..............................

Thursday, October 4, 2012

KNU ထိပ်တန်း ခေါင်းဆောင် သုံးဦး တာဝန်မှ ရပ်စဲခံရ

ဟင်္သာနီ (မွန်မြေ)
ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ ဘားအံ့မြို့ ဗဟို ဆက်သွယ်ရေးရုံး ဖွင့်ပွဲကိစ္စ၊ အဖွဲ့အစည်း အတွင်း တင်းမာမှုကြောင့် ကရင် အမျိုးသား အစည်းအရုံး KNU ၏ ထိပ်တန်း ခေါင်းဆောင် သုံးဦးအား တာဝန်မှ ရပ်စဲလိုက်သည်ဟု KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ၊ ဗဟို ကော်မီတီဝင် ဖဒိုအောင်မော်အေး က ပြောသည်။

“ကျနော်တို့ ကြားတယ်၊ ရပ်ဆိုင်းလိုက်တယ်လို့။ အများ သဘောနဲ့ လုပ်တာ မဟုတ်ဘူး။ ညီညွတ်ရေးကို ရှေးရှူတဲ့ အနေနဲ့ ဒါကို ပြန်လည် နားလည်မှု ယူရဦးမယ် လို့ပဲ မြင်တယ်။ မလုပ်သင့်သေးတဲ့ အရာတခုကို လုပ်လိုက်တယ်လို့ ပြောချင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ လူမှု ဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဌာန တာဝန်ခံ ပဒိုရောဂျာခင်၊ တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား တွဲဘက် အတွင်းရေးမှူး (၁) ဖဒိုလှငွေ၏ လက်မှတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သူဟု ဆိုသည်။

ထိုသို့ ထိပ်တန်းခေါင်းဆောင် သုံးဦးအား တာဝန်မှ ရပ်စဲရန်အတွက် စက်တင်ဘာလ ၂၇ ရက်နေ့ ကတည်းကပင် ဗဟို အလုပ် အမှုဆောင် အစည်းအဝေးမှ ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်သည်ဟုလည်း သိရှိရသည်။

တာဝန်မှ ရပ်စဲလိုက်သည့် စစ်ဦးစီးချုပ် နေရာအား ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးမြ ၏ တူတော်သူ တပ်မဟာမှူး (၅) မှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲနှင့် စောရော်ဂျာခင် နေရာအား ဖဒိုအယ်ကလူရွှေဦး အား ခန့်အပ်ရန် လျာထားပြီး စောဒေးဗစ်ထော နေရာတွင် မည်သူအား ခန့်အပ်မည်ကို မသိရှိရသေးဟု ဖဒိုအောင်မောင်အေး က မဇ္ဈိမကို ပြောသည်။

“အဲဒီလို ရပ်စဲလိုက်တယ်ဆိုတာကိုတော့ ကျနော်တို့ လက်မခံဘူး။ အကြောင်းရင်း အတိအကျကို မဖော်ပြဘဲနဲ့ အခုလိုမျိုး ဒီလိုပဲ လုပ်လိုက်တယ် ဆိုတော့ လက်မခံနိုင်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဗဟိုကတော့ အခုထိ ကျနော်တို့ဆီကို ပြောပြ ဖြေရှင်းတာမျိုး မရှိသေးဘူး” ဟု ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဘားအံ့မြို့၌ KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ် ခဲ့ခြင်းမှာလည်း အပစ်အခတ် ရပ်စဲရေးကို ခိုင်ခိုင်မာမာ ဖြစ်အောင် ကြံဆောင်ယူဆ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လုပ်ဟန် အမှားသာ ဖြစ်သည်ဟု ဗဒိုအော်မော်အေး က ဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က KNU နှင့် KNLA ဗဟို စစ်ဌာနချုပ်အား အသိမပေးဘဲ KNU ၏ ဗဟိုအဆင့် ဆက်ဆံရေး ရုံးအား စစ်ဦးစီးချုပ်က သွားရောက် ဖွင့်လှစ်ခဲ့ခြင်းသည် အဖွဲ့တွင်း သဘောထား ကွဲလွဲမှု မဟုတ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး က မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြား ခဲ့ပြီးဖြစ်သည်။

ယခုကိစ္စနှင့် စပ်လျဉ်း၍ နော်စီဖိုးရာစိန် နှင့် အတွင်းရေးမှူး (၁) ဖဒိုလှငွေ တို့အား စုံစမ်းမေးမြန်းရန် အတွက် မဇ္ဈိမမှ ဆက်သွယ်ရန် ကြိုးစား ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့