..............................

Friday, November 21, 2008

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပြုရန် လူငယ်များက စစ်အစိုးရထံ တင်ပြ

နိုဝင်ဘာလ 20 2008

ချင်းမိုင်။ ။နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို သူမ၏ ပါတီဝင် လူငယ်များက သွားရောက် ဂါရဝပြုလိုပါသဖြင့် ခွင့်ပြုပေးပါရန် စစ်အစိုးရကို စာဖြင့် တင်ပြ တောင်းဆိုလိုက်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယမန်နေ့က စာတိုက်မှတဆင့် ပေးပို့သောစာတွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါရန် မေတ္တာရပ်ခံထားသည်။

စာကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ဗဟန်းမြို့နယ် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ တို့အားလည်း မိတ္တူပေးပို့ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ် မြို့နယ်စည်းအဖွဲ့ဝင် ဦးအေးသွင်က "ဥပဒေ ဘောင်အတွင်းက နေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ ထုံစံအတိုင်း ပြုမှု ဆောင်ရွက်ချက်ကို တဖက် နအဖ က နေပြီးတော့ ခွင့်ပြုလိမ့်မယ်လို့ သူတို့က ယုံကြည်ပြီးတော့ အခုလို ပြုလုပ်လိုက်တာပါ'' ဟု မဇ္ဈိမကို ပြောသည်။

"အခုလို ပို့လိုက်တဲ့ အကြောင်းကြားစာတွေကို တဖက် အာဏာပိုင်တွေက နေပြီးတော့ ပြန်လည်တုံ့ပြန်မှု မရှိဘူးဆိုရင် သူတို့ကိုယ်တိုင်က ဒါကို ခွင့်ပြုတယ်လို့ သတ်မှတ်ပြီးတော့ ခြံရှေ့ကို သွားပြီးတော့ ဂါရ၀ပြုမှာပါ။ တကယ်လို့ အဲဒါကို ခွင့်ပြုတယ်ဆိုရင်လည်း မိခင် ဒေါ်အောင်ဆန်းစုကြည်ကြီးကို ပြန်လွှတ်ပေးပြီးတော့ အန်အယ်လ်ဒီ ပါတီရုံးချုပ်ကို လာပြီး ဂါရ၀ ပြုမှုကို ခံယူခွင့် ပေးဖို့ အဲဒီလို တောင်းဆိုလိုက်တာပါ" ဟု ပြောသည်။

မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူကို တွေ့ဆုံမည့် အစီအစဉ်ကို ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် သဘောကွဲထွက်လာသည့် လူငယ်အချို့က ဦးစီး ဆောင်ရွက်ခဲ့ကြသည်ဟု အတိုက်အခံလှုပ်ရှားသူများက ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက မြန်မာ့ဓလေ့ ဖြစ်နေသော်လည်း စစ်အစိုးရက ခွင့်ပြုမည့်လမ်းမမြင်ဟု ပြောသည်။

"အဲဒီလို အနေအထားမျိုးမှာ ခုနက လူငယ်တွေ လှုပ်ရှားမှုမျိုးကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားမှုမျိုးအနေနဲ့ ယူဆပြီးတော့ မြင်ပြီးတော့ ခွင့်ပြုမှာ မဟုတ်သလို တကယ်လို့ ခွင့်မပြုတဲ့အတွက် လူငယ်တွေက တုံ့ပြန်လာတယ် ဆိုရင်လည်း စစ်အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ သဘောရှိတယ် ကျနော် အဲဒီလိုပဲ မြင်တယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မေတ္တာရပ်ခံသည့် စာထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့မှ အရံအတားတွေကို ဖယ်ရှားပေးကာ ခြံဝန်းအတွင်းမှ အမှိုက်သရိုက်များကို စည်ပင်သာယာက ရှင်းထားပေးခြင်းအပေါ် ၀မ်းသာလျက်ရှိကြောင်း ပါရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ သံဆူးကြိုး အတားအဆီးများကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ဖယ်ရှားခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့