..............................

Friday, December 14, 2012

လုပ်ခ ထိုင်းဘတ် ၃၀၀ ရရှိရေး မြန်မာ အလုပ်သမားများ တောင်းဆိုရန် လှုံ့ဆော်

သန်းထိုက်ဦး
December 14, 2012

ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ထိုင်း အလုပ်သမားများ နည်းတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ (ကျပ် ၇၈၀၀ ကျော်) ရရှိစေရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ရန် အလုပ်သမား အရေး ဆောင်ရွက်နေသူများက တိုက်တွန်းထားသည်။

ထိုင်း အခြေခံဥပဒေ၊ နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဌာန်းထားချက်အရ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့် များသည် ထိုင်းနိုင်ငံသားများ သာမက ထိုင်းတွင်ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ထိုင်းနိုင်ငံရှိ အလုပ်သမားများကို တနေ့ လုပ်အားခ ၃၀၀ ပေးမည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာန အတည်ပြု ခဲ့ပြီးနောက်ပိုင်း အလုပ်သမား ခေါင်းဆောင်များမှ တဆင့် လှုံဆော်မှုများ ပြုလုပ်ထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် အခြေခံ အလုပ်သမား အခွင့်အရေး ပညာပေးဌာန (GHRE) ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။

“တနေ့ ၃၀၀ မပေးဘူး ဆိုရင်တော့ အလုပ်သမားတွေကို ပြောထားတယ်၊ အလုပ်သမားတွေက တောင်းဆိုရမယ်၊ နီးစပ်ရာ အလုပ်သမား ရုံးတွေမှာ အကြောင်းကြားရမယ်။ နောက် မြန်မာသံရုံးကိုလည်း အကြောင်းကြားဖို့ အဲဒီလိုမျိုး လှုံဆော်ထားတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းတနိုင်ငံလုံး အတိုင်းအတာနှင့် မြန်မာနိုင်ငံသားများကို မလှုံ့ဆော်နိုင်သော်လည်း GHER အဖွဲ့အစည်း အနေနှင့် ထိုင်းတောင်ပိုင်းရှိ ပြည်နယ် ၆ ပြည်နယ်တွင် မြန်မာ အလုပ်သမားနှင့် ပတ်သက်သည့် သင်တန်းများ ပေးနေသည့် ခေါင်းဆောင်များမှ တဆင့် တိုက်တွန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ထိုင်းနိုင်ငံအတွင်းရှိ ၆ မြို့နယ်ကို တရက်လုပ်ခ ဘတ်ငွေ ၃၀၀ ပေးရန် ထိုင်း အစိုးရက အတည်ပြုပေးခဲ့သော်လည်း တချို့ ပြည်နယ်များတွင် မြန်မာနိုင်ငံသားများ အကျိုးခံစားခွင့် မရကြကြောင်း ဦးထူးချစ်က ရှင်းပြသည်။

“ပေးတာ မပေးတာ သူတို့အပိုင်း၊ အလုပ်သမားတွေ အနေနဲ့ တခြား အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေနဲ့ ပေါင်းပြီးတော့ တောင်းဆို ရမယ်။ နောက်တခု မြန်မာအစိုးရ ကိုလည်း ထိုင်းအစိုးရကနေပြီးတော့ ပြဌာန်းထားတဲ့ ဟာကို လုပ်ငန်းရှင်တွေ လိုက်နာအောင် တောင်းဆိုမှုတွေ တဖြည်းဖြည်း လုပ်သွားရမှာပေါ့” ဟု ၎င်းက ဆိုသည်။

တနေ့ လုပ်အားခ ဘတ် ၃၀၀ သတ်မှတ်ချက်တွင် အချိန်ပို ပါဝင်မှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား တချို့က ၎င်းတို့နှင့် ဘတ် ၃၀၀ အစီအစဉ် သက်ဆိုင်လိမ့်မည် မဟုတ်ဟု ပြောဆိုနေကြသည်။

“ပေးမယ်ဆိုရင် ကျမတို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် ပေးမယ်လို့တော့ သတင်းကြားတယ်၊ သေချာ မသိရသေးဘူး” ဟု ဘန်ကောက်မြို့အနီးရှိ စက်ချုပ် လုပ်ငန်းတခုတွင် လုပ်ကိုင်နေသည့် လတ်တလော တနေ့ လုပ်အားခ ဘတ် ၂၃၀ ရရှိသည့် မြန်မာအမျိုးသမီးတဦးက ပြောသည်။

တချို့ အလုပ်ရုံကြီးများတွင် မြန်မာအလုပ်သမားများလည်း တနေ့ ဘတ် ၃၀၀ ရရှိနေကြပြီဟု ကြားသိရကြောင်း သူက ဆက်ပြောသည်။

နေ့တွက်ခ ဘတ် ၃၀၀ ပေးရန် ထိုင်းအစိုးရက သတ်မှတ်လိုက်သော်လည်း မြန်မာအလုပ်သမား အများအပြား တည်ရှိရာ မဲဆောက်မြို့တွင် စက်ရုံတရုံကသာ သတ်မှတ်ချက်အတိုင်း ပေးမည်ဟု ကြေညာထားကြောင်း မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုထွေးနိုင်က ပြောသည်။

“လုပ်ငန်းရှင် တော်တော်များများက တနေ့ (ဘတ်) ၃၀၀ ပေးရမယ့်ကိစ္စနဲ့ သူတို့ ၃၀၀ ပေးရမယ့် အတူတူ လက်ရှိ စက်ရုံ ၂ ရုံမှာရှိတဲ့ အလုပ်သမားတွေ အားလုံးကို ခေါ်သွားပြီးတော့ ဘန်ကောက်မှာ သွားဖွင့်ဖို့အတွက် ပြောင်းသွားတာ ၂ ရုံရှိတယ်။ ကျန်တဲ့စက်ရုံ အများစုကလည်း ၃၀၀ ပေးမယ်ဆိုတဲ့ စက်ရုံကတော့ တော့ဟောင်းဆိုတဲ့ စက်ရုံတရုံပဲ တရားဝင် ကြေညာထားတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မဲဆောက်မြို့ရှိ လုပ်ငန်းရှင်များအနေနှင့် ယင်းအစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြရန် စီစဉ်ထားသည်ဟု ကြားသိရကြောင်းလည်း ကိုထွေးနိုင်က ဆက်ပြောသည်။

“မဲဆောက်မြို့ရဲ့ အခြေအနေကတော့ အရင်ကတည်းကလည်း ဘယ်လိုပဲ ထိုင်းနိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခံတွေကို ဘယ်လောက် သတ်မှတ် သတ်မှတ်၊ မဲဆောက်မှာ အဲဒီအခြေအနေ ပေးမှာမဟုတ်ဘူး၊ လုပ်ငန်းရှင် အများစုကလည်း ဒီလိုအခြေအနေမျိုးကို လုံးဝ ကျေနပ်မှု မရှိဘူး။ အခု သတင်းထွက်နေတာက လုပ်ငန်းရှင် အများစုကနေ ဒီ ၃၀၀ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြဖို့အတွက် တိုင်ပင်ဆွေးနွေးနေတယ်လို့ သတင်းကြားတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများကို ဖမ်ဆီးပြီး သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့မည့် အရေး ယူမှုကိုလည်း ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ပိုင်း စတင်ပြုလုပ်မည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ကြေညာထားသည်။

ထိုင်း အစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် (Nationality Verification Process – NVP) အရ နောက်ဆုံး သတ်မှတ် ပေးထားသော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို အရေးယူ သွားမည်ဟု သိရသည်။

ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားစိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ ၆ လ သက်တမ်း တိုးရန် ထိုင်းအစိုးရက ခွင့်ပြုပေးထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတဝန်း ဆောက်လုပ်ရေး၊ အိမ်အကူ၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့များက ခန့်မှန်းထားကြသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့