..............................

Wednesday, October 3, 2012

လေဘေးထည် နိုင်ငံရေး

ကေသွယ်
October 2, 2012

အပြောင်းအလဲတွေက၊ လေမုန်တိုင်း တခုလို။
ပြောရရင်တော့.. မြစ်ဝကျွန်းပေါ် ဒေသကို တညတည်းနဲ့ မထင်မှတ်ထားပဲ ၀င်မွှေသွားတဲ့ နာဂစ်မုန်တိုင်း လိုပါပဲ။ မြန်မာ ပြည်ရဲ့ နိင်ငံရေး နယ်နိမိတ် တလျှောက်၊ တနှစ်လောက် အတွင်းမှာပဲ၊ မထင်မှတ်ရခက်.. ထင်မှတ်ရခက်စွာ၊ ၀င်ရောက် တိုက်ခတ် နေလေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်ရဲ့ တွေ့ဆုံမှု။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလှည့်အပြောင်း။ အဲ့ဒီနောက်မှာ၊ ၂၀၀၈ အခြေခံ ဥပဒေကြီး၊ ဖွင့်ထွား စွင့်ကားလာခြင်း။ မကြောက်တရားတွေ ထမ်းပိုးလို့၊ ပြန်လည် လွတ်မြောက်လာတဲ့၊ နိုင်ငံရေး အကျဉ်းသားများ။ အကြောက် တရားတွေ ခ၀ါချ နိုင်လာတဲ့၊ (ဒေါ်စုပြောသလို ) တမိုင်လောက်ဝေးသူ များရဲ့ အုတ်အော်သောင်းနင်း တက်ကြွမှုများ။ ရွေးကောက် တင်မြှောက်သော လွှတ်တော် အမတ်များ၊ ရွေးချယ်စရာ နည်းပါး သော၊ လွှတ်တော်အမတ်များ၊ ၈၈ မူလ လက်ဟောင်းများ.. လက်ကျန်များ.. လက်သစ်များ၊ ပြည်တော်ဝင်များ.. ပါတီဝင် များ စသည်ဖြင့်၊ မြန်မာ့နိုင်ငံရေးကြီး ပြန်လည် အသက်ဝင် လှုပ်ရှား လာခဲ့သည်။

မြန်မာပြည်တ၀ှမ်းလုံးက နိုင်ငံရေး နိုးကြားလာမှုတွေကလည်း တရက်တလေတောင် မနားတော့လောက်အောင် သတင်း များက ဖတ်လို့မကုန်။ လိုက်လို့ မကုန်။ ရခိုင်အရေး၊ မြစ်ဆုံအရေး၊ ကျောင်းသားသမဂ္ဂ ပြန်လည် တည်ဆောက်ရေး၊ ရန်ကုန် တက္ကသိုလ် ပြန်ဖွင့်ရေး၊ ကချင် ဒုက္ခသည်အရေး၊ ရခိုင် ဒုက္ခသည်အရေး၊ လက်ပတောင်းတောင် အရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့် အရေးက အစ သမ္မတထောက်ခံရေး၊ သမ္မတ ကြိုဆိုရေး အထိ ‘ဒို့အရေး’ တွေ တိုးတက် များပြားလာသည်။ လှုပ်ရှား တက်ကြွ သူတွေကလည်း အဖြူရောင် တွဲလက်၊ ခရမ်းရောင် ကွန်ယက်၊ အပြာရောင် တီရှပ်၊ အစိမ်းရောင် ပရော ဂျက်ဆိုပြီး၊ ပန်းနုရောင် ဒီမိုကရေစီ နောက်ခံ ပန်းချီကားပေါ်မှာ အရောင်စုံစုံ စုပ်ချက်ကြမ်းကြမ်းနှင့် ခပ်သွက်သွက် ဆေးစက်ခြယ်ကြလေသည်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေချိန်တက်နေပုံက နိုင်ငံ နယ်နိမိတ်ကိုတောင်ကျော်လို့။ ဥရောပ အမေရိကန် ကမ္ဘာ တလွှားက၊ လှုပ်လှုပ်ရှားရှား ၀မ်းသာအယ်လဲ ဖြစ်ကြရတဲ့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပ ခရီးစဉ်ကြီးတွေ၊ မိန့်ခွန်းတွေ၊ မေးခွန်း တွေ။ အဲဒီ မိန့်ခွန်းတွေလိုပဲ မြန်မာပြည် အကြောင်း ထဲ့ပြောသွားတဲ့၊ သမ္မတ အိုဘားမားရဲ့ ကုလသမဂ္ဂ အဖွင့်မိန့်ခွန်း။ အီရန် သမ္မတ အမဒင်နာဂျပ်နဲ့ အပြိုင်၊ ကမ္ဘာက စိတ်ဝင်တစား နားထောင် လိုက်ရတဲ့၊ မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့် ခွန်း။ လူတွေမှာလည်း ဒီရက်တွေမှာ၊ မိန့်ခွန်းတွေ မထပ်အောင် မပြတ်အောင် နားထောင်ရင်း၊ မိန့်မိန့်မူးမူးတွေပင် ဖြစ် လုမတတ်။

လှိုင်းလူးသလို မိန့်မူး နေရတာက၊ မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူမူတွေက၊ အကန့်အသက်နဲ့ ဖြစ်သွားလိုက်၊ တ၀က် ပွင့်သွားလိုက်၊ တပေါက် ပွင့်သွားလိုက်၊ အပြည့် ပွင့်သွားလိုက်နဲ့ ၊ ခေါင်းမူးအောင် လိုက်ဖတ်နေရသည်။ နှစ်ပေါင်း နှစ် ဆယ်လောက် ပိတ်ဆို့ ခံထားခဲ့ရတဲ့၊ ကမ္ဘာကျော် ယုံကြည်ချက် အကျဉ်းသူကြီးက၊ ပိတ်ဆို့မူတွေ ဖွင့်ပေးဖို့၊ ပြေရာပြေ ကြောင်း ဆော်သြဆောင်ရွက်ပေးခဲ့ တာကိုပဲ၊ သူတို့ ကိုယ်တိုင် သွားပြောဆိုလာခဲ့လိုက် လိုလို။ တကမ္ဘာလုံးက ကြည်ညို ချစ်ခင် လေးစား ယုံကြည်ရတဲ့ မျက်နှာတခုကို ထောက်ပြီး၊ ‘ယုံကြည်ပါတယ်’ လို့ ဆိုလို့၊ အဖက်လုပ် ဆက်ဆံ ခံရတာကို ပဲ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုတောင် ရတော့မလိုလို၊ နယူးယောက်ကို တကူးတက ပြန်လာပေးရတဲ့၊ ဒေါ်အောင်ဆန်းစု ကြည် ကိုပဲ၊ အာဏာပါဝါ နဲ့ ကြိမ်စကြာ ရိုက်ခေါ်သလိုလို၊ သူတို့ကိုပဲ ခရီးဦး ဂါရ၀ လာပြုသလိုလို၊ လိုလိုတွေ များလွန်း နေသည်။

နိုင်ငံတော်သမတကြီးကို အမကြီး ဒေါ်အောင်ဆန်းစုကြည်က လာပြီးတော့ ဂရိ လုပ်တာပါနော်.. အရင်တုန်းကလို မ ဟုတ်ဘူး .. ကျနော်တို့က.. အရင်တုန်းက မျက်နှာချင်းဆိုင်တဲ့ အလုပ် မလုပ်ဘူး ခုတော့ မောင်နှမလိုပဲ လာတယ် နှုတ် ဆက်တွေ့ဆုံကြတယ်… ဆိုတဲ့ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ရဲ့ RFA အင်တာဗျုးက၊ ဘာလိုနေမှန်း မသိသော၊ ဘာလိုလို။

စစ်သားတွေကို လူတယောက်ချင်းအဖြစ် မမြင်ဘဲ၊ စစ်အာဏာရှင်စနစ်လို့ပဲ မြင်ပုံရတဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဟာ၊ ‘ကျမ စစ်ဗိုလ်ချုပ်ကြီးတွေ တော်တော်များများကို သဘောကျပါတယ်’ လို့ ဖြေလိုက်လို့ စီအန်အန် သတင်းထောက် အမန်ပွါ အံ့သြတကြီး ဖြစ်သွားရသလို၊ လူအတော်များများလည်း ဖြစ်ခဲ့ကြပါသည်။ ဘာပဲ ဖြစ်ဖြစ် ဟီလာရီ ကလင်တန် ပြောသလို၊ လူသတ်သမားတွေလို့တောင် ခေါ်လို့ရတယ်ဆိုတဲ့ တချိန်က အာဏာရှင်တွေနဲ့ အခုအချိန်မှာ အလုပ်တွဲလုပ် ဖို့ သဘောထားကြီးကြီးထားတဲ့၊ ကျင့်ဝတ်သိက္ခာအပြည့်နဲ့ ခေါင်းဆောင်တယောက်ကို၊ အားလုံး ၀န်းရံထောက်ခံ ဖို့သာ ပင်။ ဒေါ်အောင်ဆန်းစုကြည်က၊ စစ်ဗိုလ် စစ်သားတွေ မတရားခဲ့တာကို မတရားခဲ့တဲ့အတိုင်း၊ ထောက်ပြ ပြောခဲ့သလို၊ စစ်ဗိုလ်စစ်သားတွေအပေါ်မှာ သူ သံယောဇဉ်ရှိတာကိုလည်း၊ အခါအခွင့်သင့်တိုင်း၊ ပြောလေ့ရှိသည်ပင်။ သူမ ဘက်က၊ မြန်မာ့တပ်မတော်နဲ့ ပတ်သတ်သမျှအပေါ်မှာ၊ ဟောင်းဟောင်း သစ်သစ် ကောင်းကောင်း ဆိုးဆိုး၊ တဖက်သတ် မေတ္တာ နဲ့၊ ခွင့်လွှတ်ပေး.. လက်ကမ်းပေးနေပေမဲ့၊ တဖက်က၊ စစ်ဗိုလ်ကြီးတွေတဖြစ်လဲ၊ သမ္မတကြီးတွေ၊ ၀န်ကြီးတွေ ကရော..။

တကယ်တော့ သူတို့တွေလည်း ဒေါ်အောင်ဆန်းစုကြည်ကို မလေးစား အားမကျဘဲ နေမယ်မဟုတ်ပါဘူး။ အနည်းဆုံး တော့၊ ဗိုလ်မှူး အောင်လင်းထွတ် ဖော်ကောင် လုပ်သလို၊ ဒီအမျိုးသမီး မလွယ်ဘူးဆိုတာမျိုး ၊ အရှိန်အ၀ါကို လန့်ကြမှာ တော့ သေချာသည်။ အရင်တုန်းက မျက်နှာချင်း မဆိုင်ခဲ့တဲ့ သူကို၊ အခု မျက်နှာချင်းဆိုင်တဲ့အခါ၊ ဘယ်လောက် ရိုးသား မှုနဲ့ အမှန်တရားနဲ့ ဆက်ဆံကြမလဲ။ မစု ပိန်သွားတယ် ဆိုတာလောက်နဲ့တော့ ရိုးသားတယ် မဆိုနိုင်ပေ။

ဘီဘီစီ သတင်းသမား စတီဖင် ဆော့ကာ ကတော့ဖြင့်၊ ဦးသိန်းစိန် ရဲ့ အသံခပ်တိမ်တိမ်ထဲကို၊ ချွန်မြတဲ့ မေးခွန်းတွေနဲ့ ခပ်နက်နက် တူးဆွ ရှာဖွေခဲ့သည်။ ဆယ်စုနှစ် နှစ်ခုစာလောက် နေအိမ် အကျယ်ချုပ်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ၊ နှစ်ပေါင်းများစွာ၊ အကျဉ်းထောင်တွေမှာ၊ အပြင်မှာ ဘ၀တွေ ကျေပျက်ခဲ့ရတဲ့ ပြည်သူတွေအပေါ် တောင်းပန်ဖို့ ရှိပါသလား တဲ့။ ဒီမိုကရေစီ အစစ်ဆီကို တကယ်သာ သွားကြတော့မယ်ဆိုရင်၊ ဖြစ်ပြီးခဲ့တဲ့ အမှားအယွင်းတွေအပေါ်မှာ၊ တောင်းပန်ဖို့ နောင်တရဖို့ မရှိဘူးလား တဲ့။ စူးရှလိုက်တဲ့ မေးခွန်းတွေ။ အားရစရာ ကောင်းလိုက်ပါပေါ့။

ဒါပေမဲ့ သမ္မတ ရဲ့ အဖြေတွေကတော့ အားရစရာ မကောင်းခဲ့ပါ။ အမှန်တရားကို မဖော်ပြနိုင်တဲ့၊ မ၀န်ခံရဲတဲ့၊ ဝေ့လည် ကြောင်ပတ် အသံအက်အက် အဖြေများသာ။ ပြန်လည်သင့်မြတ်ခြင်းဆိုတဲ့ ပန်းတိုင် တခု ဆီကို ရောက်ဖို့၊ အပြစ်ဖြေ ၀န်ခံခြင်းနဲ့၊ ကျေအေး လက်ခံခြင်းဆိုတဲ့ အဆင့်တွေ မပါဘဲ သွားလို့မရဘူးဆိုတာကို၊ အားလုံး မေ့များနေကြပြီလား။ တဖက်က မေ့ချင်ယောင်ဆောင် နေတာကို၊ တဖက်ကလည်း တောင်းဆိုဖို့ မ၀ံ့မသာ ဖြစ်နေလေရော့သလား။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ် တာဝန်ရှိသူ ဒေါ်တင်ထားဆွေ ရဲ့ မေးခွန်းတွေကလည်း၊ တာဝန်ကျေကျေ ရဲရဲတင်းတင်း၊ လူ့အခွင့်အရေး ကိစ္စကို မီးမောင်းထိုးသွားသည်။ သို့ပေမဲ့၊ မီးမောင်းကို အကြည့်လွှဲ သွားသူကတော့၊ ကျနော် အခုန ပြော ခဲ့သလို.. နှင့်ပင်၊ ပြီးသွားခဲ့သည်။

အဖြေရခက်တဲ့ မေးခွန်းတွေတဲ့။ ဟုတ်ပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုကနေ ကင်းကွာနေခဲ့တဲ့ လူတစုအတွက်၊ ရိုး သားမှု နဲ့ ၀န်ခံမှုမပါရင် ဖြေလို့ကို မရနိုင်တဲ့ သိပ်ကိုခက်တဲ့ မေးခွန်းတွေမို့၊ တကယ်ဆိုရင်၊ ဘာမေးခွန်းမှ အမေးမခံဘဲ၊ အရင်တုန်းက၊ ခေါင်းဆောင်ကြီးလို၊ အသံတိတ်နေတာကပဲ၊ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အခုတောင်၊ သမ္မတ ကို၊ ဘီဘီစီ က မမေးခင်မှာ၊ ဘေးမှာဝိုင်းရံနေတဲ့ အရာရှိတွေထဲက၊ အဆင့်မြင့် မြန်မာအကြံပေး တယောက်က၊ သူ့ကို ခပ် လှမ်းလှမ်းကို ခဏ ခေါ်သွားပြီး၊ အကယ်လို့ မေးခွန်းတွေကို မကြိုက်လို့ရှိရင် သမ္မတကို မဖြေခိုင်းဘူး လို့ ဈေးစစ်တဲ့ အ ကြောင်း၊ စတီဖင် ဆော့ကာ က၊ “ ဖြစ်နိုင်ချေ မရှိသော ပြုပြင်ပြောင်းလဲရေးသမား” ဆိုတဲ့၊ ဆောင်းပါး အတိုတပုဒ်မှာ ရေးသားထားပါတယ်။ ဒါဆို.. သမ္မတ ကို အကြံပေးတယောက်က ထိန်းချုပ်နိုင်ခွင့် ရှိတယ်တဲ့လား။

RFA အစီအစဉ်ကနေ .. “ ဒ်ါအောင်ဆန်းစုကြည် ဆိုလည်း ခင်ဗျားတို့ သိတဲ့အတိုင်း .. အနှစ် နှစ်ဆယ်လုံး တောက် လျှောက် ဆန့်ကျင်နေခဲ့တဲ့ အနေအထားကနေ…” ဆိုတဲ့ အဖြေတပိုင်းတစဟာ၊ ဆီသုတ်ထားပါတယ်ဆိုတဲ့ စကားလုံး တွေထဲကနေ၊ ကွက်ကျန်ခဲ့တာများလား။ ပြည်သူတွေ တခဲနက်ဆန္ဒပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ … လို့ရော၊ ဘယ်လို ယုံကြည်မှုနဲ့ ရဲရဲတင်းတင်း ပြောနိုင်ခဲ့တာလဲ။ နာဂစ်ကာလ ပြည်သူတွေရဲ့ တခဲနက် နာကျင်မှုတွေကိုများ၊ အသုံးအနှုံး လွဲခဲ့လေသလား။ သွေးထွက်သံယိုမရှိတဲ့ ငြိမ်းငြိမ်းချမ်းချမ်း စိမ်းစိမ်းလန်းလန်း ပြောင်းလဲမှု ဖြစ်စဉ်လို့ ကမ္ဘာ က အတော်များများ မျက်စိလျှမ်း ပြောနေသလို၊ သမ္မတ လည်း၊ မျက်စိလျှမ်းပုံ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က တော့ ဒီနေရာမှာ မျက်စိ မလျှမ်းသလို၊ သတိလည်း မမေ့ခဲ့ပါဘူး။ အခု အပြောင်းအလဲဟာ ၁၉၈၈ ကတည်းက စတင်ခဲ့ တာ ဖြစ်ပြီး၊ ကြားထဲမှာ ၂၀၀၇ ခုနှစ် သံဃာတော်လှန်ရေးကိုလည်း ထဲ့တွက်ရမှာ ဖြစ်တဲ့အတွက်၊ သွေးထွက်သံယိုမှု မရှိဘူးဆိုတာ၊ မဟုတ်ပါဘူးလို့… ကိုလံဘီယာ တက္ကသိုလ်က အမေးအဖြေ တခုမှာ၊ အတိအလင်းကို ထောက်ပြသွားခဲ့ သည်။

ဘီဘီစီ သတင်းထောက် ခေါင်းစဉ်ပေးထားသလို.. ဖြစ်နိုင်ချေ မရှိတဲ့ ပြုပြင်ပြောင်းလဲရေး သမားလား.. နောက်ပြန်မ ဆုတ်တော့မဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေလား ဆိုတာကတော့၊ မိမိသဘော ဆန္ဒရှိသလို သုံးသပ်ကြည့် ကြဖို့ပင်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြောသည်။ အခု ဖြစ်စဉ်တွေကို လူတွေ သံသယ ရှိနေမယ်ဆိုတာ နားလည်လက်ခံ လို့ရပါတယ်.. အကြိမ်ပေါင်းများစွာ အလိမ်ခံခဲ့ရတာတွေလည်း ရှိခဲ့တယ် ဒါပေမဲ့၊ အဲဒီ သံသယတွေက၊ ရှေ့ဆက်ရမဲ့ လမ်းခရီးအတွက် အနှောင့်အယှက် အဟန့်အတားတွေ မဖြစ်သင့်ဘူး ဆိုတဲ့ သဘောထားပေးထားလေ တော့… ကဲ..ဘာတတ်နိုင်မလဲ.. ဒီလိုပဲ တရွေ့ရွေ့ တိုးပြီး၊ ဒီမိုကရေစီကို ချဲ့ထွင်သွားကြယုံသာ။

ဘာပဲ ဖြစ်ဖြစ်.. ဒို့တာဝန် အရေးသုံးပါးကို လျှော်ဖွပ် မီးပူတိုက်ထားတဲ့ အဟောင်းထည် စကားလုံး..သဘောထား အမြင် တွေ ကြားထဲမှာ၊ ပိုက်စိပ်တိုက် ရှာနိုင်ရင်တော့၊ အသစ်နီးပါး ကောင်းလှတဲ့၊ အဟောင်းထည်လေး တချို့ ရချင်ရနိုင်မည် လို့ မျှော်လင့်ပါသေးသည်။ ခပ်လတ်လတ် လေဘေးထည်လေးတွေ ဆိုရင်ပဲ၊ နိုင်ငံရေး မုန်တိုင်းကြမ်းကြီးတွေ အောက် က၊ ပြန်လည် ထူထောင်စ၊ မြန်မာနိုင်ငံလေးအတွက်၊ သင့်တော် လှပါပြီ။

နိုင်ငံတကာက၊ ၀ိုင်းဝန်းကူညီကြတဲ့၊ ငွေကြေးရံပုံငွေတွေ၊ အဖွဲ့အစည်းတွေ၊ ရင်းနှီးမြုပ်နှံမှုတွေ၊ လေဘေးထည်တွေလို ဈေးကွက်ထဲ ရောက်မသွားဖို့ကိုတော့၊ နာနာ ဆုတောင်းရပေတော့မည်။

Ref: နေ့သစ်

0 comments:

အပေါ်သို့