..............................

Sunday, November 16, 2008

မရှိတာထက် မသိတာခက်(ရွှေရည်စိမ်ဒီမိုကရေစီ)

ဂါမဏိ

နအဖက စစ်ကိုလိုနီအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုတော့မယ်လို့ ဆိုလာတဲ့အခါ မိုးသံ လေသံကြားရင် ဖားတွေအုံးအွမ်အော်သလို အချို့အချို့သော ပြည်တွင်းပြည်ပက အတွေ့ အကြုံ ရင့်ကျက်သူ၊ အကြားအမြင် ဗဟုသုတများသူဆိုတာတွေက “အခြေခံဥပဒေ လုံးဝမရှိတာ ထက်စာရင် အခြေခံဥပဒေ တခုခုရှိနေတာက တော်သေးတယ်” လို့ ဟောင်သံပေးလာတာတွေ ကြားရပါတယ်။
အမှန်ကတော့ တိုင်းပြည်တပြည်မှာ အခြေခံဥပဒေရှိမရှိထက် ပိုအဓိကကျတဲ့အချက်တွေ ရှိတာ ကိုသိဖို့က ပိုအရေးကြီးပါတယ်။

၁၉၄၂ ခု မတ်လမှာ ဂျပန်က ဗမာပြည်ကိုသိမ်းပိုက်ခဲ့ပြီး စစ်အုပ်ချုပ်ရေးချခဲ့ပါတယ်။ ဘာအခြေ ခံဥပဒေမှ မရှိခဲ့ပါဘူး။ ၁၉၄၃ သြဂုတ် (၁) ရက်မှာတော့ ဂျပန်က ဗမာနိုင်ငံတော်ကို “လွတ်လပ် ရေးပေး” လိုက်တဲ့အခါ အခြေခံဥပဒေတခုနဲ့ အုပ်ချုပ်စေပါတော့တယ်။ ဒါပေမယ့် အခြေခံဥပဒေ မရှိတာထက် စာရင်တော့ (၄၃) သြဂုတ်လ နောက်ပိုင်း အခြေခံဥပဒေ ရှိလာတာက ပိုကောင်း လာတယ်လို့ သမိုင်းမှာ ဘယ်သူမှ ကောက်ချက်ချတာမတွေ့ရဘဲ “ရွှေရည်စိမ်လွတ်လပ်ရေး” လို့ပဲ သမိုင်းတွင်ခဲ့ ပါတယ်။

၁၉၄၇ အခြေခံဥပဒေ ရှိတာဟာ မရှိတာထက်စာရင် တော်သေးတယ်လို့လဲ အပြည့်အဝ မပြော နိုင်ပါဘူး။ အထူးသဖြင့် ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်နဲ့ ပအို့ဝ်တိုင်းရင်းသားတွေအတွက် ဘယ်လိုမှ မမှန်ပါဘူး။ ဒါကြောင့်လည်း လွတ်လပ်ရေး ရပြီးတာနဲ့ လပိုင်းအတွင်းမှာ လက်နက်ကိုင်ခုခံ တော်လှန်ရတဲ့ အခြေ ဆိုက်သွားခဲ့ရပါတယ်။ နောက် (၁ဝ) နှစ်အကြာမှာလည်း ဒီ (၄၇) အခြေခံဥပဒေ ရှိနေတာ ဆိုးကျိုးပဲ ပိုဖြစ်လာလို့ ရှမ်းနဲ့ကချင်တိုင်းရင်းသားတွေက နောက်ထပ်လက်နက် စွဲကိုင် ခုခံ တော်လှန်ရပြန်ပါတယ်။ (၄၇) အခြေခံဥပဒေဟာ ဒီမိုကရေစီပိုင်းမှာလည်း ချို့ယွင်းချက် တချို့ရှိနေလို့ သတင်းစာတိုက်တွေ ရိုက်ချိုးတာတို့၊ ဗကပ၊ ပြည်သူ့ရဲဘော်နဲ့ တပ်မတော် အစိတ်အပိုင်းတချို့ လက်နက်ကိုင်ပုန်ကန်တာတို့ ဖြစ်ခဲ့ရတယ်။

၁၉၆၂ ခုမှာ နေဝင်း စစ်အုပ်စုက (၄၇) အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီး စစ်အစိုးရအဖြစ် (၁၁) နှစ်ကြာ အုပ်စိုးခဲ့ရာက ၁၉၇၄ ခုမှာ အခြေခံဥပဒေတခုကို ပြဋ္ဌာန်း၊ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်း အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာက ဘာမှပို မထူးကြောင်းကို ၁၉၇၄ မေ-ဇွန် အလုပ်သမားအရေးတော်ပုံ၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေး တော်ပုံ၊ ၁၉၇၅ ဇွန် ရွှေတိဂုံအရေးတော်ပုံ၊ ၁၉၇၆ မတ် မှိုင်းရာပြည့်အရေးတော်ပုံတွေက သက်သေပြခဲ့ပြီး၊ ရှိတာပိုမကောင်းတဲ့ တပါတီ အာဏာရှင် စနစ် အခြေခံဥပဒေကို နောက်ဆုံးမှာ (၈) လေးလုံး အရေးတော်ပုံကြီးက မြောင်းထဲလွှင့်ပစ်လိုက်ပါ တော့တယ်။

အခုတခါ လာပြန်ပါပြီ။ နအဖရဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကလည်း (၄၃) အခြေခံဥပဒေ၊ (၇၄) အခြေခံ ဥပဒေတွေနဲ့ မတိမ်းမယိမ်းဖြစ်တာကို တကယ်ပဲမသိကြတာလား။ အခြေခံဥပဒေ မရှိတာကိုမြင်သလို ဖြစ်လာမယ့်အခြေအနေတွေကို သိနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် ညောင်နှစ်ပင် အခြေခံဥပဒေရဲ့ အနာဂတ်ကို သိဖို့လိုပါတယ်။ ညောင်နှစ်ပင် အခြေခံဥပဒေရဲ့ အနှစ်သာရဟာ ၁၉၄၃ တုန်းကလို ဖက်ဆစ်အနှစ်သာရတွေပဲဖြစ်တာ၊ “ရွှေရည်စိမ်ဒီမိုကရေစီ” ကိုဘဲ ဦးတည်တာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ဒီထဲမှာ ဒီမိုကရေစီကို တိုက်ရိုက်ထိခိုက်တဲ့ မူတွေနဲ့ တိုင်းရင်းသားတန်းတူရေးကို တိုက်ရိုက် ထိခိုက်တဲ့မူတွေ ပါဝင်နေတယ်။

စစ်တပ်ကြီးစိုးရေးအခြေခံမူတွေက အခန်း (၁) နိုင်ငံတော်အခြေခံမူများမှာ အပိုဒ်(၂-စ) အမျိုး သား နိုင်ငံရေးမှာ စစ်တပ်ကအမြဲဦးဆောင်ရေး၊ အပိုဒ် (၆-ဃ) လွှတ်တော်တွေမှာ ရွေးကောက် မခံရတဲ့ စစ်သားတွေ လေးပုံတပုံပါရေး၊ အပိုဒ် (၇-ဂ) ကာကွယ်ရေးလုံခြုံရေး နယ်စပ်ဒေသရေး ရာတာဝန်တွေကို စစ်သားတွေကသာ ထမ်းဆောင်ရေး၊ အပိုဒ် (၉-ခ၊ ဂ၊ ဃ၊ င၊ စ)နဲ့ အပိုဒ် (၂၈-က၊ ခ၊ ဂ) တရားဝင် စစ်တပ်ကြီးစိုးခွင့်၊ အာဏာသိမ်းခွင့်၊ အခန်း (၅)အုပ်ချုပ်ရေးမှာ အပိုဒ် (၂-က-၂၊ ခ) (၃-ခ) (၂၂-က-၂၊ ခ) (၃၄-ဃ-၂) (၃၅-ဂ-၃) ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် ရေးရာဝန်ကြီး ဒုဝန်ကြီးနေရာများကို စစ်သားများခန့်ခြင်း၊ အပိုဒ် (၅-ဂ-၂) (၂၄-ခ-၂) စစ်သား ဝန်ကြီး ဒုဝန်ကြီး ထုတ်ဖြုတ်ရာမှာ တပ်ချုပ် အဓိက ကျခြင်း၊ အပိုဒ် (၅-စ-၂) (၂၄-ဃ-၂) ဝန် ကြီး ဒုဝန်ကြီး ခန့်ခံရတဲ့ စစ်သား တပ်ကထွက်ဖို့ မလိုခြင်း၊ အခန်း (၇) တပ်မတော်မှာ အပိုဒ် (၂) (၃) (၄) (၅) (၆) (၁ဝ) စစ်တပ်၏တရားဝင်ကြီးစိုးခွင့်၊ အပိုဒ် (၇) (၈) (၉) (၁၂) တပ်ချုပ်ရဲ့ အဆင့်အတန်း သတ်မှတ်ချက်၊ အခန်း (၁၁) အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များမှာ အပိုဒ် (၉) (၁ဝ) အရေးပေါ် အခြေအနေကြေညာရင် တပ်ချုပ်ကိုအာဏာအပ်ရခြင်း။

ဒီမိုကရေစီဆန့်ကျင်ရေးအခြေခံမူတွေက အခန်း(၁) နိုင်ငံတော်အခြေခံမူများ မှာ အပိုဒ်(၇-က) နိုင်ငံ့ အုပ်ချုပ်ရေး အကြီးအကဲဟာ သမ္မတဖြစ်ခြင်း၊ အခန်း (၃) နိုင်ငံတော်အကြီးအကဲမှာ အပိုဒ် (၄-ဃ၊ င၊ စ၊ ဆ) သမ္မတ အရည်အချင်း သတ်မှတ်ချက်များ၊ အပိုဒ် (၅-က၊ ခ၊ င) သမ္မတနဲ့ ဒု သမ္မတရွေးချယ်ပုံ၊ အခန်း (၄) ဥပဒေပြုရေးမှာ အပိုဒ် (၂-က၊ ခ) (၃) (၄) (၁၃) (၂၃-ဃ)(၃၄- ဈ) လွှတ်တော်တွေမှာ ရွေးကောက် မခံရတဲ့ စစ်သားအမတ် တမတ်သားပါခြင်း၊ အပိုဒ် (၁၁-က-၂) (၁၉-ခ) လွှတ်တော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကော်မတီကို ရွေးကောက်မခံ စစ်သားအမတ် များနဲ့ ဖွဲ့စည်းခြင်း၊ အပိုဒ် (၃၃-ခ၊ ည) (၃၅-ခ၊ ဂ) (၃၇-က၊ ခ) လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ပုံများ၊ အခန်း (၅) အုပ်ချုပ်ရေးမှာ အပိုဒ် (၁-က၊ ဂ) နိုင်ငံအုပ်ချုပ်ရေး အကြီးအကဲဟာ သမ္မတဖြစ်ခြင်းနဲ့ အစိုးရအဖွဲ့မှာ သမ္မတ ဒုသမ္မတများပါခြင်း၊ အပိုဒ် (၂-က-၁) (၃-က) အမတ်မဟုတ်သူများ အပါအဝင် ဝန်ကြီးနှင့်ဒုဝန်ကြီးများကို သမ္မတက ရွေးချယ်ခြင်း၊ အပိုဒ် (၂-ဂ) (၂၂-ဂ) သမ္မတရဲ့ ဝန်ကြီးလောင်းစာရင်းကို လွှတ်တော်က ငြင်းခွင့်မရှိခြင်း၊ အပိုဒ် (၂-ဆ) (၇-င) ဝန်ကြီးများနဲ့ ရှေ့နေချုပ်ဟာ သမ္မတကို တာဝန်ခံရခြင်း၊ အပိုဒ် (၃၅-ဂ-၂) မြို့တော် ကောင်စီကို သမ္မတက ခန့်ခြင်း၊ အပိုဒ် (၃၅-ဌ) ထွေအုပ်ဦးစီးမှူးဟာ မြို့တော်ကောင်စီ အတွင်းရေးမှူး ဖြစ်ခြင်း၊ အပိုဒ် (၃၇) (၃၈) ခရိုင် မြို့နယ် ရပ်-ကျေးအုပ်ချုပ်ရေးကို ရွေးကောက် မခံ အစိုးရဝန်ထမ်းတွေ၊ ရိုးရိုးလူတွေအား တာဝန်ပေးခြင်း၊ အခန်း (၆) တရားစီရင်ရေးမှာ အပိုဒ် (၂-ဂ-၁၊ ၂၊ ၃) (၂-ဃ-၁၊ ၂၊ ၃) သမ္မတက တရားသူကြီးချုပ်နဲ့ တရားရုံးချုပ်တရားသူကြီးများ ခန့်ခြင်း၊ အပိုဒ် (၄) သမ္မတက တရားသူကြီးချုပ်နဲ့ တရားသူကြီးများကို စွဲချက်တင်ရာထူးဖြုတ် နိုင်ခြင်း၊ အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေးများမှာ အပိုဒ် (၁ဝ) (၁၃) (၁၅) (၂၄) (၂၅) (၃၁) (၃၅) ကြိုတင်စည်းကမ်း သတ်မှတ် ချက်ဖြင့်သာ လွတ်လပ်ခွင့်၊ လုံခြုံခွင့်၊ အဓမ္မလုပ် အားမပေးခွင့်၊ ပညာသင်ခွင့်၊ ကျန်းမာရေး စောင့်ရှောက် ခံခွင့်၊ ပိုင်ဆိုင်ခွင့်၊ ၂၄ နာရီထက်ကျော် လွန်ချုပ်နှောင် မခံခွင့်ရှိခြင်း၊ အခန်း (၁၁) အရေးပေါ် ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များမှာ အပိုဒ် (၁) (၃-၊ ခ) (၄-ခ) (၈) သမ္မတက လွှတ်တော်သဘောမပါဘဲ အရေးပေါ်အခြေအနေနှင့် စစ် အုပ်ချုပ်ရေးကြေညာနိုင်ခြင်း၊ တပ်ချုပ်ကို အာဏာလွှဲနိုင်ခြင်း၊ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းမှာ အပိုဒ် (၄-က၊ ခ) စစ်သားအမတ် (၂၅) ရာခိုင်နှုန်း ပါတဲ့ လွှတ်တော် ထဲမှာ အမတ် (၇၅) ရာခိုင်နှုန်းကျော်သဘောတူမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခြင်း။ တိုင်းရင်းသား ဖိနှိပ်ရေးအခြေခံမူတွေက အခန်း(၁) နိုင်ငံတော်အခြေခံမူများမှာ အပိုဒ်(၄-ခ၊ ဂ) (၆-ဂ) လွှတ်တော် တခုစီရှိတဲ့ တိုင်းဒေသကြီး (၇) ခုထားခြင်း၊ အခန်း (၂) နိုင်ငံတော် ဖွဲ့စည်း တည်ဆောက်ပုံမှာ အပိုဒ် (၂) (၃) ပြည်နယ်နဲ့အဆင့်တူ တိုင်းဒေသကြီး (၇) ခုထားခြင်း၊ အပိုဒ် (၄) (၁၁) ပြည်နယ်-ကိုယ်ပိုင် အုပ်ချုပ်ရေးစီရင်စု အမည်ပြောင်းရာမှာ သက်ဆိုင်ရာလွှတ်တော် အခန်းကဏ္ဍမပါခြင်း၊ အပိုဒ်(၅-ခ) ဘယ်နယ်မြေကိုမဆို သမ္မတတိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေအဖြစ် ကြိုက်သလိုသတ်မှတ် နိုင်ခြင်း၊ အပိုဒ် (၇) ခွဲထွက်ခွင့် မရှိလို့ ပြဋ္ဌာန်း ထားခြင်း၊ အပိုဒ်(၉) ပြည်နယ်နယ်နိမိတ်သတ်မှတ်ရာမှာ ပြည်ထောင်စုလွှတ်တော်အတည်ပြု ချက်လိုခြင်း၊ အခန်း (၄) ဥပဒေပြုရေးမှာ အပိုဒ် (၁၉-ဂ) လိုအပ်မှသာ တိုင်းရင်းသားလူမျိုးများ အရေး လွှတ်တော်ကော်မတီကို ကာလသတ်မှတ် ဖွဲ့စည်းခွင့် ရှိခြင်း၊ အခန်း (၅) အုပ်ချုပ်ရေးမှာ အပိုဒ် (၁-ဃ) လူမျိုးစုရေးရာဝန်ကြီး သို့မဟုတ် ပြည်နယ်ရေးရာ ဝန်ကြီးမထားခြင်း၊ အပိုဒ်(၂၁-င၊ စ) ပြည်နယ်ဝန်ကြီးချုပ်ကို (ပြည်နယ်အမတ်များထဲမှ) သမ္မတက ရွေးချယ်ခန့်အပ်ခြင်း၊ အပိုဒ် (၂၂-ဌ) ပြည်နယ်ဝန်ကြီးချုပ်ဟာ သမ္မတကို တာဝန်ခံရခြင်း၊ ပြည်နယ် ဝန်ကြီးများဟာ ပြည်နယ် ဝန်ကြီးချုပ်မှ တဆင့် သမ္မတကို တာဝန်ခံရခြင်း၊ အပိုဒ် (၂၆) (၃၄-ဍ) ထွေအုပ်ဦးစီးမှူးဟာ ပြည်နယ် အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဦးစီးအဖွဲ့ အတွင်းရေးမှူးဖြစ်ခြင်း၊ အခန်း (၈) နိုင်ငံသား များ၏ မူလ အခွင့်အရေးများမှာ အပိုဒ် (၂၃) ကြိုတင် စည်းကမ်းသတ်မှတ်ချက်ဖြင့်သာ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်း ဆောင်ရွက်ခွင့်ရှိခြင်း၊ ပြည်နယ် ဥပဒေပြုအာဏာပိုင်းမှာလည်း အရေးမပါတဲ့ အာဏာ များသာရှိခြင်း။

တကယ်တော့ ဒီမူတွေအားလုံးကို ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးက တခဲနက် ပယ်ချ လိုက်ပြီး ဖြစ်ပါတယ်။ လူထုဆန္ဒကို ပေးခဲ့ပြီးဖြစ်ပါတယ်။ ၁၉၈၈ တုန်းက မောင်နေဝင်းရဲ့ ပါတီစုံ ကြိုက်သလား၊ တပါတီ ကြိုက်သလား၊ လူထုဆန္ဒခံယူပွဲ လုပ်မယ်ဆိုတာကို (၈) လေးလုံးအရေးတော်ပုံကြီး က ပယ်ချလိုက်သလိုပါပဲ။ ဒီတော့ ဆန္ဒပေါ်လွင်ပြီးသား ဖြစ်နေတာကို ဆန္ဒခံယူပွဲလုပ်မယ် ဆိုကတည်းက မရိုးမသားကလိမ်ကကျစ်လုပ်ဖို့ သက်သက်ပဲဖြစ်ပါတယ်။ မဲလိမ် မဲခိုးမှာ လုံးဝသေချာနေပါတယ်။
ကျနော်တို့တာဝန်က ပြည်သူလူထုက ကန့်ကွက်မဲပေးအောင် စည်းရုံးပညာပေးလှုံ့ဆော်ဖို့ မလိုပါဘူး။ ပြည်သူလူထုဟာ ညောင်နှစ်ပင် အခြေခံဥပဒေ အူဘယ်နှခွေရှိတယ်ဆိုတာ နောကျေနေပါပြီ။ ဒါကြောင့် နအဖ မဲလိမ်မဲခိုးတာကိုပဲ ဆန့်ကျင်တိုက်ပွဲဝင်ဖို့၊ ဖော်ထုတ်ဖွင့်ချပစ်ဖို့ လိုပါတယ်။ ဆန္ဒခံယူပွဲ အောင်နိုင်ရေး ကော်မတီတွေ ဖွဲ့စည်းမယ်ဆိုရင် အနှစ်သာရအားဖြင့် မဲခိုး မဲလိမ် ဆန့်ကျင် တိုက်ဖျက်ရေးကော်မတီတွေ ဖြစ်စေရပါမယ်။ ပြည်သူလူထုကြီးရဲ့ဆန္ဒက ညောင်နှစ်ပင် အခြေခံဥပဒေကို လုံးဝလက်မခံဘူး။
“ရွှေရည်စိမ်ဒီမိုကရေစီ” ကို မလိုချင်ဘူးဆိုတာ အင်မတန်သေချာနေပါတယ်။ ၉ဝ ရွေးကောက်ပွဲ တုန်းက လိုပဲ တကယ်တမ်း ဒီမိုကရေစီကျ လွတ်လပ်တရားမျှတတဲ့ ဆန္ဒခံယူပွဲဆိုရင် ကန့်ကွက်မဲက သေချာပေါက် အပြတ်အသတ်များ ရပါလိမ့်မယ်။ ဒါကြောင့် ညောင်နှစ်ပင် အခြေခံဥပဒေ ထောက်ခံမဲက ကန့်ကွက်မဲထက် ပိုများနေမယ်ဆိုရင်တော့ မဲလိမ် မဲခိုးတာ လုံးဝ ရာနှုန်းပြည့် သေချာပါတယ်။ ဒါ့ကြောင့် ဒီလို မဲ မသမာတာ ကို လူထုအင်အားနဲ့ ဆန့်ကျင် တိုက်ခိုက်ဖို့ဘဲ ဦးတည်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ မဲခိုးမှုဖြစ်လာရင် (ခိုးဖို့ကလည်း လုံးဝသေချာပါ့) လူထုအားလုံးဟာ ဖိလိပိုင်၊ ယူကရိန်း၊ ဆားဘီးယား၊ ဂျော်ဂျီယာ နိုင်ငံတွေမှာ လုပ်ခဲ့သလို တခဲနက် အုံကြွကြ ဖို့ပဲဖြစ်ပါတယ်။

နောက်တခု သတိထားဖို့က နအဖဟာ ၁၉၉ဝ ကတည်းက သူတို့ရှုံးလို့ အာဏာ လွှဲမပေးခဲ့တာ ဖြစ်တော့ ဒီတခါလည်း အတိုက်အခံဘက်က နိုင်တာကိုခံမှာမဟုတ်ပါဘူး။ ညောင်နှစ်ပင်ဥပဒေ ပယ်ချခံရလည်း (၉ဝ) ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို အာဏာလွှဲပေးမှာ မဟုတ်ပါဘူး။

နောက်ထပ် ညောင်နှစ်ပင် မျက်လှည့်ပွဲ အပိုင်း (၂) ထပ်လုပ်ပြီး ဇာတ်မျောကြီး ဆက်ကအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍များ ကံကောင်းထောက်မပြီး တရားမျှတ လွတ်လပ်တဲ့ ဆန္ဒခံ ယူပွဲဖြစ်သွားလို့ ပြည်သူ လူထုဘက်က နိုင်သွားရင်တော့ (၉ဝ) ပြည့်နှစ်နိုင်တုံးကလို၊ ဖုတ်သွင်း ရထားဆိုက်မှာကို ကိုယ့်အိမ်ထဲကနေ မိန့်မိန့်ကြီးထိုင်စောင့်နေလို့မဖြစ်ပါဘူး။ လူနာအမဲခြောက် ဖုတ်တောင်းသလို တကျီကျီ တောင်းနေလို့လည်း မကိုက်ပါဘူး။ ကိုယ့်ရဲ့အောင်သီးအောင်နှံကို ကိုယ့်လက်ထဲ ပိုင်ပိုင်ရောက်အောင် လူထုအားနဲ့ တိုက်ပွဲဆင်ရယူရမှာ ဖြစ်ပါတယ်။ မဲထည့်ပြီး ပြီးရောလုပ်လို့ မဖြစ်ပါဘူး။ ကျနော်တို့ဟာ နအဖထက် ရှေ့ကို နှစ်ကွက် သုံးကွက်လောက်ကြိုမြင်ထားဖို့ လိုပါတယ်။ အိမ်ထဲက မထွက်ဘဲ ဆန္ဒခံယူပွဲကို လုံးဝသပိတ်မှောက်ဖို့ ဒါမှမဟုတ် ညောင်နှစ်ပင် အခြေခံဥပဒေကို ကန့်ကွက်မဲ ပေးပယ်ချဖို့ထက် လူထုအင်အားစုဝေးခွင့်နဲ့ လူထုတိုက်ပွဲဆင်နိုင်တဲ့ အကြောင်း ပြစရာ အချက်အလက် အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်အသုံးချဖို့က ပိုအရေးကြီးပါတယ်။

0 comments:

အပေါ်သို့