုကိုလဲ စစ်အုပ်စုနဲ့ အပေါင်းအပါများကသာ ကြီးစိုး လုပ်ကိုင်နေကြပါတယ်။ တိုင်းပြည် တခုမှာ စီးပွားရေးရာလုံခြုံရေးအတွက် ထောက်ပံ့ရေးလုံခြုံရေး၊ ဈေးကွက်ဝင်ရောက်မှု လုံခြုံရေး၊ ငွေကြေး စနစ် ခိုင်မာတောင့်တင်းမှုလုံခြုံရေး၊ နည်းပညာစွမ်းရည်လုံခြုံရေး၊ လူမှုစီးပွား paradigm လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် လုံခြုံရေး၊ စီးပွားရေးစနစ်လုံခြုံရေး၊ မဟာမိတ်ပြုလုံခြုံရေးဆိုတဲ့ economic security typologies ရှစ်မျိုးနဲ့ ပြည့်စုံရပါတယ်။
ဒီရှစ်မျိုးလုံးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ အားနည်းချက်တွေ ရှိနေပါတယ်။ ကုန်ပစ္စည်းတင်သွင်းမှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထားမှုတွေ ရှိနေပါတယ်။ ပြည်တွင်းကုန်စည်စီးဆင်းမှု၊ ဖြန့်ချိရေး၊ ထောက်ပံ့ရေး လမ်းကြောင်းများမှာလဲ အဆင့်ဆင့်လိုင်းကြေးပေးပြီးမှ လုပ်ဆောင်နေကြရပါတယ်။ ဈေးကွက် ၀င်ရောက် နိုင်မှုမှာလည်း ဈေးကွက်ကို နအဖဦးပိုင်နဲ့ အပေါင်း အပါများကသာ ကြီးစိုးနေကြပါတယ်။ ဘယ်လို ဈေးကွက်ပဲဝင်ဝင် ပါမစ်ရဖို့ လာဘ်ပေးလာဘ်ယူခြင်းက စတင်ရပါတယ်။ ငွေကြေး စနစ်မှာလည်း ခိုင်မာမှု မရှိပါဘူး။ ဘဏ်လုပ်ငန်းများ စိတ်ချယုံကြည်ရမှုမရှိပါဘူး။ ငွေကြေးဖောင်းပွနှုန်းက အရှိန်အဟုန်နဲ့ မြင့်တက် နေပါတယ်။ နည်းပညာစွမ်းရည်ပိုင်းမှာလည်း High tech လုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲမှုများ ရှိနေပါတယ်။ လူမှုစီးပွား paradigm ပိုင်းမှာလည်း ကာကွယ်ပေးမှုမရှိတာကြောင့် အခုဆိုရင် မြန်မာပြည် ဈေးကွက်တော်တော်များများဟာ ဘိန်း ကုန်ကူးသမားများ လက်ထဲမှာ ရောက်နေပါတယ်။ နယ်စပ် ဖြတ်ကျော် လုံခြုံရေးဆိုတာမှာလဲ နယ်စပ်ကုန်သွယ်ရေးအဖွဲ့များ၊ ဥပဒေဘက်တော်သား အမည်ခံများရဲ့ လာဘ်ပေးလာဘ်ယူမှု၊ ကြီးစိုးခြယ်လှယ်မှုများသာ ဖြစ်ပွားနေပါတယ်။ စီးပွားဖက် လုံခြုံရေး အပိုင်းမှာလဲ နည်းဗျူဟာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (tactical cooperation) နဲ့ တွေ့ဆုံညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု (negotiated cooperation) အပိုင်းတွေမှာ စည်းမျဉ်းနည်းလမ်းပေါင်းများစွာ ရှိနေပါတယ်။

ဒီလို စီးပွားရေးရာလုံခြုံမှု မရှိတဲ့အခါကျတော့ လူငယ်အများအပြား တိုင်းပြည်မှ ထွက်ခွာသွားပြီး ဦးနှောက် ယိုစီးမှု ပြဿနာ စတင်ပါတော့တယ်။ brain drain ပြဿနာကို ပြောပြီး၊ နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်တဲ့ ပညာတတ်လူငယ်များကို အပြစ်တင်ပြောဆိုပေမယ့် brain gain ဖြစ်အောင် နအဖဘက်က ဆောင်ရွက်ချက် တစုံတရာမှ မရှိပါဘူး။ စစ်တပ်ပညာတော်သင်များကို ပြည်ပ စေလွှတ် ပညာသင်ကြားမှုများပဲ ရှိပါတယ်။ ဒီလိုသင်ကြားစေရာမှာလဲ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပညာရပ်များမဟုတ်ပဲ စစ်အင်အား၊ စစ်အာဏာရှင်ယန္တရား ကာကွယ်ရေးဆိုင်ရာ ပညာရပ်များကိုပဲ သင်ကြားစေတာ ဖြစ်ပါတယ်။ စီးပွားရေးရာလုံခြုံမှုမရှိတဲ့အတွက် နောက်တချက်ဖြစ်ပွားလာတဲ့ ပြဿနာ ကတော့ လူကုန်ကူးမှု၊ လိင်ကျေးကျွန်ပြုမှု စတာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လိင်လုပ်သားများအဖြစ် အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်လုပ်ကိုင်သူများမှ အိတ်ခ်ျအိုင်ဗွီပိုးများ ကူးစက်ပျံ့နှံ့ မှုတွေ ဖြစ်လာပါတယ်။ ဒီလို လူကုန်ကူးမှုတွေ၊ ရောဂါပိုးပျံ့ပွားမှုတွေဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ကြီးစွာသော သက်ရောက်မှုတွေ ဖြစ်လာပါတယ်။

ဒါတွင်မက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းချောက်နေတဲ့ အကြီးမားဆုံး မြန်မာ့ရေးရာ ပြဿနာတရပ်ကတော့ မူးယစ်ဆေးဝါးကိစ္စပါ။ နအဖစစ်အုပ်စုဟာ “ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော” စိတ်ဓာတ်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေကို အားပေးဆောင်ရွက်နေပါတယ်။ နိုင်ငံတကာက ဖိအားပေးလာတဲ့အခါမှသာ ဟန်ပြဖျက်ဆီးရေးပွဲများ လုပ်ပြီး ကမ္ဘာကို မျက်လှည့် ပြနေတာပါ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ သတင်းကို ထောက်လှမ်းရယူနိုင်အောင် လူအင်အား၊ နည်းပညာ အကူအညီ စတာတွေနဲ အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ စစ်အုပ်စုဟာ တကယ်သာ ဒီလိုအင်အားတွေသုံးပြီး မူးယစ်နှိမ်နင်းရေး လုပ်ခဲ့မယ်ဆိုရင် မူးယစ်ဆေးဝါးထုတ်ဝေမှု၊ ဖြန့်ဖြူးမှုတွေကို မလွဲမသွေ ဖော်ထုတ်နိုင်မှာပါပဲ။ မျက်စိစုံမှိတ် အားပေးနေလို့သာ မြန်မာပြည်ဟာ ကမ္ဘာမှာ ဒုတိယ အများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် တည်ရှိနေတာပါ။ ဒီမြန်မာ့မူးယစ်ဆေးဝါး ပြဿနာဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်မှုတွေ အများကြီးဖြစ်နေစေပါတယ်။

ဒါကြောင့် နိဂုံးချုပ်ဆိုရရင်တော့ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုတဲ့အတိုင်း လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးဆိုင်ရာ မြန်မာ့ရေးရာ ပြဿနာ များဟာ နအဖစစ်အုပ်စု တည်ရှိနေခြင်းကြောင်း ဖြစ်ပွားနေတာပါ။ စစ်အာဏာရှင်ကြိုးဆွဲ ရုပ်သေး အရပ်သားအစိုးရ တက်လာရုံနဲ့လဲ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာ ပျောက်ကွယ်သွားမှာ ဖြစ်တာကြောင့် မြန်မာ့ပြည်သူလူထု လုံခြုံရေး၊ ကမ္ဘာသူ ကမ္ဘာသားများ လုံခြုံရေးတို့အတွက် နအဖစစ်အုပ်စုအား ပူးပေါင်းတိုက်ပွဲဝင်ကြပါစို့။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်တွဲလှုပ်ရှားကြပါစို့၊ လို့တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၁၈၊ ၁၁၊ ၂၀၀၈)

0 comments:

အပေါ်သို့